လက်ရှိမှာ ရိုးမားကို ကိုင်တွယ်နေတဲ့ နည်းပြ မော်ရင်ဟိုက သူ့ရဲ့ ဘဝသက်တမ်း တစ်လျှောက်လုံးမှာ ရီးရဲလ်မက်ဒရစ်ကိုသာ အမြဲတမ်းအားပေးခဲ့ကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ပေါ်တူဂီလူမျိုးနည်းပြကြီးက ရှေ့ဆက်ပြီးတော့လည်း ရီးရဲလ်မက်ဒရစ်ကိုသာ အားပေးသွားမယ်လို့ ပြောကြားလိုက်ပါတယ်။
မော်ရင်ဟိုဟာ ရီးရဲလ်မက်ဒရစ်ရဲ့နည်းပြဟောင်းတစ်ယောက်ဖြစ်ပြီး အဆိုပါ မက်ဒရစ်မြို့ခံအသင်းနဲ့အတူ (၂၀၁၂) ခုနှစ်မှာ လာလီဂါအမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ဖူးပါတယ်။ မော်ရင်ဟိုဟာ နည်းပြဘဝမှာ ချဲလ်ဆီး၊ အင်တာမီလန်၊ ယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်တို့လို ထိပ်တန်းအသင်းကြီးတွေကို ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြပါ။
မော်ရင်ဟိုက “လူတိုင်းမှာ သူ့အမြင်နဲ့သူ ရှိကြပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကျွန်တော် အလုပ်တွဲလုပ်ခဲ့ဖူးသမျှ အသင်းတိုင်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိခဲ့ပါတယ်။ ပေါ်တူဂီမှာ ကျွန်တော် မက္ကဆီကန်လူမျိုး ရီးရဲလ်မက်ဒရစ်ပရိသတ်တစ်ယောက်နဲ့ တွေ့ခဲ့ပါတယ်။ သူ့ကို ကျွန်တော့်ကို တွေ့တော့ ပျော်ပျော်ရွှင်ရွှင်ပဲ နှုတ်ဆက်တာပါ”
“ကျွန်တော်ကလည်း အမြဲတမ်း ရီးရဲလ်မက်ဒရစ်ကို အားပေးခဲ့ပြီး ရှေ့လျှောက်လည်း ရီးရဲလ်မက်ဒရစ်ကိုပဲ ထာဝရအားပေးသွားမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ မော်ရင်ဟိုဟာ အန်ဆယ်လော့တီကို ရီးရဲလ်မက်ဒရစ်မှာပဲ နည်းပြအဖြစ် ဆက်လက်မြင်တွေ့လိုကြောင်း ပြောကြားခဲ့ဖူးပါသေးတယ်။
ဒါ့အပြင် အန်ဆယ်လော့တီရဲ့ လက်ရှိနည်းပြဘဝကိုလည်း မော်ရင်ဟိုက ချီးကျူးပြောကြားခဲ့သေးပြီး သူ့ရဲ့ ပရိသတ်တွေအတွက်ရော၊ ရီးရဲလ်မက်ဒရစ်ပရိသတ်တွေအတွက်ပါ အန်ဆယ်လော့တီက ထိပ်တန်းနည်းပြဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ မော်ရင်ဟိုဟာ လက်ရှိမှာ ရိုးမားကို ကိုင်တွယ်နေပြီး ဥရောပပြိုင်ပွဲအားလုံးမှာ ချန်ပီယံဖြစ်ဖူးတဲ့ တစ်ဦးတည်းသောနည်းပြအဖြစ်လည်း မှတ်တမ်းဝင်ထားပါတယ်။