ပေါက်စီ တစ်လုံးကိုမှ ငွေ (၁၀၀) ကျပ်နဲ့ ရနိုင်တဲ့ နေရာတစ်ခု ရန်ကုန်မြို့မှာ ရှိနေပါတယ်။ အခုလို အရာရာ ကုန်ဈေးနှုန်းတွေ ထိုးတက်နေတဲ့ ခေတ်ကာလမှာ ပေါက်စီ တစ်လုံးကို (၁၀၀) ကျပ်တည်းနဲ့ ရောင်းပေးနေတဲ့ဆိုင်လေးအကြောင်းကို Duwun ပရိသတ်တွေအတွက် မျှဝေပေးချင်ပါတယ်။
ကလေးတွေအတွက် ဘေးကင်းပြီးအာဟာရဖြစ်တဲ့မုန့်ဖြစ်ဖို့ ရည်ရွယ်
ပေါက်စီအသေးတစ်လုံးကို ငွေကျပ် (၁၀၀) နဲ့ရောင်းချပေးနေတဲ့ ကောင်းသန့် ပေါက်စီဆိုင်လေးကတော့ မရမ်းကုန်းမြို့နယ် သမိုင်း (၁) ရပ်ကွက်မှာ ဖွင့်လှစ်ထားတာပါ။ ကလေးတွေ အတွက် သူတို့ ရတဲ့ မုန့်ဖိုးလေး နဲ့ဘေးကင်းပြီး အဟာရ ဖြစ်တဲ့မုန့်ကို ဝယ်စားနိုင်ဖို့ရည်ရွယ်ပြီး အခုလို (၁၀၀)တန်ပေါက်စီအသေးလေးတွေ ရောင်းချတာဖြစ်တာလို့ ဆိုင်ရှင် မဖြူဖြူထွန်း ကပြောပါတယ်။
“လမ်းသွားရင်း ပေါက်စီသေးသေးလေးတွေ ရောင်းနေတာတွေ့ပြီး ကိုယ်နေတဲ့ရပ်ကွက်မှာ ဒါမျိုးလေးရောင်းတာမရှိသေးတော့ အခုလိုရောင်းဖြစ်သွားတာပါ။ ကလေးတွေဝယ်စားနိုင်တဲ့ စျေးလေးနဲ့ပဲရောင်းမယ်ဆိုပြီး ၁၀၀နဲ့ရောင်းတာပါ။ သူတို့ရတဲ့ မုန့်ဖိုးလေးနဲ့ တစ်လုံးပဲဝယ်ဝယ် နှစ်လုံးပဲဝယ်ဝယ် တစ်နိုင်သလောက်လေးဝယ်စားနိုင်ဖို့ ရည်ရွယ်ပါတယ်” လို့ မဖြူဖြူထွန်း ကပြောပါတယ်။
Photo : Myat Su
တစ်လုံး (၁၀၀)ကျပ်ဆိုပေမယ့် တစ်နေ့ကို တစ်သိန်းဖိုးခန့်ရောင်းရ
မီနီပေါက်စီဆိုင်လေးကို ဖွင့်လှစ်ခဲ့တာ အခုဆို နှစ်လဝန်းကျင်ပဲရှိပါသေးတယ်။ စရောင်းကာစကတော့ တစ်နေ့ကို (၄) သောင်းဖိုးလောက်ရောင်းရပြီး နှစ်လနီးပါးအကြာမှာတော့ တစ်နေ့ကို တစ်သိန်းဖိုး ဝန်းကျင်လောက်ထိ ရောင်းနေရပြီဖြစ်ပါတယ်။
“ရောင်းကာစ တစ်နေ့ကို လေးသောင်းဖိုး၊ ခြောက်သောင်းဖိုးလောက်ပဲရောင်းရတယ်။ အခုတစ်ပတ်ကျော်လောက်မှာတော့ ပိုရောင်းကောင်းလာပြီး တစ်နေ့ကို တစ်သိန်းဖိုးလောက်ရောင်းရတယ်။ ကလေးတွေကြိုက်ပြီးဝယ်စားတာကနေ နောက်ပိုင်း လူကြီးတွေလည်းကြိုက်ပြီး ဝယ်စားရင်းနဲ့ ရောင်းအားတတ်လာတာပါ”လို့ မဖြူဖြူထွန်းက ပြောပါတယ်။
