အဖွားကနေ သမီး ၊သမီးကနေ မြေးအထိ လက်ဆင့်ကမ်းလုပ်ကိုင်လာတဲ့ မုန့်ပျားသလက် ဆိုင်လေးတစ်ခု ရန်ကင်းမြို့နယ်မှာ ရှိပါတယ်။ ရန်ကင်း ဒေါ်ထွေးမုန့်ပျားသလက် လို့ဆိုလိုက်ရင် ရန်ကင်းမှာ ကြီးပြင်းလာသူအားလုံး သိကြမှာ ဖြစ်ပြီး ရန်ကင်းနာမည်ကြီး မုန့်ဆိုင်စာရင်းထဲမှာ ထိပ်ဆုံးက ပါနေမှာ ဖြစ်ပါတယ်။
မုန့်ပျားသလက်ဆိုင်လေးရဲ့အစ
ဒီမုန့်ပျားသလက်ဆိုင်လေးကိုတော့ လွန်ခဲ့တဲ့ အနှစ်(၅၀) က အဖွားဒေါ်ထွေး ဖြစ်သူကနေစတင်ရောင်းချခဲ့တာပါ။ အညာကနေ ရန်ကုန်ကအမျိုးတွေရှိတဲ့ ရန်ကင်းကိုတတ်လာရင်း ဘိန်းမုန့်နဲ့မုန့်ပျားသလက်ဆိုင်လေး ဖွင့်လှစ်ပြီး ရောင်းချခဲ့တာပါ။ မုန့်ပျားသလက်တစ်ခုကို ပြား၃၀၊ ပြား၅၀ခေတ်ထဲက ရောင်းချခဲ့တဲ့ ဒေါ်ထွေးမုန့်ပျားသလက် ဆိုင်လေးဟာ အရသာနဲ့ စေတနာကြောင့် စားသုံးသူတွေ ကြိုက်နှစ်သက်ခဲ့ပြီး ယနေ့တိုင် ရပ်တည်နေနိုင်တဲ့ ဆိုင်လေးပါ။
“ဒီမုန့်ဆိုင်လေးကတော့ အန်တီတို့အမေ ဒေါ်ထွေးက စရောင်းခဲ့တာပေါ့။ အမေက ဒီနေရာလေးမှာပဲ ဘိန်းမုန့်နဲ့ မုန့်ပျားသလက်လေးစရောင်းခဲ့တာ အဲ့ဒီတုန်းကတော့ ဒီလိုဆိုင်မဟုတ်သေးဘူး။ တဲလေးနဲ့ ထင်းမီး ဖိုလေးနဲ့ အဲ့ဒီတုန်းက မုန့်တစ်ခုကို ပြား၃၀၊ပြား၅၀နဲ့ရောင်းတာ ။ အန်တီတို့ အမေ က ဒီမုန့်ရောင်းတာကို သံယောဇဉ်တော်တော်ကြီး တယ်။ အသက်ကြီးတဲ့ အထိရောင်းတာ နေမကောင်းဖြစ်ပြီး မလုပ်နိုင်တော့မှပဲ ဒီမုန့်ရောင်းတာကို နားလိုက်တာလို့” အဖွားဒေါ်ထွေးရဲ့ သမီးဖြစ်သူ ဒေါ်တင်တင်နွယ်က ပြောပါတယ်။
မိသားစု အစဉ်အဆက်လက်ဆင့်ကမ်းလုပ်ငန်းလေးဖြစ်လာ
လက်ရှိမှာတော့ မုန့်ပျားသလက်ဆိုင်လေးကို အဖွားဒေါ်ထွေးရဲ့ မျိုးဆက်တွေက ဆက်လက်လုပ် ကိုင်နေကြပါ တယ်။ မိသားစုလုပ်ငန်းလေးအဖြစ် မုန့်လုပ်နည်းလေးကို အဆင့်ဆင့်အမွေဆက်ခံပြီး ထိန်းသိမ်းလုပ်ကိုင်နေကြ တာပါ။
“အန်တီက အမေမုန့်လုပ်တဲ့အချိန်တုန်းကတော့ ကူညီပြီးလုပ်ကိုင်ပေးခဲ့တာပေါ့။ ကိုယ်တိုင်စရောင်းဖြစ်တာက (၂၀၀၅) လောက်ကစရောင်းတာ။ အခုဆို (၁၇) နှစ်လောက်ရှိပြီ။ ဒီမုန့်ပျားသလက်လုပ်တဲ့ နည်းလေးက အန်တီတို့ အဖွား အဖွားကနေအမေ အမေကနေ အန်တီတို့မောင်နှမတွေ ဆက်လုပ်နေကြတာပေါ့။ အခုဒီဆိုင်လေးက အမေ့ဆိုင် နေရာလေးပဲ ဒီမှာတော့ အန်တီက မနက်ပိုင်းရောင်းတယ်။ မောင်လေးက နေ့ခင်းပိုင်းရောင်း ကြတယ်လို့” ဒေါ်တင်တင်နွယ်က ပြောပါတယ်။
ဒေါ်ထွေးရဲ့ မုန့်ပျားသလက်လက်ရာ
