နှစ် (၄၀)ကျော်တဲ့အထိ စားသုံးသူ အခိုင်အမာရထားတဲ့ဆိုင်လေးပါ။

ရန်ကုန်မြို့ရဲ့ သက်တမ်းရင့် ထမင်းပေါင်းဆိုင်တွေထဲ ကတစ်ခုဖြစ်သလို နှစ်ပေါင်း (၄၀) ကျော် ကြာတဲ့အထိ ဒီနေ့အချိန်ထိ စားသုံးသူတွေ ကြိတ်ကြိတ်တိုး အားပေးနေတာကတော့ ဦးကျော်ကြီးထမင်းပေါင်းဆိုင်ပါ။



တစ်ပွဲ (၃)ကျပ်ခေတ်က စခဲ့တဲ့ ဦးကျော်ကြီးထမင်းပေါင်း

ဦးကျော်ကြီးထမင်းပေါင်းဆိုင်ကို (၁၉၈၀) ဝန်းကျင်လောက်က ဆိပ်ကမ်းသာလမ်းထောင့်က လျှပ်စစ်ရုံးနားမှာ ဆိုင်ခန်းလေးနဲ့ စတင်ရောင်းခဲ့တာပါ၊ အဲဒီခေတ်အခါတုန်းက ကျော်ကြီးထမင်းပေါင်းလို့ အမည်ပေးထားပြီး ထမင်းပေါင်းတစ်မျိုးတည်း စရောင်းခဲ့တာပါ။ အခုတော့ ဦးကျော်ကြီး ကွယ်လွန်သွားပြီးနောက် တပည့်ဖြစ်သူတွေက ဒီဆိုင်လေးကို ဆက်လက်ဦးစီးနေပြီး အရသာကို ဆက်လက်ထိန်းထားနိုင်ဆဲဖြစ်တာကြောင့် လူကြိုက်များတဲ့ ထမင်းပေါင်းဆိုင်လေးပါ။

“ အခုတော့ ကျွန်တော်တို့ ဆရာ ဆုံးသွားတော့ တပည့်တွေ ဆက်လက်ဦးစီးနေတာပေါ့။ တစ်ပွဲ (၃) ကျပ်ခေတ်ကတည်းက ရောင်းခဲ့တာပါ။ ဆိပ်ကမ်းသား‌လမ်းထောင့်မှာ ကျော်ကြီးထမင်းပေါင်းဆိုပြီး စခဲ့တာ။ အခုတော့ ဦးကျော်ကြီးထမင်းပေါင်း ပေါ့” လို့ လက်ရှိဆိုင်ကို ဦးစီးနေသူက ဆိုပါတယ်။

ဒဂုံအေး၊ မောင်ငွေထမင်းပေါင်းတို့နဲ့ ခေတ်ပြိုင် ဦးကျော်ကြီးထမင်းပေါင်း

ရန်ကုန်မြို့မှာ သက်တမ်းကြာရှည်ပြီး နာမည်ကြီးတဲ့ ဒဂုံအေးထမင်းပေါင်း၊ မောင်ငွေ ထမင်းပေါင်း တို့ဟာ ဦးကျော်ကြီးထမင်းပေါင်းတို့နဲ့ ခေတ်ပြိုင်တွေ ဖြစ်ကြပါတယ်။ ကျောက်ပန်းတောင်းသားတွေ ဖြစ်ကြတဲ့သူတို့ဟာ ရန်ကုန်မြို့ကို တက်လာပြီး ထမင်းပေါင်းဆိုင်လေး တွေ စဖွင့်ခဲ့ရာကနေ အခုတော့ ရန်ကုန်မြို့ရဲ့ နာမည်ကျော် ထမင်းပေါင်းဆိုင်တွေ ဖြစ်လာခဲ့ပါပြီ။

“ ဦးကျော်ကြီးရော ၊ မောင်ငွေထမင်းပေါင်းရော ၃၉ လမ်းက ဒဂုံအေး ထမင်းပေါင်းရော တူတူတွေပဲ။ တစ်ရွာတည်းသားတွေ ရန်ကုန်ကို တူတူတက်လာကြပြီးတော့ထမင်းပေါင်းဆိုင်လေးတွေ စလုပ်ကြတာ။ အခုတော့ ဒီဆိုင်တွေက နောက်မျိုးဆက်တွေ ဆက်လက်လုပ်ကိုင်ကြတာပေါ့ ’’ လို့ ဆိုပါတယ်။

တစ်ပွဲ (၃) ကျပ်ခေတ်ကနေ တစ်ပွဲ (၁၅၀၀) ခေတ်သို့ရောက်လာ

ထမင်းပေါင်းတစ်ပွဲကို မှ ကြက်သား၊ ဝက်သားနဲ့ ဘဲသားတို့နဲ့ ရနိုင်ပြီး တစ်ပွဲကိုမှ (၁,၅၀၀) ကျပ်သာ ကျသင့်ပါတယ်။ ကုန်ဈေးနှုန်းတွေ မြင့်တက်နေပေမယ့်လည်း စားသုံးသူတွေ အဆင်ပြေပြေစားနိုင်အောင်ဆိုတဲ့ စိတ်နဲ့ လူတိုင်းတတ်နိုင်တဲ့ ဈေးလေးနဲ့ပဲ ရောင်းချတာဖြစ်ပါတယ်။

