လမ်းဘေးမြန်မာ့မုန်ဆိုင်လေးဆိုပေမယ့်လည်း မုန့်အမျိုးအစားပေါင်း (၂၀) ကျော်လောက်ရပါတယ်။

မြန်မာ့မုန့်ကောင်းကောင်းကြိုက်တဲ့သူတွေအတွက် နှစ် (၂၀) ကျော်သက်တမ်းရှိပြီး လက်ရာကောင်းတဲ့ မြန်မာမုန့်ဆိုင်လေးတစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဆိုင်လေးကတော့ ကျောက်မြောင်း၊သီတာလမ်းထိပ်ကမြန်မာမုန့်ဆိုင်လို့ပြောရင် လူတိုင်းသိကြတဲ့အထိ ဖောက်သည်များတဲ့ ဆိုင်လေးပါ။



ဘိုးဘွားတွေလက်ထက်ကတည်းက မြန်မာမုန့်လုပ်ငန်းနဲ့ ရင်းနှီးခဲ့

သီတာလမ်းထိပ်က မြန်မာမုန့်ဆိုင်ရယ်လို့ မဖြစ်လာခင် ၁၉၉၀ ခုနှစ်လောက်ကတည်းက အဘိုးအဘွားတွေက မုန့်ရောင်းတဲ့လုပ်ငန်းနဲ့ အသက်မွေးခဲ့တာပါ။ မိဘတွေလက်ထက်မှာတော့ မြန်မာ့မုန့်ရောင်းတဲ့လုပ်ငန်းကို တွင်တွင်ကျယ်ကျယ်လုပ်ကိုင်ခဲ့ပြီးတဲ့နောက် ကျောက်မြောင်း၊ သီတာလမ်းထိပ်က မြန်မာမုန့်ဆိုင်ရယ်လို့ လူသိများလာခဲ့ပါတယ်။

“ အဘိုး၊အဘွားခေတ်တုန်းက ခေါပုတ်တွေ ကို ဘူတာကြီးမှာ လိုက်ရောင်းတယ်။နောက်တော့ မြန်မာမုန့်လေးတွေ လည်းရောင်းတာပေါ့။ ဆန်ဆနွင်းမကင်းတို့၊ မုန့်ကျွဲသဲ၊ သာကူ တို့ စရောင်းတယ်။ အဲဒီတုန်းကတော့ တောင်ဒဂုံမှာနေပြီးတော့ ကျောက်မြောင်းဈေးအထိလာရောင်းတယ်။ မိဘတွေလက်ထက်မှာရောင်းတဲ့အခါကျတော့ မုန့်အမျိုးအစားကတော့ ပိုများလာတာပေါ့။” လို့ ဆိုပါတယ်။

ဒီမုန့်ဆိုင်လေးနှစ် (၂၀) ကျော်အထိ ဘာလို့ရပ်တည်နေနိုင်လဲ။

အဓိကကတော့ မုန့်လက်ရာနဲ့ စေတနာကြောင့်လို့ ဆိုနိုင်ပါတယ်။ မြန်မာမုန့်ဖြစ်တဲ့အတွက် ကြာရှည်ခံထားလို့မရဘဲ လတ်လတ်ဆတ်ဆတ်ဖြစ်နေမှ အရသာကောင်းမှာဖြစ်သလို ချိုအီမနေအောင်လည်း ပြုလုပ်ရပါသေးတယ်။ ဒီမုန့်ဆို်ငလေးရဲ့ အားသာချက်ကတော့ အရမ်းမချိုအောင်၊ မအီအောင်ပြုလုပ်ထားပြီး ဆေးသကြားလုံးဝမသုံးဘူးလို့ ဆိုပါတယ်။

“အရသာကိုလည်း ကိုယ်စားသလိုပဲ လုပ်တယ်။ ကိုယ့်အကြိုက်ဖြစ်နေမှလည်း စားသုံးသူကကြိုက်မှာလေ။ အမြဲတမ်းကိုယ့်အကြိုက်နဲ့ ယှဉ်ယှဉ်ပြီးရောင်းပါတယ်။ အရသာဆိုလည်း အဖေနဲ့အမေပဲ အဓိလုပ်တယ်။ ဘယ်တော့မှ လက်ရာမပြောင်းဘူး။ မုန့်တွေကလည်း လတ်လတ်ဆတ်ဆတ်ပဲ တစ်နေ့စာတစ်နေ့ပဲရောင်းပါတယ်။ ” လို့ပြောပါတယ်။

ခေတ်နဲ့အညီဈေးကွက်စီးပွားရေးစနစ်ကိုပြောင်းလဲနိုင်

မြန်မာမုန့်ရောင်းတယ်ဆိုပေမယ့်လည်း ခေတ်နဲ့အညီ အွန်လိုင်းပေါ်မှာတင်ရောင်းတာကိုလည်းလုပ်ခဲ့ပါတယ်။ ကိုဗစ်ကာလတုန်းက ဆိုင်တွေပိတ်ထားရချိန်မှာ မြန်မာမုန့်လေးတွေကို အော်ဒါမှာယူနိုင်ကြောင်း လူမှုကွန်ရက်ပေါ်က အစားအသောက် ရောင်းတဲ့ အုပ်စုတွေမှာ တင်ပြီးရောင်းခဲ့ရာကနေ မူရင်းဖောက်သည်တွေလည်း မှာယူကြသလို ထပ်တိုးဖောက်သည်တွေလည်း များလာခဲ့ပါတယ်။

