Facebook ဟာ ၂၀၁၉ ခုနှစ်မှာ ၁၄ နာရီကျော်ကြာ ဝန်ဆောင်မှုတွေ ပြတ်တောက်ခဲ့ဖူးပါတယ်။

Facebook ကုမ္ပဏီအတွင်းရေးတွေ ဖွင့်ချခံရတဲ့နေ့မှာပဲ ကမ္ဘာ့အကြီးဆုံးလူမှုကွန်ရက်ကုမ္ပဏီပိုင် Social Media Services တွေ အကုန် ပြတ်တောက်မှု ဖြစ်ပွားခဲ့ပါတယ်။

           အောက်တိုဘာ ၄ ရက် တနင်္လာနေ့မှာ Facebook ပိုင် လူမှုကွန်ရက်ဝန်ဆောင်မှုတွေ ၆ နာရီကြာအောင် စံချိန်တင် ပြတ်တောက်ခဲ့တာပါ။ အဲ့ဒီနေ့မှာပဲ Facebook ကုမ္ပဏီရဲ့ အတွင်းရေးတွေကို ဒေတာသိပ္ပံပညာရှင်တစ်ဦးက မီဒီယာကုမ္ပဏီတွေရှေ့ ဖော်ကောင်လုပ်ချပြခဲ့တာဖြစ်လို့ Facebook services တွေ ပြတ်တောက်တဲ့ကိစ္စကို သို့လောသို့လော ပြောစရာဖြစ်လာခဲ့တာပါ။



           Facebook ဟာ ၂၀၁၉ ခုနှစ်မှာ ၁၄ နာရီကျော်ကြာ ဝန်ဆောင်မှုတွေ ပြတ်တောက်ခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်က ကုမ္ပဏီရဲ့ ဖြေရှင်းချက်မှာ ဆာဗာ configuration ပြောင်းလိုက်တာကြောင့်လို့ ဆိုပါတယ်။ ၂၀၁၉ နောက်ပိုင်း အချိန်အကြာဆုံး လူမှုကွန်ရက်ဝန်ဆောင်မှု ပြတ်တောက်မှုတစ်ခုဖြစ်တဲ့ အောက်တိုဘာ ၄ ရက် Outage ဖြစ်မှုမှာ Facebook အပြင် ကုမ္ပဏီပိုင် လူမှုကွန်ရက် Apps တွေ ဖြစ်တဲ့ Instagram ၊ WhatsApp နဲ့ Facebook Messenger တို့လည်း ပြတ်တောက်ခဲ့တာပါ။


Photo: Business Insider


           လူမှုကွန်ရက်ပြတ်တောက်မှုဖြစ်ပြီး နောက်တစ်နေ့မှာ ကုမ္ပဏီရဲ့ အင်ဂျင်နီယာနဲ့ Infrastructure ပိုင်း ဒုဥက္ကဌ ဆန်တို့ချ် ဂျနာဒန်က အကြောင်းရင်းကို ရှင်းလင်းချက်ထုတ်ပြန်ခဲ့ပါတယ်။ "ကျွန်တော်တို့ အင်ဂျင်နီယာအသင်း တွေ့ထားတာကတော့ ဒေတာစင်တာတွေအကြား ကွန်ရက်လမ်းကြောင်းချိတ်ဆက်ပေါင်းစည်းထားတဲ့ Backbone Routers တွေမှာ Configuration change လိုက်လို့ ဆက်သွယ်ရေးပြတ်တောက်ကုန်တာ ဆိုတာပါပဲ။ကွန်ရက်လမ်းကြောင်းမှာ ကြားဖြတ်အဟန့်အတားဝင်တာကြောင့် ဒေတာစင်တာတွေနဲ့ ဆက်သွယ်တဲ့လမ်းကြောင်းပေါ် သွားထိပြီး ကျွန်တော်တို့ Services တွေ ရပ်သွားတာပါ"

