ပြင်သစ်ကားကုမ္ပဏီ Renault Group ရဲ့ ဟိုက်ဒရိုဂျင်ပါဝါနဲ့ မောင်းနှင်နိုင်မယ့် ပထမဆုံးကားကို ဥရောပဈေးကွက်မှာ ဖြန့်ချိသွားမယ်လို့ ဆိုပါတယ်။
Renault ကားကုမ္ပဏီအနေနဲ့ လျှပ်စစ်ယာဉ်တွေကို ပိုပြီး အဆင်ပြေစေမယ့် ရွေးချယ်စရာစွမ်းအင်အနေနဲ့ ဟိုက်ဒရိုဂျင်ပါဝါသုံး ကားကို မိတ်ဆက်ခဲ့တာပါ။ Renault Scenic Vision ဟာ ဟိုက်ဒရိုဂျင်အင်ဂျင် ၊ လျှပ်စစ်မော်တာ ၊ ဘက်ထရီ ၊ လောင်စာဆဲလ်နဲ့ ဟိုက်ဒရိုဂျင်ကန်တို့ ပါဝင်ပြီး ၂.၅ ကီလိုဂရမ်ဆန့် ကန်ဟာ ကားရဲ့ ရှေ့ခြမ်းပိုင်းမှာ ရှိပြီး အပြည့်ဖြည့်သွင်းဖို့ ၅ မိနစ်ဝန်းကျင် ကြာမယ်လို့ ကုမ္ပဏီက ဆိုပါတယ်။
ChangeNOW Summit မှာ ပြသခဲ့တဲ့ Scenic Vision Concept ကားမှာ ၄၀ kWh ဘက်ထရီပါပြီး Recycle လုပ်နိုင်မယ့် ဒီဘက်ထရီကို ပြင်သစ်က စက်ရုံမှာ လာမယ့် ၂၀၂၄ ခုနှစ်က စလို့ ထုတ်လုပ်သွားဖို့ ရှိပါတယ်။ Renault ဒီဇိုင်းဒါရိုက်တာ ဂီးလက်စ် ဗီဒယ်ကတော့ ဒီ concept ကားဟာ ၂၀၂၄ အတွက် Scenic ၁၀၀% လျှပ်စစ်မော်ဒယ်သစ် အပြင်ဒီဇိုင်းနမူနာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကုမ္ပဏီအနေနဲ့ လျှပ်စစ်-ဟိုက်ဒရိုဂျင်ပါဝါလိုင်းတွေဟာ ၂၀၃၀ အလွန် ရေရှည်ဗားရှင်းရဲ့ အစိတ်အပိုင်းဖြစ်တယ်လို့လည်း ပြောထားပါတယ်။ Scenic Vision ရဲ့ ဟိုက်ဒရိုဂျင်လောင်စာဆဲလ်ဟာ ယာဉ်ရဲ့ ခရီးဝေးသွားနိုင်မှုအကွာအဝေးကို ပိုတိုးချဲ့ပေးနိုင်မှာပါ။ လျှပ်စစ်ကားတွေရဲ့ တစ်ခါအပြည့် အားသွင်းထားချိန် မောင်းနှင်နိုင်မယ့် မိုင်နှုန်းဟာ ၃၀၀ ပဲ ရှိပေမယ့် နောက်ဆယ်စုနှစ်အတွင်း ထွက်လာမယ့် ဟိုက်ဒရိုဂျင်ကားတွေရဲ့ ပါဝါဟာ မိုင် ၅၀၀ အထိ သွားနိုင်မယ်လို့လည်း ကုမ္ပဏီက ဆိုပါတယ်။
"၂၀၃၀ နဲ့ အလွန် ဟိုက်ဒရိုဂျင်ရုံကွန်ရက်တွေ အလုံအလျောက် တိုးချဲ့ပြီးတာနဲ့ ဘက်ထရီအားသွင်းဖို့ ရပ်စရာ မလိုဘဲ ကီလို ၈၀၀ (မိုင်ပေါင်း ၄၉၇ မိုင်ကျော်) မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။" လို့ Renault က ပြောပါတယ်။
ကားဟိုက်ဒရိုဂျင်အားသွင်းရုံအရေအတွက်ဟာ လက်ရှိမှာ အတော်ပဲ နည်းနေပြီး အင်္ဂလန်မှာတောင် ဟိုက်ဒရိုဂျင်အားသွင်းရုံ ၁၁ ရုံပဲ ရှိတယ်လို့ ဆိုပါတယ်။ ဟိုက်ဒရိုဂျင် အားသွင်းရုံကွန်ရက်တွေ များပြားလာတာနဲ့အမျှ ဟိုက်ဒရိုဂျင်ပါဝါနဲ့ မောင်းတဲ့ ကားတွေ ပိုပြီး ထွက်ရှိလာဖို့ ရှိပါတယ်။ လောလောဆယ် ဟိုက်ဒရိုဂျင်စွမ်းအင်သုံးကားတွေကို ဂျပန်နဲ့ ကိုရီးယားကားကုမ္ပဏီတွေကပဲ အများဆုံး ထုတ်လုပ်နေတာ ဖြစ်ပါတယ်။
ကိုရီးယား Hyundai ကားကုမ္ပဏီစာ ဟိုက်ဒရိုက်ဂျင်စွမ်းအင်သုံး SUV ယာဉ်တစ်မျိုးဖြစ်တဲ့ Nexo ကို ထုတ်လုပ်ပြီး Toyota ကတော့ ၂၀၁၄ ခုနှစ်ကတည်းက Mirai ဆီဒင်မော်ဒယ်ကို ထုတ်လုပ်နေတာ ဖြစ်ပါတယ်။