“ ကိုယ်က လူငယ်ဆိုတော့ ပုံလေးတွေရိုက်၊ ပို့စ်လေးတင်ပြီးရောင်းရတာ ဝါသနာပါတယ်။ အဖေ၊အမေတို့က ဒါတွေမသိဘူးလေ။ ကိုယ်လဲတင်ရောင်းလိုက်ရော အပြင်မှာ ဝယ်စားနေကျဖောက်သည်တွေကလည်း အားပေးကြတယ်။ တစ်ခြားမြို့နယ်တွေကလည်းလာမှာစားကြတယ်။ အော်ဒါပို့ပေးလားပေါ့။ အဲဒါနဲ့ ပို့ခယူပြီး မုန့်ကတော့ ဘယ်လောက်ဖိုးယူယူပို့ပေးတယ်။ ဒါကြောင့် ဖောက်သည်တွေလည်းပိုတိုးလာတယ်။ အခုဆို ဈေးမှာလဲရောင်းတယ်။ အွန်လိုင်းမှာလဲရောင်းတယ်။ ” ဆိုင်ရှင်ရဲ့ သမီးဖြစ်သူက ဆိုပါတယ်။

မြန်မာမုန့်အမျိုးအစားပေါင်း (၂၀) ကျော်ရတဲ့ဆိုင်လေး

ဆိုင်လေးက လမ်းဘေးမြန်မာ့မုန်ဆိုင်လေးဆိုပေမယ့်လည်း မုန့်အမျိုးအစားပေါင်း (၂၀) ကျော်လောက်ရပါတယ်။ ဒီဆိုင်မှာရနိုင်တဲ့ မြန်မာမုန့်အမျိုးအစားတွေကတော့ ကောက်ညှင်းရွှေကြည်၊ ရွှေထမင်း ၊ ဆီထမင်း၊ ကောက်ညှင်းပြန်ပေါင်း၊ အုန်းနို့သာကူပြင်၊ ဆန်ဆနွင်းမကင်း ၊မုန့်ကျွဲသဲ၊ ရွှေကျီးဆနွင်းမကင်း၊ ဌက်ပျောဆနွင်းမကင်း၊ ဌက်ပျော်ရွှေကြည်၊ ကျောက်ကျော မျိုးစုံ၊ ဆွမ်းမွှေးသာကူ၊ မုန့်အုန်းသီး၊ မုန့်ဖက်ထုပ်၊ ကောက်ညှင်းထုပ်၊ ငှက်ပျောသီးကြော်၊ ကြက်ဥပူတင်း။ ထမနဲ။ အာလူးရွှေကြည်၊ ကန်စွန်းဥရွှေကြည် စတဲ့မုန့်အမျိုးအစားပေါင်းမျိုးစုံရနိုင်ပါတယ်။

မုန့်လုပ်ငန်းလေးက မိသားစုစီးပွားရေးလေးဖြစ်လာ

အရင်က တောင်ဒဂုံမြို့နယ်ကနေ ကျောက်မြောင်းထိ လာလာရောင်းရာကနေ ကျောက်မြောင်းဘက်မှာနေဖို့ တစ်အိမ်ပြီးတစ်အိမ် အငှားဘဝနဲ့ပြောင်းနေခဲ့ရတယ်လို့ဆိုပါတယ်။ အဲဒီနောက် ဈေးရောင်းရဝင်ငွေလေးကို စုဆောင်းပြီး မြေညီထပ်တစ်ခန်းလေးပိုင်ဆိုင်နိုင်အောင် ကြိုးစားခဲ့ပါတယ်။

“ ကျွန်မတို့မှာ ဒီလုပ်ငန်းလေးပဲ ရှိတာပေါ့။ မနက်ဆို ဈေးမှာရောင်းတာက မနက်ပိုင်းကို ၁ သိန်းခွဲ ကျော်ဖိုးလောက်ရောင်းရတယ်။ ညနေပိုင်းကျတော့ သုံးသိန်းကျော် အမှာများရင် လေးသိန်းလောက် ရောင်းရတာပေါ့။ အမြတ်အစွန်းလေးတွေကို အမေက ကြိုးစားစုဆောင်းတယ်။ အခုတော့ အိမ်ပိုင်လေးနဲ့ နေရပါပြီ” လို့ ဆိုပါတယ်။

ဒီဆိုင်လေးကို အားပေးချင်ရင်တော့

တာမွေမြို့နယ် ၊ သီတာမှတ်တိုင်ဘေးက သီတာလမ်းထိပ်၊ တိုက် (၅) ၊ မှာဖြစ်ပါတယ်။အရင်က နာမည်မပေးထားပေမယ့် အခုတော့ “ မြတ်” မြန်မာ့မုန့်မျိုးစုံလုပ်ငန်းလို့ အမည်ပေးထားပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက် (၆) နာရီကနေ နေ့လယ် (၁၁) နာရီခန့်အထိ ကျောက်မြောင်း သီတာဈေးမှာ ရောင်းချပြီး နေ့လယ် (၃) နာရီကနေ ည (၇) နာရီခန့်အထိတော့ ကျောက်မြောင်း သီတာလမ်းထိပ်မှာရောင်းပါတယ်။ ဖုန်းဆက်မှာယူချင်သူတွေအနေနဲ့ ဖုန်းနံပါတ် 09420745845၊ ၀၉၂၆၇၈၁၅၃၅၃ ကိုဆက်သွယ်မှာယူနိုင်ပါတယ်။

 

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က