မာကိုဟာ ဒုတိယကမ္ဘာစ်နောက်ပိုင်း သာမန်အရပ်သားတစ်ဦးနဲ့ လက်ထပ်တဲ့ ပထမဆုံး တော်ဝင်မိသားစုဝင် ဖြစ်လာပါတယ်

တော်ဝင်ဂုဏ်ပုဒ်တွေကို ကျောခိုင်းစွန့်လွှတ်ပြီး သာမန်အရပ်သား ချစ်သူနဲ့ လက်ထပ်ခဲ့တဲ့ တစ်ချိန်က ဂျပန်တော်ဝင်မင်းသမီး မာကိုဟာ သူမရဲ့ အသစ်စက်စက်ခင်ပွန်းနဲ့အတူ အမေရိကန်မှာ ဘဝသစ်စတင်ရန် ယနေ့ (နိုဝင်ဘာ ၁၄ ရက်) ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

(Photo: Issei Kato / Reuters)

ဂျပန်ဧကရာဇ်ရဲ့ တူမဖြစ်သူ မာကိုကိုမူရိုဟာ တော်ဝင်မင်းသမီးဘဝကို စွန့်လွှတ်ပြီး ကျောင်းနေဖက်ချစ်သူ ကီကူမိုရိုနဲ့ အောက်တိုဘာ ၂၆ ရက်နေ့မှာ လက်ထပ်ခဲ့ပါတယ်။ နှစ်ဦးစလုံး အသက် ၃၀ အရွယ်တွေဖြစ်ကြတဲ့ မာကိုတို့စုံတွဲဟာ တိုကျိုမြို့ရှိ Haneda အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ANA (All Nippon Airways) လေကြောင်းခရီးစဥ်ဖြင့် နယူးယော့ခ်မြို့ကို ထွက်ခွာသွားခဲ့ကြပါတယ်။



လေဆိပ်မှာ သတင်းမီဒီယာ အများအပြားက စောင့်ဆိုင်းမှတ်တမ်းတင်ခဲ့ကြသလို လေယာဥ်ထွက်ခွာစဥ် ဆုမွန်ကောင်းတောင်းသူတွေက လေဆိပ်အဆောက်အအုံထဲကနေ လက်ဝှေ့ယမ်းနှုတ်ဆက်ခဲ့ကြပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း မာကိုတို့စုံတွဲက စေ့စပ်လိုက်ပြီလို့ ကြေညာခဲ့ပြီးနောက် ၎င်းတို့နှစ်ဦး လက်ထပ်မယ့်ကိစ္စပေါ် နှစ်နဲ့ချီကြာ အငြင်းပွားမှု ဝေဖန်မှုတွေရှိနေခဲ့ပြီး မီဒီယာတွေကလည်း အလေးထားစောင့်ကြည့်ခဲ့ပြီး သတင်းအမျိုးမျိုး ရေးသားဖော်ပြခဲ့ကြပါတယ်။

(Photo: Issei Kato / Reuters)

စေ့စပ်လိုက်ပြီလို့ ကြေညာခဲ့ပြီးနောက် ကိုမူရိုမိသားစုရဲ့ ငွေရေးကြေးရေး ပြဿနာသတင်းများထွက်ပေါ်လာကာ ၎င်းတို့စုံတွဲဟာ အတင်းအဖျင်းသတင်းတွေနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။ မာကိုဟာ ထိုဖြစ်ရပ်တွေကို ကြုံတွေ့ရပြီးနောက် စိတ်ဒဏ်ရာရခဲ့ကြောင်း ယခုနှစ်မှာ ကျန်းမာရေးစစ်ဆေးမှုအရ သိခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ကိုမူရိုနဲ့ လက်ထပ်ခဲ့ပြီးနောက် ဂျပန်အိမ်ရှေ့မင်းသား အကီရှိနိုနဲ့ အိမ်ရှေ့မင်းသမီး ကီကိုတို့ရဲ့ သမီးဖြစ်သူ မာကိုဟာ သူမရဲ့ ပထမဆုံး ပတ်စ်ပို့ကို လျှောက်ထားရရှိခဲ့တယ်လို့ ဆိုပါတယ်။ မာကိုရဲ့ခင်ပွန်း ကိုမူရိုဟာ နယူးယော့ခ်ရှိ ဥပဒေအကျိုးဆောင်ကုမ္ပဏီမှာ အလုပ်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

(Photo: Issei Kato / Reuters)

ဂျပန်ဧကရာဇ်မိသားစုဝင်တွေဟာ မင်းမျိုးမင်းနွယ်မဟုတ်တဲ့ သာမန်အရပ်သားသူ အရပ်သားကို လက်ထပ်ပါက Chrysanthemum ထီးနန်းဆက်ခံခွင့်မရှိဘဲ ၎င်းတို့ရဲ့ တော်ဝင်ဂုဏ်ပုဒ်အဆောင်အယောင်တွေကို စွန့်လွှတ်ရကြောင်း သိရပါတယ်။ မင်းသမီးမာကိုကတော့ သာမန်အရပ်သားကို လက်ထပ်လိုက်တာကြောင့် တော်ဝင်ဂုဏ်ပုဒ် စွန့်လွှတ်ရသူ တော်ဝင်အမျိုးသမီးတွေကို ပေးအပ်လေ့ရှိတဲ့ ငွေကိုလည်း လက်ခံရယူခဲ့ခြင်း မရှိပါဘူး။

ထိုငွေပမာဏဟာ အမေရိကန်ဒေါ်လာ ၁.၃ သန်းအထိ ဖြစ်တယ်လို့ဆိုပါတယ်။ မာကိုဟာ ဒုတိယကမ္ဘာစ်နောက်ပိုင်း ဂျပန်တော်ဝင်မျိုးနွယ်တွေရဲ့ အစဥ်အလာထုံးစံကိုကျော်လွန်ပြီး သာမန်အရပ်သားတစ်ဦးနဲ့ လက်ထပ်တဲ့ ပထမဆုံး တော်ဝင်မိသားစုဝင် ဖြစ်လာခဲ့ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က