ဒီကနေ့ အောက်တိုဘာလ (၁၃)ရက်နေ့ မနက် (၉)နာရီကျော်လောက်မှာ မြန်မာနိုင်ငံအနှံ့အပြား တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုဖြစ်ပွါးခဲ့ပါတယ်။
ရန်ကုန်အပါအဝင် တခြားမြို့ကြီးတွေဖြစ်တဲ့ မန္တလေး၊ မကွေး၊ နေပြည်တော်၊ ပြည် စတဲ့မြို့တွေမှာလည်း တစ်ပြိုင်နက်ထဲ မီးပျက်သွားတယ်လို့ သိရပါတယ်။
“ မနက်က ပျက်သွားတာ။ လွန်ခဲ့တဲ့ မိနစ် (၂၀) ၉နာရီကျော်လောက်က ။ မီးပျက်တဲ့ကိစ္စနဲ့ပတ်သက်လို့ ကြိုတင်အသိပေးတာဘာညာတော့မရှိဘူး။ မီးအားကျပြီးတော့ ဖြတ်ကနဲဆိုပြီး မီးပါပျက်သွားတာ”လို့ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်နေထိုင်သူ တစ်ဦးကပြောပါတယ်။
လက်ရှိ မိနစ် ၄၀ကျော်သည်အထိ မီးလာပြန်လာချင်းမရှိသေးဘဲ ပြည်သူတွေအနေနဲ့ကတော့ လျှပ်စစ်မီးပြတ်တောက်ရတဲ့အကြောင်းရင်းကို မသိရှိရသေးပါဘူး။
“ ဒီမှာလည်း မီးပျက်နေတယ်။ အခုရုံးမှာ အင်ဂျင်နှိုးထားရတာ။ မနက်ကမှပျက်သွားတာ။ ဘာလို့ပျက်တာလဲတော့ မသိဘူး”လို့ မန္တလေးမြို့မှာနေထိုင်တဲ့ ပြည်သူတစ်ဦးကပြောပါတယ်။
နေပြည်တော်မှာလည်း နံနက် ၉ နာရီကျော်မှာ မီးပြတ်တောက်သွားပြီး မိနစ် ၃၀ ခန့်အကြာမှာ မီးပြန်လည် ရရှိတယ်လို့ နေပြည်တော် ဝန်ထမ်းအိမ်ယာမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
မီးပျက်ရတဲ့အကြောင်းအရင်းနဲ့ ပတ်သက်ပြီး ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) အနေနဲ့ ဓာတ်အားချို့ယွင်းမှုကြောင့် ရန်ကုန်တိုင်းအတွင်းရှိနေရာများ ယာယီဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်နေကြောင်းနဲ့ ဓာတ်အားပြန်လည်ရရှိအောင် အချိန်နဲ့တပြေးညီဆောင်ရွက်နေကြောင်းကိုတော့ ပြည်သူတွေကို အသိပေးထုတ်ပြန်ထားပါတယ်။