ရော်နယ်ဒိုရဲ့ ပရိသတ်တွေကတော့ မနေ့ညက မွန်နာစတဲနဲ့ အယ်လ်နာဆာတို့ရဲ့ပွဲမှာ အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ရော်နယ်ဒိုနဲ့ ပတ်သက်လို့ ချီးကျူးနေကြပါတယ်။ ရော်နယ်ဒိုဟာ မနေ့ကပွဲမတိုင်အထိ ဆက်တိုက်ဂိုးပေါက်ပျောက်ခဲ့ပြီး မွန်နာစတဲနဲ့ပွဲမှသာ ဂိုးပေါက်တွေ့ခဲ့တာပါ။
ရော်နယ်ဒိုက အသင်းအတွက် ဂိုးကို အသင်းဖော်ကစားသမားရဲ့ ဖြတ်တင်ပေးပို့မှုကတစ်ဆင့် ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုအနေနဲ့ ပြီးခဲ့တဲ့ရာသီကြို ခြေစမ်းပွဲတွေမှာ ဆက်တိုက် ဂိုးပေါက်ပျောက်ခဲ့ပြီး အယ်လ်နာဆာကလည်း ဥရောပထိပ်တန်းအသင်းကြီးတွေနဲ့ ကစားခဲ့တဲ့နေရာမှာ နိုင်ပွဲပျောက်ဆုံးခဲ့ပါတယ်။
တစ်ဖက်က မက်ဆီတစ်ယောက် အင်တာမိုင်ယာမီမှာ ဂိုးသွင်းခြေစွမ်းပြနေချိန် ရော်နယ်ဒိုတစ်ယောက် ဒါမျိုး ခြေစွမ်းပျောက်ဆုံးနေတာက သူ့အတွက် ဖိအားဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မနေ့က တစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့နောက်မှာတော့ ရော်နယ်ဒိုရဲ့ ပရိသတ်တွေက သူတို့ရဲ့ ထုံးစံအတိုင်း ရော်နယ်ဒိုကို အမွှန်းတင်လာခဲ့ကြတာပါ။
ပရိသတ်တွေက “ရော်နယ်ဒိုက အသက် (၃၈) နှစ်အထိ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်နေဆဲပါ။ Siuuu” “ရော်နယ်ဒိုက ထာဝရခေါင်းတိုက်အကောင်းဆုံး ကစားသမားတစ်ယောက်ပါပဲ” “အယ်လ်နာဆာက မာနေး ရောက်လာတာကို စောင့်နေတုန်း ရော်နယ်ဒိုက တစ်ရာသီကို ဂိုး (၅၀) သွင်းတော့မှာပါ” “လေထဲမှာတောင် တော်တော်တိကျတဲ့ ကစားသမားပဲ”
“အယ်လ်နာဆာရေ… အခု ငါတို့လိုအပ်နေတာ ဗဟိုနောက်ခံလူပဲရှိတော့တယ်” လို့ အမျိုးမျိုး ချီးကျူးမှတ်ချက်ပြုခဲ့ပါတယ်။ အယ်လ်နာဆာဟာ ဘိုင်ယန်မြူးနစ်တိုက်စစ်ကစားသမား မာနေးကိုလည်း ခေါ်ယူတော့မှာဖြစ်ပြီး လာမယ့်ရာသီမှာ မာနေး၊ ရော်နယ်ဒိုတိုက်စစ်အတွဲကို မြင်တွေ့ရဦးမှာပါ။