တစ်ခါက ဆိုက်ဘာတိုက်ခိုက်ခံရမှုကို အခဲမကျေတဲ့ အမေရိကန်ဟက်ကာတစ်ယောက်ဟာ တစ်နိုင်ငံလုံးအင်တာနက်ဖြတ်ပြီး လက်တုံ့ပြန်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း မြောက်ကိုရီးယားနိုင်ငံဟာ တစ်လအတွင်း အနည်းဆုံး ၂ ကြိမ် အင်တာနက်ပြတ်တောက်မှု ဖြစ်ခဲ့ပြီး နိုင်ငံပိုင်ဝက်ဘ်ဆိုက်အားလုံး သုံးမရအောင် ဖြစ်ခဲ့တယ်လို့ NK News သတင်းက ဖော်ပြပါတယ်။ .kp ဒိုမိန်းနာမည်နဲ့ ဆုံးတဲ့ မြောက်ကိုရီးယားဝက်ဘ်ဆိုက်တွေ ကွန်ရက်ပြတ်တောက်ခဲ့တာ ဖြစ်ပြီး နာရီပေါင်းများစွာကြာအောင် ပြတ်တောက်ခဲ့တာလို့ ဆိုပါတယ်။
Photo: NewsWeek
အင်တာနက်ပြတ်တောက်မှုဟာ မြောက်ကိုရီးယားအတွက် ထူးဆန်းတဲ့ ကိစ္စတစ်ခုမဟုတ်ဘဲ ပြည်တွင်းဓါတ်အားလိုင်းပြတ်တောက်မှုကြောင့် ဖြစ်ဖြစ် တခြား Local Infra ပြဿနာတွေကြောင့် ဖြစ်ဖြစ် မကြာခဏ ပြတ်တောက်မှုဖြစ်တတ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့လက မြောက်ကိုရီးယားအင်တာနက်ပြတ်တောက်မှုကတော့ ပြင်ပလက်ချက်ကြောင့်လို့ ဆိုက်ဘာလုံခြုံရေးသုတေသီ ဂျန်နိတ်အလိတ်က ပြောခဲ့ပါတယ်။
နိုင်ငံရဲ့အိုင်တီ Infra တစ်ခုလုံးကို Distributed Denial-Of-Service (DDOS) တိုက်ခိုက်မှု လုပ်သွားခဲ့တာ ဖြစ်ပြီး တစ်နိုင်ငံလုံးက အင်တာနက်ဆက်သွယ်မှုတွေ ပြတ်တောက်ကုန်တာပါ။ ဒီဖြစ်ရပ်ကို ဖန်တီးခဲ့သူက P4x လို့ နာမည်ဝှက်ပေးထားတဲ့ အမေရိကန်ဟက်ကာဖြစ်တယ်လို့ Wired သတင်းမှာ ဖော်ပြပါတယ်။ P4x ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ဇန်နဝါရီလက မြောက်ကိုရီးယားစပိုင်တွေရဲ့ ဆိုက်ဘာတိုက်ခိုက်မှုမှာ Hacked ခံခဲ့ရတဲ့ အနောက်နိုင်ငံ လုံခြုံရေးသုတေသီတွေထဲက တစ်ဦးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
လာပြီး ဆိုက်ဘာတိုက်ခိုက်ခဲ့သူတွေဟာ သူ့ဆီက လက်ဗလာနဲ့ ပြန်သွားခဲ့ပေမယ့် သူကတော့ ဒီကိစ္စကို လက်တုံ့ပြန်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြောပါတယ်။ ဒီကိစ္စကို အမေရိကန်အစိုးရဘက်က အရေးယူဆောင်ရွက်မှုမရှိခဲ့တာကြောင့်လည်း အစိုးရကိုယ်စား အခုလို ပြန်လက်စားချေလိုက်တာလို့ ဆိုပါတယ်။
"ကျုပ်တို့မှာ သွားတွေရှိနေတာ သူတို့မသိရင် ဒီလိုမျိုး လာနေဦးမှာပဲ။ ဒါကြောင့် ကျုပ်တို့ဆီ လာရင် ခင်ဗျားတို့အခြေခံအဆောက်အဦတချို့ လစ်သွားမယ်ဆိုတာကို နားလည်စေချင်တယ်"လို့ P4x က ပြောပါတယ်။
Photo: securitymagazine
မြောက်ကိုရီးယားနိုင်ငံရဲ့ Red Star OS လို့ ခေါ်တဲ့ Operating System ကို တိုက်ခိုက်ဖို့ သူဟာ ဒီစနစ်ရဲ့ အားနည်းချက်တွေကို ဖော်ထုတ်ခဲ့ပြီးနောက် Denial-Of Service Attack လုပ်ဆောင်ခဲ့တာပါ။ မြောက်ကိုရီးယားရဲ့ အင်တာနက်ချိတ်ဆက်ထားတဲ့ ကွန်ရက်တွေဟာ P4x တိုက်ခိုက်ခဲ့တဲ့ ဆာဗာနဲ့ Routers တွေပေါ် မှီခိုနေရတာ ဖြစ်ပြီး တစ်နိုင်ငံလုံးက ဝက်ဘ်ဆိုက်အားလုံးနီးပါး ကွန်ရက်ပြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလထဲမှာ မြောက်ကိုရီးယားဟက်ကာတွေဟာ အမေရိကန်ဆိုက်ဘာလုံခြုံရေးပညာရှင်တွေကို ပစ်မှတ်ထားတဲ့ အနေနဲ့ Microsoft Windows နဲ့ Google Chrome defenses စနစ်တွေကို တိုက်ခိုက်မှု လုပ်သွားခဲ့ပြီး အခုဖြစ်ရပ်ကတော့ နောက်ဆက်တွဲ လက်တုံ့ပြန်မှုလို့ ဆိုရမှာပါ။