           တနင်္လာနေ့က လူမှုကွန်ရက်ပြတ်တောက်မှုဟာ Facebook ဝန်ထမ်းတွေ ကိုယ်တိုင် သုံးနေကျ Tools တွေ သုံးမရအောင်အထိ ဖြစ်သွားခဲ့တာပါ။ Facebook ရဲ့ ထုတ်ပြန်ချက်မှာတော့ ကွန်ရက်ပြတ်တောက်မှုအတွင်း သုံးစွဲသူဒေတာ ကျိုးပေါက်တာမျိုး အထောက်အထားမတွေ့ရသေးဘူးလို့ ဆိုပါတယ်။ ပုံမှန် maintenance လုပ်နေတုန်းမှာ backbone network တက်မတက်အကဲဖြတ်တဲ့ command က မရည်ရွယ်ဘဲ ဆက်သွယ်မှုလိုင်း ဖြတ်ပစ်တာပါ။ ဂျနာဒန်ရဲ့ အဆိုအရ ကုမ္ပဏီတွင်း Audit system မှာ ရှိတဲ့ bug က ကွန်ရက်ပြတ်တောက်မှုကို မဖြစ်အောင် ကောင်းကောင်းမကာကွယ်နိုင်ခဲ့ဘူးလို့လည်း ဆိုပါတယ်။

           Facebook ရဲ့ DNS servers တွေအနေနဲ့ ကုမ္ပဏီရဲ့ အထိုင်ဒေတာစင်တာတွေကို ချိတ်ဆက်နိုင်ခြင်း မရှိတဲ့နောက် Border Gateway Protocol (BGP) ရဲ့ ဆာဗာကို ချိတ်ဆက်ဖို့ သတင်းအချက်အလက်ညွှန်းတဲ့စနစ်လည်း ရပ်ခဲ့တာပါ။ "DNS အကုန်လစ်သွားတာက ပုံမှန် လိုင်းပြတ်တောက်မှုကို ဆန်းစစ်အဖြေရှာဖို့ သုံးနေတဲ့ Internal Tools တွေပါ ထိခိုက်သွားပါတယ်။" လို့ ဂျနာဒန်က ပြောပါတယ်။


Photo: peaknewsonline


           အခုပြတ်တောက်မှုဟာ Facebook အတွက် ခေါင်းကိုက်စရာတွေပါ သယ်ဆောင်လာပါတယ်။ Facebook ပိုင် Social Media အကုန်လုံး ပြတ်တောက်မှုဖြစ်ပြီးနောက် အင်္ဂါနေ့မှာ Facebook ဝန်ထမ်းဟောင်း ဖရန့်စ် ဟော်ဂန်ဟာ ကွန်ဂရက်ရှေ့မှောက် အစစ်ဆေးခံခဲ့ပါတယ်။ ဟော်ဂန်ဟာ Facebook ပလက်ဖောင်းပေါ်က ပြဿနာတွေအကြောင်း Wall Street Journal ကို အထောက်အထားတွေ ဖွင့်ချခဲ့သူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ဖွင့်ဟချက်ထဲမှာ လူမှုကွန်ရက်ဟာ ဆယ်ကျော်သက်တွေရဲ့ စိတ်ကျန်းမာရေးပေါ် ထိခိုက်တာကို သိသိကြီးနဲ့ လျစ်လျူရှုတာတွေ ၊ အများကောင်းကျိုးထက် ကုမ္ပဏီစီးပွားရေးအကျိုးအမြတ်ရှေးရှုတာတွေလည်း ပါရှိပါတယ်။

           အသက် ၃၇ နှစ်အရွယ် ဟော်ဂန်ဟာ Facebook ဝန်ဆောင်မှုတွေ ပြတ်မယ့်နေ့က CBS News နဲ့ 60 Minutes အစီအစဉ်မှာ အင်တာဗျူးခဲ့ပြီး Facebook အတွင်းက အရှုပ်ထုပ်တွေ ဖြည်ချခဲ့သူလည်း ဖြစ်ပါတယ်။ ဟော်ဂန်ဟာ Facebook မှာ product manager အဖြစ်လည်း အလုပ်ဝင်ခဲ့ဖူးသူ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က