ကုန်စျေးနှုန်းတွေတက်နေပေမယ့် (၁၀၀)ကျပ်နဲ့ပဲ ရောင်းနေဦးမယ်
လက်ရှိမှာ ကုန်စျေးနှုန်း တတ်တာတွေရှိနေပေမယ့်လည်း ပေါက်စီရဲ့ ဈေးနှုန်းကိုတော့ ပြောင်းလဲဖို့ မရှိသေးဘဲ တစ်လုံးကို (၁၀၀)ကျပ်နဲ့သာ ဆက်လက်ရောင်းချသွားမှာပါ။ စာသင်ကျောင်းအနီးမှာဖွင့်လှစ်ထားတဲ့ဆိုင်လေး ဖြစ်တာကြောင့် ကလေးတွေ ဝယ်စားနိုင်တဲ့ စျေးလေး နဲ့ပဲဆက်လက်ရောင်းချသွားမှာပါလို့ဆိုပါတယ်။
“၁၀၀နဲ့ရောင်းတာကိုတော့ စျေးနှုန်းပြောင်းဖို့ မရှိသေးပါဘူး၊ စျေးတွေဒီထက်တက်ပြီး မကိုက်တော့မှပဲ ပြောင်းရင် ပြောင်းမယ်။ ၁၀၀နဲ့ပဲ ရောင်းလို့ရသလောက် ရောင်းနေဦးမှာပါ”လို့ ဆိုပါတယ်။
Photo : Myat Su
(၁၀၀) တန်ဆိုပေမယ့် အရသာကောင်းတဲ့မီနီပေါက်စီဆိုင်လေး
(၁၀၀)တန် မီနီပေါက်စီကိုတော့ အုန်းသီး၊ ပဲ၊ ပူတင်း၊ ကြက်သား အရသာ(၄)မျိုးနဲ့ ပြုလုပ်ထားပြီး အာဟာရလည်းဖြစ်စေအောင် ပြုလုပ်ထားသလို ကြာရှည်ခံ ဆေးတွေ ထည့်သွင်းပြုလုပ်ထားတာမျိုးမရှိဘူးလို့ ဆိုပါတယ်။
နောက်ပိုင်းမှာတော့ အရသာအသစ်တွေ ထပ်တိုးထုတ်သွားဖို့ရှိသလို အခြားမြို့နယ်တွေကနေ ရောင်းချလိုပါက လက်ကားယူချင်တဲ့သူတွေကို ဖောက်သည်ဈေးနဲ့ ပေးသွားဖို့ အစီအစဉ်ရှိတယ်လို့ မီနီပေါက်စီဆိုင်လေးရဲ့ ဆိုင်ရှင် မဖြူဖြူထွန်းက ဆိုပါတယ်။
မီနီပေါက်စီဆိုင်လေး ဘယ်မှာရှိ
ကောင်းသန့် မီနီ ပေါက်စီဆိုင်ကိုတော့ မရမ်းကုန်းမြို့နယ် သမိုင်း(၁)ရပ်ကွက် မြို့ဟောင်း(၈)လမ်း တတိယအဖြတ် (၈)လမ်း ဓမ္မာရုံဘေးက လမ်းနံဘေးမှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ဆိုင်လေးဖွင့်ချိန်ကတော့ နေ့ခင်း(၂)နာရီကနေ ညနေ(၅)နာရီအထိဖြစ်ပြီး တစ်လုံး (၁၀၀)ကျပ်တန် ပေါက်စီကို မြည်းစမ်းချင်သူတွေအတွက် ညွှန်ပေးလိုက်ပါတယ်နော်။