မက်ဆီက ခြေစွမ်းပြခဲ့တာပါ။

ဒီနေ့မနက်အစောပိုင်းမှာ ကစားသွားခဲ့တဲ့ အင်တာမိုင်ယာမီနဲ့ နက်ရှ်ဗေးလ်တို့ရဲ့ ကွန်ကာကပ်ဖ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ အင်တာမိုင်ယာမီက ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ အင်တာမိုင်ယာမီက အယ်လ်ဘာ၊ ဆွာရက်ဇ်၊ ဘူးစကွက်စ်၊ မက်ဆီတို့နဲ့ လူစုံပါဝင်ခဲ့ပါတယ်။



ဒီပွဲဟာ ရှုံးထွက် (၁၆) သင်းအဆင့်ပွဲစဉ်ဖြစ်ပြီး ပထမအကျော့ နက်ရှ်ဗေးလ်ရဲ့ အိမ်ကွင်းမှာ ကစားခဲ့တုန်းက နှစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ဒီပွဲမှာ ပွဲစကတည်းက အင်တာမိုင်ယာမီတို့ လူစုံတက်စုံနဲ့ ဖိဖိစီးစီး ကစားခဲ့ပြီး သွင်းဂိုးတွေလည်း ရရှိခဲ့တာပါ။
အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲကစားချိန် (၈) မိနစ်မှာ ဆွာရက်ဇ်က မက်ဆီရဲ့ ဖန်တီးမှုကတစ်ဆင့် ဂိုးသမားနဲ့တစ်ယောက်ချင်းအတွေ့မှာ အမှားအယွင်းမရှိ ကန်သွင်းယူခဲ့ပါတယ်။ အဲ့ဒီနောက် ပွဲကစားချိန် (၂၃) မိနစ်မှာ မက်ဆီက အသင်းအတွက် ဒုတီယမြောက်ဂိုးကို သွင်းယူပေးခဲ့ပြီး အင်တာမိုင်ယာမီတို့ ဖိအားကင်းကင်းနဲ့ ကစားနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာ အင်တာမိုင်ယာမီအတွက် ရော်ဘတ်တေလာက နောက်တစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ပွဲပြီးခါနီးမှ ချေပဂိုးတစ်ဂိုးပေးခဲ့ရပါတယ်။ အဲ့ဒါကြောင့်လည်း အင်တာမိုင်ယာမီတို့ ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး မက်ဆီ ပြန်ပါလာတာနဲ့ အင်တာမိုင်ယာမီတို့ နိုင်ပွဲပြန်ရတာကလည်း တိုက်ဆိုင်မှုတော့ မဟုတ်ပါဘူး။

ဒီပွဲမတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ မေဂျာလိဂ်ပွဲမှာ အင်တာမိုင်ယာမီတို့ မွန့်ရီယဲယ်ကို ၂-၃ ဂိုးနဲ့ အရေးနိမ့်ခဲ့သလို နက်ရှ်ဗေးလ်နဲ့ ပထမအကျော့ရလဒ်ကြောင့်လည်း နှစ်ပွဲဆက် နိုင်ပွဲပျောက်ခဲ့ရတာပါ။ အခုတော့ အင်တာမိုင်ယာမီတို့ နိုင်ပွဲပျောက်ဆုံးမှုကို ရပ်တန့်နိုင်ခဲ့သလို ကွန်ကာကပ်ဖ်ချန်ပီယံလိဂ်မှာလည်း ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က