တစ်နေ့ကို ဆန် (၂) အိတ်၊ ဝက်သား အချိန် (၃၀) လောက်ရောင်းရပါတယ်။

ရန်ကုန်မြို့မှာ ထမင်းကြော်ကို အရသာကောင်းကောင်းလေးနဲ့ စားချင်သူတွေအတွက် လက်ရာကောင်းပြီး လူကြိုက်များတဲ့ ထမင်းကြော်ဆိုင်လေးတစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဆိုင်လေးကတော့ သမန်းတောထမင်းကြော် ဆိုင်ဖြစ်ပြီး တစ်ခါစားဖူးတာနဲ့ နောက်တစ်ခါ ထပ်လာစားချင်အောင် ဆွဲဆောင်နိုင်တဲ့ဆိုင်လေးလို့ စားသုံးသူတွေက အမြဲမှတ်ချက်ပြုတဲ့ဆိုင်လေးပါ။



သမန်းတောထမင်းကြော်ဆိုင်လေးရဲ့ မူလအစ

ဒီဆိုင်လေးကတော့ မြင်းခြံမြို့နယ် သမန်းတောရွာဇာတိဖြစ်တဲ့ ဦးတင်မောင်ဝင်းဆိုသူက လွန်ခဲ့တဲ့ နှစ် (၂၀) ဝန်းကျင်လောက်မှာ စတင်ဖွင့်လှစ်ခဲ့တာပါ။ ငယ်စဉ်က အလုပ်မျိုးစုံကို လုပ်ခဲ့ဖူးသူဖြစ်ပြီး ဝါသနာပါတဲ့ ထမင်းဟင်းချက်ရောင်းတဲ့အလုပ်ကို လုပ်ဖို့ စိတ်ကူးမိရာကနေ ဆိပ်ကမ်းသာလမ်းမှာ သမန်းတောထမင်းကြော်ဆိုင်ဆိုပြီး စတင်ဖွင့်လှစ်ခဲ့တာပါ။

“ စစချင်းကတော့ ဆိပ်ကမ်းသာလမ်းမှာရောင်းတာ၊ ပေ ၂၀ ပေ ၄၀ လောက်ရှိတဲ့ မြေကွက်လပ်ပေါ်မှာ တဲကြီး ထိုးပြီးတော့ လယ်တောထဲမှာ စားရတဲ့ ပုံစံမျိုး လုပ်ထားတာပေါ့။ အဲဒါနဲ့ ဆိုင်ဖွင့်တာ (၁၅) နှစ်လောက်ကြာတော့ ရောင်းတဲ့နေရာက အဆင်မပြေတော့ ထမင်းရောင်းတဲ့အလုပ်ကို ခဏနားခဲ့တာပေါ့။ ” လို့ ဆိုင်ရှင် ဦးတင်မောင်ဝင်းက ဆိုပါတယ်။

နေရာပြောင်းလဲဖွင့်လှစ်လိုက်ပေမယ့် အောင်မြင်နေဆဲသမန်းတောထမင်းကြော်

၁၅ နှစ်ကြာ ရောင်းခဲ့ရတဲ့ ဆိပ်ကမ်းသာလမ်းက နေရာလေးကို ယာယီပိတ်ထားခဲ့ပြီးနောက် အဌားယာဉ်မောင်းတဲ့အလုပ်နဲ့ မိသားစုကိုရှာကျွေးနေရင်း ဆိုင်လေးပြန်ဖွင့်နိုင်ဖို့ ကြိုးစားရင်း (၇) နှစ်လောက်အကြာမှာတော့ သာကတေ အဝိုင်းနားမှာ သမန်းတောထမင်းကြော်ဆိုင်လေးကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

“ တက္ကစီမောင်းလိုက်တာ (၇) နှစ် ကြာသွားတယ်။ မောင်းရင်းနဲ့ ဒီနားမှာ ဂိတ်ထိုးရင်း ဒီနေရာတစ်ဝိုက်မှာ ထမင်း၊ ဟင်း၊ စားကောင်းတဲ့ဆိုင် သိပ်မတွေ့ဘူး။ ကိုယ့်ပါးစပ်နဲ့ မထိဘူးပေါ့နော်။ အဲဒါနဲ့ ကိုယ့်လက်ငုတ်လက်ရင်း အလုပ်ဖြစ်တဲ့ ထမင်းကြော်ရောင်းတဲ့အလုပ်ကို ပြန်လုပ်မယ်ဆိုပြီး ဒီနေရာလေးမှာ ဆိုင်ထပ်ဖွင့်လိုက်တာ အခုဆို ၂ နှစ်ရှိပါပြီ” လို့ ဆိုပါတယ်။

ဟင်းချက်ရရင် ပျော်နေတဲ့ သမန်းတောသား

သမန်းတောသားတစ်ယောက်ဖြစ်တဲ့ ဦးတင်မောင်ဝင်းက ထမင်းဟင်းချက်ရောင်းရတာကို ဝါသနာပါတာကြောင့် ဘယ်လောက်ပဲ ပင်ပန်းနေပါစေ ဘယ်တော့မှ မညည်းညူဘဲ ဒီအလုပ်လုပ်ရတာကိုက ပျော်ရွှင်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီနေ့အချိန်ထိ အရသာကို သူကိုယ်တိုင်စပ်ပြီး အမြဲတမ်းလက်ရာမပြောင်းအောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

