မြန်မာထမင်းဟင်းတွေကို အိမ်ချက်လက်ရာတွေအတိုင်း ဆီနည်းနည်းနဲ့စားရတာ ကြိုက်နှစ်သက်သူတွေအတွက်တော့ ဦးသော်ကြီး ထမင်းဆိုင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဆိုင်လေးကတော့ ဖွင့်ထားတာ (၁)နှစ်ကျော်ဝန်းကျင်ပဲရှိသေးပေမယ့်လည်း ဟင်းအမျိုးအစားစုံစုံလင်လင်ရတဲ့အပြင် လက်ရာကလည်းကောင်း၊ဈေးနှုန်းကလည်း သင့်တင့်တာကြောင့် လူသိများနေတဲ့ဆိုင်လေးဖြစ်ပါတယ်။
မတူညီတဲ့လုပ်ငန်းကနေ အစားအသောက်လုပ်ငန်းကိုကူးပြောင်းလာခဲ့တဲ့ ဦးသော်ကြီးထမင်းဆိုင်ရဲ့ အစ
ဦးသော်ကြီး ထမင်းဆိုင်ရဲ့ ဆိုင်ရှင်တွေဖြစ်တဲ့ ဦးသော်ညီညီထွန်းနဲ့ ဒေါ်အိအိမျိုးသော်တို့ဟာ ယခင်က အစားအသောက်လုပ်ငန်းလုပ်ကိုင်သူတွေမဟုတ်ပါဘူး။ သင်္ဘောသားနဲ့ ခရီးသွားလုပ်ကိုင်သူတွေ ဖြစ်ကြတဲ့ သူတို့နှစ်ဦးဟာ ကိုဗစ်ကြောင့် လုပ်ငန်းတွေ နားလိုက်ရချိန်မှာ ဝါသနာပါတဲ့ အစားအသောက်လုပ်ငန်းလေး စလုပ်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
“ စပြီးလုပ်တဲ့အခါမှာတော်တော်ပင်ပန်းတယ်။ ပထမဦးဆုံးစရောင်းတုန်းက ကိုယ်က ဈေးရောင်းတဲ့သူမဟုတ်တော့ နည်းနည်းတော့ ရှက်တာပေါ့နော်။ ဒါပေမယ့် သမာအာဇီဝ လုပ်ငန်းလည်းဖြစ်တယ်။ ကိုယ်ကလည်းဟင်းချက်ဝါသနာပါတော့ ကိုယ်ချက်တဲ့ဟင်းလေးတွေကို ထုတ်ရောင်းရတာဆိုတော့ ပျော်တော့ ပျော်ပါတယ်။ အစားအသောက်လုပ်ငန်းဖြစ်တော့ ဟင်းချက်ရတာရော ဝန်ထမ်းအင်အားထိန်းရတာရော နောက် အဓိကကတော့ သန့်ရှင်းသပ်ရပ်မှုပေါ့နော်။ လမ်းဘေးဆိုင်ဖြစ်တဲ့အတွက် ပိုပြီးတော့ ဂရုစိုက်ခဲ့ရတယ်။” လို့ ဦးသော်ကြီးထမင်းဆိုင်ရဲ့ ဆိုင်ရှင်ဖြစ်သူ ဒေါ်အိအိမျိုးသော် က ပြောပါတယ်။
စရောင်းကာစမှာ အခက်အခဲတွေကြုံခဲ့ပေမယ့် အားမလျှော့တဲ့သူတို့ဇနီးမောင်နှံ
စရောင်းကာစတုန်းကတော့ ဟင်း (၈) မျိုး၊ (၉) မျိုးလောက်နဲ့ စရောင်းခဲ့ပြီး တစ်နေ့ကို လေးသောင်း၊ ငါးသောင်းရောင်းရဖို့ကို အတော်လေးရုန်းကန်ခဲ့ရတဲ့အခြေအနေတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း စိတ်ဓာတ်မကျဘဲ လုပ်တဲ့အလုပ်ပေါ်မှာ ဇွဲရှိရှိနဲ့ ကြိုးစားခဲ့သလို ဟင်းလက်ရာကလည်း စားသုံးသူတွေအကြိုက်တွေ့စေတာကြောင့် အခုဆို တစ်နေ့ကို (၈) သိန်းဖိုးလောက်ရောင်းရတဲ့ အနေအထားထိဖြစ်လာခဲ့ပြီလို့ဆိုပါတယ်။
