အလုပ်သမားသမဂ္ဂဖွဲ့ပြီး လုပ်ခတိုးပေးရေး တောင်းဆိုဖို့ ပြင်နေတဲ့ ဝန်ထမ်းတွေကို Apple ကုမ္ပဏီဟာ အနည်းဆုံးလုပ်ခ တိုးပေးလိုက်ပါတယ်။
အရင်က အနည်းဆုံးလုပ်ခ တစ်နာရီ ဒေါ်လာ ၂၀ နှုန်းထားကနေ အခု တစ်နာရီ ၂၂ ဒေါ်လာကို တိုးပေးလိုက်တာ ဖြစ်တယ်လို့ Apple Zက ဝန်ထမ်းတွေကို အသိပေးလိုက်ပါတယ်။ တချို့ဈေးကွက်တွေမှာတော့ နာရီလိုက် လုပ်ခလစာ ပိုရမယ်လို့လည်း ဆိုပါတယ်။ အခုလို လုပ်ခတိုးပေးလာတာဟာ ငွေကြေးဖောင်းပွမှု ၊ အလုပ်သမားဈေးကွက် လိုအပ်ချက် နဲ့ လတ်တလော ကြုံလာနေတဲ့ အလုပ်သမားသမဂ္ဂဖွဲ့စည်းရေးကြိုးပမ်းချက်တွေကို ကိုင်တွယ်ဖို့ လုပ်ဆောင်လာတာပါ။
အခုလို အခြေခံလုပ်ခတိုးပေးခြင်းဟာ ၂၀၁၈ ခုနှစ်တုန်းကနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၄၅% တိုးလာတာလို့ ဆိုပါတယ်။ နာရီလိုက်လုပ်ခတိုးပေးတဲ့ အပြောင်းအလဲက နာရီနဲ့ လုပ်ရတဲ့ လက်လီဝန်ထမ်းတွေပေါ် သက်ရောက်မှုရှိပါတယ်။ လခစား ဝန်ထမ်းနေရာတွေကတော့ နောက်မှ တိုးလာဖို့ မျှော်လင့်ရပါတယ်။ မေလ ၂၆ ရက်နေ့မှာပဲ Apple လက်လီအကြီးအကဲ ဒီယာဒရေး အိုဘရီယန်က ဝန်ထမ်းတွေကို အလုပ်သမားသမဂ္ဂမှာ ပါဝင်ခြင်းရဲ့ အားနည်းချက်တွေ ပြောပြပြီး သမဂ္ဂမှာ မပါဖို့ ဖျောင်းဖျတဲ့သဘောနဲ့ ပြောတဲ့ ဗွီဒီယိုအသံဖိုင် ပေါက်ကြားခဲ့ပါတယ်။
Apple လက်လီဝန်ထမ်းတွေဟာ အလုပ်သမားအခွင့်အရေး နဲ့ လုပ်ခလစာ တိုးရရေးအတွက် သမဂ္ဂဖွဲ့စည်းပြီး လှုပ်ရှားဖို့ ကြိုးစားနေကြတာပါ။ လက်လီဝန်ထမ်းတွေအနေနဲ့ နာရီလိုက်လုပ်ခကို တစ်နာရီ ဒေါ်လာ ၃၀ အထိ တောင်းဆိုထားကြပြီး အားလပ်ရက် အနားယူချိန် တိုးပေးဖို့ နဲ့ အငြိမ်းစားယူချိန်အတွက် ပိုကောင်းတဲ့ ခံစားခွင့်တွေ ရဖို့လည်း အနည်းဆုံး ဆိုင် ၃ ဆိုင်မှာ သမဂ္ဂအဖွဲ့တွေ ဖွဲ့ဖို့ ပြင်ဆင်နေကြပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အနှစ် ၄၀ ကျော်အတွင်း အမြန်ဆုံး ငွေကြေးဖောင်းပွမှုနဲ့ ကြုံတွေ့နေရပြီး ဧပြီလအထိ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၈.၃% ရှိတယ်လို့ ဆိုပါတယ်။ ငွေကြေးဖောင်းပွမှုမြင့်တက်နေပြီး အလုပ်လက်မဲ့နှုန်း၃.၆% နဲ့ ကျဆင်းသွားချိန်မှာ အလုပ်ခေါ်ဆိုမှုမြင့်မားတဲ့ နည်းပညာကဏ္ဍက ကျွမ်းကျင်ဝန်ထမ်းတွေဟာ လုပ်ခလစာ တိုးတောင်းဖို့ ကြိုးစားနေပါတယ်။
Facebook ၊ Snap နဲ့ Nvidia တို့လို နည်းပညာကုမ္ပဏီကြီးတွေအနေနဲ့ ဈေးကွက်အနေအထားအရ ကုန်ကျစရိတ်ကို ထိန်းချုပ်ဖို့ အလုပ်ခေါ်ဆိုမှု လျှော့ချဖို့ ပြင်နေပါတယ်။ တစ်ဖက်မှာလည်း Google ၊ Amazon နဲ့ Microsoft တို့ဟာ လူတော်တွေကို အလုပ်မှာ ရေရှည်ထိန်းထားနိုင်ဖို့ လုပ်ခလစာ တိုးပေးသလို ခံစားခွင့်တွေလည်း မြှင့်ပေးထားကြတယ်လို့ ဆိုပါတယ်။