“ ဒီပညာကို ဝါသနာလည်းပါတယ်။ တတ်ကျွမ်းတဲ့ပညာလည်းဖြစ်တာဆိုတော့ နှစ်တွေ ဘယ်လောက်ကြာကြာ ဘယ်အချိန်ပဲလုပ်လုပ် ဒီပုံစံ ဒီအရသာပဲပေါ့နော်။ အရသာစပ်တာ၊ အသားတုံးတွေ တုံးတာက အစ ကျွန်တော်ပဲ လုပ်တာ။ ကျန်တာ ဟင်းမွှေတာကတော့ ဝန်ထမ်းတွေ လုပ်တယ်။ကိုယ်က ဘေးကနေ ကြည့်ပေးပြီး လိုတာပြောပေါ့။ ” လို့ ဦးတင်မောင်ဝင်းက ဆိုပါတယ်။

အဆက်ပြတ်သွားပေမယ့်လည်း ဖောက်သည်တွေတိုးလာနေဆဲ

ဆိုင်နေရာအသစ်လေးမပြောင်းခင်မှာ (၇) နှစ်နီးပါးလောက် အဆက်ပြတ်သွားပေမယ့် ဖောက်သည်တွေကတော့ သမန်းတောထမင်းကြော်ဆိုင်ဆိုတဲ့ ဆိုင်းဘုတ်လေးမြင်ရင် သတိတရနဲ့လာစားနေကြဆဲဖြစ်ပါတယ်။ နေရာသစ်မှာလည်း ဖောက်သည်တွေပိုးတိုးလာနေပြီး နေရာဟောင်းက စားသုံးသူတွေလည်း တကူးတကနဲ့လာစားတတ်ကြပါတယ်။

“ ဆိပ်ကမ်းသာမှာရောင်းတုန်းက တစ်ခါပြင်ကို တစ်ပွဲ (၅၀) ကျပ်နဲ့ စရောင်းဖူးတယ်တယ်။ အဲဒီတုန်းကဆိုလည်း အနုပညာရှင်တွေ လာစားကြတယ်။ အခုဒီနေရာမှာလည်း ဖောက်သည်အသစ်တွေတိုးလာတယ်။ သုဝဏ္ဏ ဆိုတစ်မြို့လုံးနီးပါး၊ သန်လျင်၊ ကျောက်တန်း၊ အင်းစိန်၊ စမ်းချောင်းကတွေလည်း လာစားကြတယ်။ ” လို့ဆိုပါတယ်။

တစ်နေ့ကို ဆန် (၂)အိတ်၊ ဝက်သား အချိန် (၃၀)ကုန်အောင်ရောင်းရ

ဆိုင်ဖွင့်တဲ့သက်တမ်း (၂) နှစ်အတွင်းမှာ တစ်နေ့ကို ဆန် (၂) အိတ်၊ ဝက်သားတစ်မျိုးတည်းကိုပဲ အချိန် (၃၀) လောက်ရောင်းရပါတယ်။ ဒီဆိုင်မှာရနိုင်တဲ့ ဟင်းပွဲအမျိုးအစားတွေကတော့ ဝက်ချို၊ အမဲနှပ်၊ ဆိတ်သားနှပ်၊ ဝက်ကလီစာ ၊ ကြက်ချိုပေါင်း၊ ကြက်အကြွပ်ကြော်၊ ဘဲဥ ၊ ငါးဖယ်၊ ငါးမွှေ တို့ဖြစ်ပြီး ဈေးနှုန်းတွေကတော့ ထမင်းကြော်နဲ့ဟင်းတစ်ပွဲကို ၂၀၀၀ ကနေ အများဆုံး ၃၈၀၀ ကျပ်ခန့်ဖြစ်ပါတယ်။ အရင်က ထမင်းကြော်နဲ့ဟင်းကို တစ်ပွဲ (၁၀၀၀) ကျပ်နဲ့ရောင်းချခဲ့ပေမယ့် ကုန်ဈေးနှုန်းတွေ မြင့်နေတာကြောင့်လည်း ဈေးနှုန်းလေးတွေ တိုးထားရတယ်လို့ဆိုပါတယ်။

သမန်းတောထမင်းကြော် မြည်းစမ်းချင်သူတွေအတွက်

ဒီဆိုင်လေးကတော့ သာကေတမြို့နယ်၊ ကမာကြည်တံတာအဆင်း ၊ သာကေတအဝိုင်းအနီး YOMA Bank ရှေ့တည့်တည့်မှာဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက်ဆို ၆ နာရီကနေ ၈ ခွဲ ထိတစ်ကြိမ်၊ ညနေ ၅ နာရီကနေ ၉ ခွဲထိ တစ်ကြိမ်ဖွင့်လှစ်ထားပါတယ်။ ထမင်းကြော်အိအိလေးပေါ်မှာ ဟင်းအနှစ်လေးဆမ်းပြီး နူးအိနေတဲ့ အသားဟင်းလေးတွေနဲ့ တွဲဖက်စားချင်သူတွေအတွက် သမန်းတောထမင်းကြော်ဆိုင်လေးကတော့ အသင့်တော်ဆုံးဖြစ်မှာပါ။ ဒါကြောင့်မို့ ထမင်းကြော်အရသာကောင်းကောင်းလေးစားချင်သူတွေအတွက် ဒီဆိုင်လေးကို တစ်ခါလောက်တော့ စားကြည့်ကြဖို့ ညွှန်းပေးလိုက်ပါတယ်နော်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က