စားသုံးသူ ခိုင်ခိုင်မာမာရှိနေတဲ့ဆိုင်ပါ။

ဒီနေ့မှာတော့ Duwun ကနေ ၁၂ နှစ်‌ကျော်တိုင် စားသုံးသူတွေရဲ့ အသိအမှတ်ပြုမှု အပြည့်အဝရရှိထားတဲ့ ကြက်သားသုပ်ဆိုင်တစ်ဆိုင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။



“ရွှေမိ” ကြက်သားသုပ်ဆိုင်ရဲ့ရာဇဝင်

ဒီကြက်သားသုပ်ဆိုင်လေးရဲ့ ရောင်းသူတွေ ကိုယ်တိုင်က ဝန်ဆောင်မှု ကောင်းလွန်းတာကြောင့် ဆိုင်နာမည်မရှိသေးခင်က ဆိုင်ရှင်အမည် “မညို” ကို အစွဲပြုပြီး “မညို”ကြက်သားသုပ်ဆိုင်လို့ သာကေတမှာ နာမည်ကြီးလာခဲ့တာပါ။ ယခုအချိန်မှာတော့ ဆိုင်ရှင် မညိုရဲ့သမီး မရွှေမိက ဆိုင်ကို ဦးစီးနေတာဖြစ်လို့ ဆိုင်နာမည်ကို “ ရွှေမိ” လို့ အမည်ပေးထားလိုက်ပြီဖြစ်ပါတယ်။

“ ဒီဆိုင်လေးက အခုဆို မိဘတွေ လက်ထပ်ကနေ သမီးအထိဆိုရင် နှစ်က (၁၂) နှစ်တောင် ရှိလာပြီ။ အရင်တုန်းက ကြက်သားဆိုင်ဖွင့်တာပါ။ ဒါပေမယ့် ဝါသနာအရ ကိုယ်တွေကလည်း ဒီလို ကြက်သားသုပ်လေး လုပ်ကြည့်ရင်ကောင်းမယ်ဆိုပြီး လုပ်ရောင်းရင်း ဆိုင်စဖွင့်ဖြစ်ခဲ့တယ်။ ၂၀၁၀ ခုနှစ် လောက်ကပေါ့” လို့ ဆိုင်ပိုင်ရှင် မရွှေမိက ဆိုပါတယ်။


ဓာတ်ပုံ - စံပယ်

လူကြိုက်များနေရတဲ့ “ရွှေမိ”ကြက်သားသုပ်ရဲ့လျှို့ဝှက်ချက်

အစားအသောက်တစ်မျိုး နာမည်ကြီးဖို့ဆိုတာ အနံ့၊ အရသာ၊ သန့်ရှင်းလတ်ဆတ်မှု စတဲ့ စားချင်စဖွယ်အချက်များစွာနဲ့ ပြည့်စုံနေဖို့ လိုပါတယ်။ ဒီအချက်အားလုံးနဲ့ ကိုက်ညီအောင် ဂရုတစိုက်နဲ့ လုပ်ဆောင်ဖြစ်တယ်လို့ ဆိုပါတယ်။

“ ကြက်သားသုပ်ကို အန်တီက အပေါ်ယံ အရေခွံ၊ ခေါင်း၊ ခြေထောက်၊ အတောင်ပံ နဲ့ အဆီဖူးတွေကနေ စပြီး အသားတွေအထိ ရေကို ၃ ထပ်ကနေ ၅ ထပ်လောက်အထိ သေသေချာချာ သန့်စင်အောင်ဆေးကြောရတယ်။ အညစ်အကြေးတွေလည်း သေချာပြောင်အောင် သူတို့ကို အကုန်စုပြီး မဆေးဘူး။ သေသေချာချာ တစ်အိုးချင်းစီ ထားပြီး ဆေးရတယ်။ ပဲဟင်းဆိုရင်လည်း တကယ်ကို ကုလားပဲ စစ်စစ် နဲ့ ချက်တာပါ။ ဘာအုန်းနို့ရည်၊ ဘာဆေးသကြား၊ ဘာဆေးဆိုးမှ မပါ ပါဘူး။ ကြက်သားပြုတ်ထားတဲ့ ကြက်ပြုတ်ရည်နဲ့ ပဲအိုးကို ချက်ရတာပေါ့။ ဒါတွေ လုပ်နေတဲ့ အချိန်မှာလဲ ဘာပိုးကောင်မှ မကပ်နိုင်အောင် မျက်စိကိုလျင်လျင်ထားပြီး အမြဲကြည့်ဖြစ်တယ်။ ကိုယ်တွေစားသလို သန့်ရှင်းမှ စားသုံးသူတွေလည်း ကြိုက်မှာဆိုတော့ အစားအသောက်ကို အကောင်းဆုံး သန့်ရှင်းအောင် လုပ်ဖြစ်တယ်” လို့ မရွှေမိရဲ့အဒေါ် မကေသီက ပြောပါတယ်။