မုန့်ပျားသလက်အတွက် မုန့်ရည်အနှစ်ကိုတော့ ငစိန်ဇကွဲ ဒါမှမဟုတ် ဧည့်မထစတဲ့ ဆန်ကြမ်းကို ကြိတ်ပြီး မတ်ပဲ၊ကုလားပဲကို အချိုးညီပေါင်းစပ်ကာ ညဘက်ထဲက မုန့်ရည်နှပ်ထားတာဖြစ်ပါတယ်။ မနက်မုန့်လုပ်ချိန်မှာတော့ မုန့်ရည်ကို မုန့်အထူ၊အပါးပေါ်မူတည်ကာ မုန့်လုပ်တဲ့အိုးအပြားပေါ်တင်ပြီး ဇွန်းဖင်လေးနဲ့ဝိုင်းဝိုင်းလေးပြုလုပ်ကာ ပဲပြုတ်နဲ့ကြက်သွန်မိတ်အရောလေးကိုမုန့်ပေါ်ဖြူးပြီး ပဲဆီမွှေးမွှေးလေး ဆမ်းလိုက်တဲ့အခါ အရသာရှိတဲ့မုန့်ပျားသလက်လေးကို ရရှိပါတယ်။ ပါဝင်ပစ္စည်းတွေရိုးရှင်းပေမယ့် မုန့်အရသာလေးကတော့ မနက်စာအနေနဲ့ပဲစားစား နေ့လည်စာအဆာပြေမုန့်လေးအဖြစ်ပဲစားစား နှစ်ခြိုက်ဖွယ် ကောင်းလှပါတယ်။
တစ်မနက်ကို လေးသောင်းဖိုးအထိရောင်းရတဲ့ မုန့်ပျားသလက်
သမီးဖြစ်သူ ဒေါ်တင်တင်နွယ် (၂၀၀၅) ခုနှစ်မှာ ဒီမုန့်လေးကို စတင်ရောင်းစဉ်က မုန့်ပျားသလက်တစ်ခုကို( ၂၀၀) ကျပ်နဲ့ရောင်းချခဲ့ပြီး လက်ရှိမှာတော့ မုန့်ပျားသလက် တစ်ခုကို(၆၀၀)ကျပ်နဲ့ရောင်းချနေပါတယ်။ မနက်ပိုင်းရောင်းချချိန် (၆) နာရီ ကနေ (၁၁) နာရီအတွင်း တစ်ရက်ကို လေးသောင်းဖိုးလောက် ရောင်းချရတဲ့ဆိုင်လေးပါ။
“အန်တီက တစ်မနက်ရောင်းတာဆို ဆန်တစ်ပြည်နဲ့လေးလုံး (၂) ပြည်လောက်တော့ကုန်တယ်။ ပုံမှန်လေးသောင်း ဖိုးလောက်တော့ရောင်းရတယ်။ ရောင်းကောင်းတဲ့အခါမျိုးဆို လေးသောင်းကျော်တယ်လို့”ဒေါ်တင်တင်နွယ်က ပြောပါတယ်။
ကလေးဘဝကနေ လူကြီးဖြစ်တဲ့အထိ အားပေးနေတဲ့ဖောက်သည်တွေ
မုန့်ပျားသလက်မုန့်လေးဟာ အမြင်ရိုးရှင်းပေမယ့် စားသုံးတဲ့အခါမှာလည်း အရသာကောင်းမွန်လှပါတယ်။ အဖွား ဒေါ်ထွေးမုန့်ရောင်းစဉ်တုန်းက ကလေးအရွယ် ဖြစ်ခဲ့ကြတဲ့ စားသုံးသူတွေကလည်း လက်ရှိမှာ အသက်(၅၀) ကျော်လူကြီး တွေဖြစ် နေပြီး အခုတိုင် ဒေါ်ထွေးမုန့်ပျားသလက်ကို နှစ်ခြိုက်စွာစားသုံးနေကြဆဲဖြစ်ပါတယ်။ မုန့်ပျားသလက်လုပ်တဲ့ အခါ မုန့်ရည်ထဲမှာ ဆန်ကြီးပဲမဟုတ်ပဲ မတ်ပဲ၊ကုလားပဲလေးပါ အချိုးညီညီပေါင်းစပ်ထားတာကြောင့် အရသာကောင်း မွန်တာဖြစ်တာကြောင့် ဖောက်သည်တွေက ဘယ်တော့မှ မလျော့သွားပါဘူး။
ဒေါ်ထွေးမုန့်ပျားသလက်ကို မြည်းစမ်းချင်သူတွေအတွက်
ဒေါ်ထွေးမုန့်ပျားသလက်ဆိုင်လေးမှာတော့ မုန့်ပျားသလက်(အပါး)၊မုန့်ပျားသလက်(အထူ)၊ မုန့်ပျား သလက် (အချို)နဲ့လမ်းသရဲမုန့်(ကီးမား)စတဲ့ မုန့်အမျိုးအစားလေးမျိုးရရှိနိုင်ပါတယ်။ မုန့်ပျားသလက်မုန့်လေးတွေက တစ်ခုကို(၆၀၀)ကျပ်ဖြစ်ပြီး လမ်းသရဲမုန့်(ကီးမား)ကတော့ တစ်ခုကို(၈၀၀)ကျပ်ပါ။ ဆိုင်နေရာလေးကတော့ ရန်ကင်း-၅လုံးတန်း၊ရန်နိုင်လမ်းသွယ်(၇)အဆုံး၊ပိုက်လုံးကြီးအနီးမှာဖြစ်ပြီး မနက်၆နာရီကနေ ညနေ၅နာရီအထိ ဖွင့်လှစ်ထားပါတယ်။ ဒေါ်ထွေးမုန့်ပျားသလက်ကို Foodpanda ကနေလည်းမှာယူစားသုံးနိုင်သလို ရုံးပွဲ၊ကျောင်း ပွဲနဲ့အထိမ်း အမှတ်ပွဲတွေအတွက်လည်း အော်ဒါမှာယူနိုင်ပါတယ်။