ဆိုင်သက်တမ်းလေးကတော့ (၁၄) နစ်ပြည့်တော့မှာဖြစ်ပါတယ်။

မင်းလမ်း အမဲအူတုတ်ထိုးလို့ ပြောလိုက်တာနဲ့ အစားသမားအများစု သိနေနိုင်ကြပါတယ်။ ရန်ကုန်မြို့ရဲ့ အကောင်းဆုံး အမဲအူတုတ်ထိုး ဆိုင်တွေထဲက တစ်ခုလို့ ပြောနိုင်ပါတယ်။ လက်ရာကောင်းတဲ့အပြင် အမဲအူလတ်လတ်ဆတ်ဆတ်လေးက စားသုံးသူတွေကို အဓိက ဆွဲဆောင်နေပြီး အခုဆိုဆိုင်သက်တမ်းက (၁၄) နှစ်တောင် ရှိနေပါပြီ။



 ပန်းထိမ်သမားတစ်ဦးဘဝကနေ အမဲအူတုတ်ထိုးသည်ဖြစ်လာသူ        

အမဲအူတုတ်ထိုး ဆိုင်ရှင်ဟာ အရင်က ပန်းထိမ်သမားတစ်ဦး အဖြစ် ရပ်တည်ခဲ့သူပါ။ ၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်းကြီး အပြီးမှာတော့ လုပ်ငန်းအကျပ်အတည်းတွေနဲ့ ရင်ဆိုင်လာရတဲ့နောက်ပိုင်း ပန်းတိမ်အလုပ်ကို ရပ်နားလိုက်ပြီး ကိုယ်တိုင်လည်း ကြိုက်နှစ်သက်တဲ့ အမဲအူတုတ်ထိုးဆိုင်လေးဖွင့်ဖို့ စိတ်ကူးမိခဲ့တာလို့ ဆိုပါတယ်။

"ဦးလေးက ပန်းတိမ်အလုပ်နဲ့ အမဲအူဆိုင် ဒီလုပ်ငန်းနှစ်မျိုးပဲ လုပ်ဖူးတာ။ နာဂစ်ပြီးတော့ အလုပ်အကိုင်တွေရှားပါးသွားတာနဲ့ ဘာလုပ်ရမလဲစဥ်းစားပြီး ဒီအလုပ်ကိုလုပ်ခဲ့တာ။ အဲ့ဒီ့အချိန်တုန်းကတော့ အမဲအူတုတ်ထိုးတွေကို စည်းစနစ်တကျ လုပ်တာမျိုးသိပ်မရှိဘူးပေါ့။ ဦးလေးလည်း ဒီအလုပ်ကိုလုပ်ရင်းလုပ်ရင်းနဲ့ အခုလိုအခြေအနေဖြစ်လာတာပါ" ဆိုပြီး ရခိုင်တိုင်းရင်းသားသံဝဲဝဲနဲ့ ဆိုင်ပိုင်ရှင် ဦးလေးကြီးက ဆိုပါတယ်။ 


ဆိုင်သေးသေးလေးကတစ်နေ့ကိုအချိန် ၂၀ ကျော်အထိလက်မလည်အောင်ရောင်းရ

ီဆိုင်လေးမှာ အဓိကရနိုင်တာက အမဲအူအပြုတ်၊အသုတ်နဲ့တုတ်ထိုးတွေကို စုံလင်အောင် ရောင်းချနေပြီး လတ်ဆတ်သန့်ရှင်းတဲ့ ကုန်ကြမ်းပစ္စည်းတွေနဲ့အတူ ကောင်းမွန်လှတဲ့လက်ရာတွေကြောင့်ပဲ စားသုံးသူတွေ အမြဲမပြတ်စည်ကားနေတဲ့ ဆိုင်လေးပါ။

“ တစ်နေ့ကို အချိန် (၂၀) ကျော်လောက်ရောင်းရတယ်။ မီဒီယာတွေကလည်း ဖော်ပြပြီး နောက်ပိုင်း စားသုံးသူတွေ ပိုပိုပြီးများလာပါတယ်။ ဝိုင်းကူလုပ်တဲ့သူကလည်း (၃) ယောက်လောက်ပဲဆိုတော့ လက်မလည်အောင် ရောင်းရတယ်” လို့ ဆိုင်ရှင် ဦးလေးကြီးက ဆိုပါတယ်။

မင်းလမ်း အမဲအူတုတ်ထိုးဆိုင်ရဲ့ နာမည်ကြီးရတဲ့ လျှို့ဝှက်ချက်

မင်းလမ်းအမဲအူတုတ်ထိုးဆိုင်ရယ်လို့ နာမည်ကြီးနေတဲ့ လျှို့ဝှက်ချက်ကလည်း ရှိနေပြန်ပါတယ်။ အမဲအူစုံတွေကိုသုပ်ရာ၊ပြုတ်ရာမှာ သုံးတဲ့ ကုန်ကြမ်းပစ္စည်းတွေထဲက ထူးခြား တဲ့ ငရုတ်သီးထောင်းကြောင့်ပဲ ဖြစ်ပါတယ်။ ငရုတ်သီးတွေကို တစ်နေ့ (၂) ပိဿာလောက်ထောင်းရပြီး ရခိုင်ငရုတ်သီး ထောင်းစပ်စပ်လေးနဲ့ သံပုရာရည်၊ ငရုတ်ကောင်းမှုန့်တို့ရဲ့ အတွဲအစပ် ထိမိနေမှုကြောင့် မိုးရွာရွာ နေပူပူ အချိန်အခါ ရာသီမရွေး စားသုံးလို့ကောင်းတဲ့ အမဲအူဆိုင်လေးပဲ ဖြစ်ပါတယ်။ 