 

ဓာတ်ပုံ - စံပယ်

ကြက်သားသုပ်ဆိုင်ဖွင့်ချင်သူတွေကိုလည်း သင်ပြပေးတဲ့ မရွှေမိ

နာမည်ရနေပြီဖြစ်တဲ့ ဒီကြက်သားသုပ်ဆိုင်လေးဟာ ရောင်းကောင်းနေပေမဲ့လည်း သူတို့ရဲ့ နည်းလမ်းကို လျှို့ဝှက်မထားဘဲ ဆိုင်ဖွင့်ချင်သူတွေကို သင်ပြပေးနေတယ်လို့လည်း သိရပါတယ်။

“ဆိုင်ခွဲတွေ မဖွင့်ဖြစ်တာက စားသုံးသူ အပေါ်မှာ ကျွန်မတို့ရဲ့ ဝန်ဆောင်မှုတွေ လစ်ဟင်းသွားမှာကို စိုးရိမ်တဲ့အတွက် မဖွင့်တာပါ။ ဒါပေမယ့် ဒါမျိုး ကြက်သားသုပ်လေး လုပ်ရောင်းချင်လို့ သင်ပေးပါ၊ ကူညီပါ ပြောတဲ့သူတွေ ရှိလာရင် ကျွန်မတို့ကိုယ်တိုင် သင်ပေးဖြစ်တယ်။ ဒီဆိုင်လေးကြောင့် မိသားစု စားဝတ်နေရေးလည်း အဆင်ပြေတယ်။ အခုဆို ကျွန်မတို့ ရည်မှန်းချက် ထားခဲ့တဲ့အတိုင်း အိမ်ဝယ်ဖို့လောက်အထိ စုဆောင်းမိခဲ့ပါပြီ။ ပတ်ဝန်းကျင်အတွက်လည်း ကောင်းသလို ကိုယ်တွေ အတွက်လည်း အထောက်အပံ့ကောင်းတစ်ခု ဖြစ်ပါတယ်” လို့ မရွှေမိက ပြောပြပါတယ်။

ဓာတ်ပုံ - စံပယ်

"ရွှေမိ” ကြက်သားသုပ်ရဲ့ စျေးနှုန်းနဲ့ ဆိုင်တည်နေရာ

လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်တုန်းက တစ်ပွဲကို (၅၀) ကျပ်၊ (၁၀၀) ကျပ်နဲ့ ရောင်းနိုင်ခဲ့ပေမဲ့ ကုန်စျေးနှုန်းပေါ်မူတည်ပြီး အဆင့်ဆင့်စျေးတက်လာခဲ့ရာ အခုဆိုရင် ဟင်းရည်နဲ့ ကြက်သားသုပ် တစ်ပွဲကို ငွေကျပ်(၁၀၀၀) ၊ (၁၅၀၀) နဲ့ ရောင်းချနေပါတယ်။

“အရင်တုန်းကဆို ကြက်သား အချိန် (၃၀၀) ကျော်လောက် ကုန်တယ် အခုတော့ စီးပွားရေးအကြပ်အတည်းတွေ များလာတော့ အချိန်(၇၀) လောက်ပဲ ရောင်းရတော့တယ်” လို့ မရွှေမိက ဆိုပါတယ်။

ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် “ရွှေမိ” ကြက်သားသုပ်ဆိုင်ကတော့ ညနေပိုင်း ဆိုင်ဖွင့်ချိန်ကစလို့ ဆိုင်ပိတ်ချိန်အထိ စားသုံးသူတွေမပြတ်ဘဲ အမြဲစည်ကားနေတာပါပဲ။ ကဲ.. Duwun ပရိသတ် အစားချစ်သူတွေအနေနဲ့ “ရွှေမိ” ကြက်သားသုပ်ကို မြည်းစမ်း စားကြည့်ချင်တယ်ဆိုရင် သာကေတမြို့နယ်၊ ဓမ္မာရုံ ကားမှတ်တိုင်အနီးမှာ ဖွင့်လှစ်ထားပါတယ်လို့ လက်တို့လိုက်ပါရစေနော်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က