“အမျိုးသားကလည်း သင်္ဘောသား၊ အစ်မကလည်း ကုမ္ပဏီဝန်ထမ်းလုပ်တယ်။ အစ်မတို့ ဆိုင်စဖွင့်တုန်းက ဒီဟင်းတွေ ရောင်းရပါ့မလား စိတ်ပူခဲ့ရတာ။ အရောင်းပါးသွားရင် စိတ်ဓာတ်ကျခဲ့တာမျိုးရှိတယ်။ မိုးတွင်းတုန်းကဆို ထမင်းကြာ်ဆို အများကြီးပိုနေတာ။ သွန်ပစ်လိုက်ရတာတွေရှိတယ်။ ဒါပေမယ့် ဘယ်လောက်ပဲမိုးသည်းနေပါစေ၊ ဦးသော်ကြီး ထမင်းကြော်ဆိုင်ရှိတယ်ဆိုပြီး အမြဲတမ်းဖွင့်တယ်။ အဓိကကတော့ ဇွဲရှိရမယ်။ ဝီရိယရှိရမယ်။ အားစိုက်ထုတ်ပြီးတော့ ကြိုးစားခဲ့တာပါ။” လို့ ဆိုပါတယ်။
ရင်ဘတ်နဲ့ချက်၊ နှလုံးသားနဲ့ ဈေးရောင်းတဲ့ ဦးသော်ကြီးထမင်းဆိုင်
ဦးသော်ကြီးထမင်းဆိုင်မှာ အဓိကဟင်း အမျိုးအစားက (၆၆) မျိုးကျော်လောက်ရပြီး အရံဟင်းကတော့ (၁၀) မျိုးကျော်လောက် နဲ့စုစုပေါင်း ဟင်းအမျိုးအစားပေါင်း (၇၀) ကျော်လောက်ရရှိတာဖြစ်ပါတယ်။ ဝက်သား၊ ကြက်သား၊ ဆိတ်သား စတဲ့ဟင်းတွေကို ပုံစံအမျိုးမျိုးနဲ့ချက်ပြုတ်ထားပြီး အရသာကလည်း ကိုယ့်အိမ်မှာ စားရသလို ခံစားရစေအောင် မိသားစုသဖွယ် ခံစားရစေအောင်ချက်ပြုတ်ထားတယ်လို့ ဆိုပါတယ်။ ဟင်းအမျိုးအစားစုံတဲ့အပြင် ထမင်းကြော်၊ အုန်းထမင်းတို့လည်း ရရှိနိုင်ပြီး စားသုံးသူတွေအတွက် ရွေးချယ်စရာများလှတဲ့ဆိုင်လေး ဖြစ်ပါတယ်။
“ ရင်ဘတ်နဲ့ချက်တယ်။ နှလုံးသားနဲ့ဈေးရောင်းတယ်။ ကိုယ့်အရသာကို အရမ်း ယုံကြည်မှုရှိတယ်။ ကိုယ်ချက်လိုက်တာကို မိသားစုလို ခံစားမှုမျိုးနဲ့ စားပြီးတော့ အရသာရှိပီး ခံတွင်းတွေ့သွားတာကို ပီတိဖြစ်တယ်။ ဆိုင်က ချက်သမားတွေကိုလည်း တူတူချက်တဲ့အခါမှာ စားတဲ့သူတွေအကုန်လုံးခံတွင်းတွေ့ဖို့ အရသာတွေကို မျှတအောင် သင်ပေးပါတယ်။ “လို့ ဆိုပါတယ်။
ဆိုင်ခွဲတွေ ဖွင့်ချင်တဲ့ သူတို့ရဲ့စိတ်ကူး
ဒီလိုမျိုး ဟင်းအမျိုးပေါင်း (၇၀) ကျော် လောက်ရနိုင်တဲ့ ဦးသော်ကြီးရဲ့ ထမင်းဆိုင်လေးကို တောင်ဥက္ကလာပမြို့နယ်အပြင် ဖောက်သည်တွေများတဲ့ အခြားမြို့နယ်တွေမှာလည်း ဆိုင်ခွဲတွေ ဖွင့်ဖို့စိတ်ကူးထားတယ်လို့ဆိုပါတယ်။ ထမင်းနဲ့ဟင်း တစ်ပွဲကိုမှ (၂၅၀၀) ကျပ်၊ (၃၀၀၀) ကျပ်နဲ့ ရွေးချယ်စားသုံးနိုင်တဲ့ ဦးသော်ကြီး ထမင်းဆိုင်ကို မြောက်ဒဂုံ၊ ကျောက်မြောင်း၊ အင်းစိန်၊ လှည်းတန်း တို့မှာ ဆိုင်ခွဲတွေ ဖွင့်ဖို့ ရည်ရွယ်ထားပါတယ်။
လက်ရှိဆိုင်လေးကတော့ တောင်ဥက္ကလာပမြို့နယ် သုမင်္ဂလာလမ်းနဲ့ မေတ္တာလမ်းထောင့် မှာ ဖြစ်ပြီး ဆိုင်ဖွင့်ချိန်က မနက် (၁၁) နာရီကနေ ည (၁၁) နာရီလောက်ထိဖြစ်ပါတယ်။ ဒါကြောင့်မို့ဟင်းပွဲမျိုးစုံရွေးချယ်နိုင်ပြီး အိမ်ချက်လက်ရာလေးစားချင်သူတွေအတွက် ဦးသော်ကြီးထမင်းကြော်ဆိုင်လေးကို လာရောက်စားကြည့်ကြဖို့ ညွှန်းပေးလိုက်ပါတယ်။