“ လူတိုင်း စားနိုင်တဲ့ ဈေးလေးနဲ့ ပဲ ရောင်းတာပါ။ဝက်သားတစ်ပိသာ ၈,၀၀၀ နဲ့ ဝယ်ရတုန်းကလည်း ၁,၅၀၀ ပဲ အခုဆို ဝက်သား တစ်ပိသာ ၁၃,၀၀၀ ဖြစ်သွားလည်း ၁,၅၀၀ နဲ့ပဲ ရောင်းပါတယ်။ ပါဆယ်ပဲ ၅၀၀ တက်သွားတာပါ” လို့ လက်ရှိဆိုင်ကို ဦးစီးနေသူက ဆိုပါတယ်။

ထမင်းစားချိန်ဆို မတ်တပ်ရပ်စောင့်ရတဲ့အထိ ရောင်းကောင်း

တစ်ပွဲ (၃) ကျပ်ခေတ်ကနေ (၁၅၀၀) ကျပ်နဲ့ ရောင်းရတဲ့ ခေတ်အထိ  ခေတ်အဆက်ဆက်ကို ကျော်လွန်ခဲ့ပေမယ့် ဆိုင်ကတော့ ရောင်းအားလုံးဝမပြတ်ပါဘူး။  စေတနာကို အရင်းခံတဲ့ အတွက်ကြောင့်လည်း ဦးကျော်ကြီးထမင်းပေါင်းဆိုင်ကို အားပေးတဲ့သူတွေနဲ့ ဆိုင်လေးက အမြဲစည်ကားနေတတ်ပါတယ်။ နေ့လယ် ထမင်းစားချိန်လောက်ဆို ခုံနေရာမကျန်တော့ဘဲ မတ်တပ်ရပ်စောင့်ရတဲ့အထိ ရောင်းကောင်းတဲ့ ဆိုင်လေးပါ။

“ကိုယ်တွေက စေတနာပါပါလေးရောင်းပေးတယ်။ ဒီခေတ်ကာလမှာ လူတိုင်းခက်ခဲနေတော့ ဈေးကိုလည်း တော်ရုံတန်ရုံမတက်ဘဲ ရောင်းပေးတယ်။ အရသာကိုလည်း အမြဲတမ်းထိန်းပါတယ်။ တစ်နေ့ကို ဝက်သားအချိန် အစိတ်၊ ကြက်သား ဘဲသား အချိန် ၁၀ နဲ့ ဆန်ကိုတော့ ပြည် ၂၀ လောက်ချက်ရပါတယ်” လို့ ဆိုပါတယ်။

ထမင်းပေါင်းအပြင် အကင်တွေလည်း ရောင်းကောင်း

ထမင်းပေါင်းအပြင် ထမင်းဖြူနဲ့ တွဲစားလို့ကောင်းတဲ့ အခေါက်ကင်၊ အသားကင်၊ ခေါင်းသုပ်၊ ကြက်ကင်၊ ဘဲကင် ၊ ဝက်ခြေထောက်စွပ်ပြုတ်၊ ဝက်လက်စွပ်ပြုတ်၊ နံရိုးကြံမဆိုင်ဟင်းချိုတို့လည်း လူကြိုက်များပါတယ်။ ဈေးနှုန်းကတော့ ထမင်းပေါင်းတစ်ပွဲကို ၁,၅၀၀ ကျပ်။ အကင်နဲ့ စွပ်ပြုတ်ကတော့ (၂,၀၀၀) ကျပ်နဲ့ (၃,၀၀၀) ကျပ်ဖြစ်ပါတယ်။

မြို့ထဲရောက်လို့ ဦးကျော်ကြီးထမင်းပေါင်းစားချင်တယ်ဆိုရင်တော့

ကျောက်တံတားမြို့နယ်၊ ၃၇ လမ်း၊ မဟာဗန္ဓုလလမ်းနှင့် ကုန်သည်လမ်းကြားမှာ ဖွင့်လှစ်ထားတာပါ။ (၃၇) လမ်းဘက်ရောက်ရင် ဦးကျော်ကြီးထမင်းပေါင်းဆိုရင် လူတိုင်းသိကြတဲ့ ဆိုင်လေးပါ။ ဆိုင်ဖွင့်ချိန်ကတော့ မနက် (၉) နာရီ ညနေ (၂) နာရီ လောက်ထိ ရနိုင်ပြီးအစုံစားချင်ရင်တော့ စောစောလေးလာဖို့လိုပါတယ်။ ဆိုင်နဲ့ အနီးအနားတစ်ဝိုက်ကို အိမ်အရောက် ဝန်ဆောင်မှုပေးပြီး ဖုန်းနံပါတ် ၀၉-၇၇၄၄၉၃၀၄၂၊ ၀၉၉၆၈၅၈၂၈၆ ကိုဆက်သွယ်နိုင်ပါတယ်။

Share

Loading Next Article...
က္က