"ဦးတို့ဆိုင်က သုတ်ရင် ဂေါ်ဖီတို့၊ ပဲမှုန့်တို့မသုံးဘူး။ ရခိုင်ငရုတ်သီးထောင်းကတော့ အသက်လို့ပြောရမှာပေါ့။ ဒါမျိုးတခြားဆိုင်တွေသုံးတာ သိပ်မတွေ့ရဘူး။ ဦးကတော့တစ်နေ့ကို ငရုတ်သီးကတင် (၂) ပိသာလောက်ထောင်းရတယ်။ နေမကောင်းတဲ့သူစားရင်တောင် အခိုးတွေပွင့်ပြီး ကျန်းမာသွားလိမ့်မယ်။ ပြီးတော့ အမဲအူကုန်ကြမ်းတွေဆိုရင်လည်း သေချာလေးရွေးဝယ်တယ်။ ဝယ်နေကြ ဖောက်သည်ဆီကပဲဝယ်တာ။ သေချာလေး လုပ်ရတယ်။ စိတ်လည်းရှည်ရတယ်။" ဆိုပြီး ပြောပြပါတယ်။ 

ဆိုင်ခန်းနဲ့ဖွင့်ချင်တဲ့စိတ်ကူးအိပ်မက်ကိုအကောင်အထည်ဖော်နေပြီ

စားသုံးသူတွေရဲ့အကြံပေးမှုကြောင့်ပဲ မင်းလမ်းအမဲအူတုတ်ထိုး ဆိုင်သေးလေးကို ဆိုင်ခန်းအဖြစ် ပြောင်းလဲ ဖွင့်လှစ်ဖို့စဥ်းစားနေတဲ့ အကြောင်းကိုလည်း ပြောပါတယ်။  

"ဆိုင်နေရာက ကျဥ်းတော့ စားသုံးသူတွေက အကြံပေးပါတယ်။ ဆိုင်ခန်းနဲ့ရောင်းပါလားပေါ့။ ဦးလည်းအတတ်နိုင်ဆုံးကြိုးစားနေပါတယ်။ ရှယ်ယာအနေနဲ့ ပါဝင်ပြီးဖွင့်ပေးမယ့်သူတောင်ရှိတယ်။ စကားလာပြောကြတယ်။ ဒါပေမယ့်ဦးက ကိုယ်ပိုင်လေးပဲ ဖြစ်ချင်တာ။ အဲ့ဒီအတွက် ကြိုးစားနေပါတယ်။ မကြာခင်တော့ ဖြစ်လာမှာပါ။ အခုကလည်းစိတ်ချမ်းသာပါတယ်။ အမြတ်အများကြီးမကျန်ရင်တောင် စိတ်ချမ်းသာတယ်" ဆိုပြီး ဆိုင်ရှင်ဦးလေးကြီးကပြောပြပါတယ်။ 

ဘာစားစား (၂,၀၀၀)ကျပ်နဲ့ ဝဝလင်လင်စားလို့ရတဲ့ဆိုင်လေး

အမဲအူပြုတ်၊ အမဲအစုံသုပ် ၊ ဘယ်လိုဟင်းပွဲမျိုးကိုမဆို ဘာစားစား ၂၀၀၀ ကျပ်နဲ့ ရောင်းချပေးနေပြီး တုတ်ထိုး ခပ်ကြီးကြီးတွေကိုတော့ တစ်ချောင်း ၁၅၀နဲ့ရောင်းချ ပေးနေတာပဲ ဖြစ်ပါတယ်။ ထမင်းလေးနဲ့ တွဲပြီးစားသုံးချင်ရင်တော့ ထမင်းတစ်ပွဲကို (၃၀) ကျပ်ပါ။ ထမင်းကိုလည်းတစ်ရက်ကို (၄) ပြည်ခန့် ချက်ရပြီး စားသုံးသူတွေကလည်း ဘာစားစား ထမင်းလေးနဲ့တွဲဖက်စားသုံးနေကြတာကိုလည်း တွေ့မြင်ရပါတယ်။ အမဲအူဆိုင်လေးကိုလာရောက်စားသုံးသူတွေတိုင်းရဲ့ အကြံပြုချက်တွေကို နားထောင်ပြီး ကောင်းသထက်ကောင်းဖို့ ကြိုးစားနေတယ်လို့ ဆိုင်ရှင်ဖြစ်သူက ပြောပါတယ်။  

မင်းလေးအမဲအူတုတ်ထိုးဆိုင်ရဲ့တည်နေရာနဲ့ဆိုင်ဖွင့်ချိန် 

မင်းလမ်း အမဲအူတုတ်ထိုးဆိုင်လေးကတော့ တာမွေမြို့နယ်၊ ဦးချစ်မောင်လမ်းပေါ်ရှိ အနောက်မင်းလမ်း ဝင်ဝင်ချင်း ညာဖက်အခြမ်းမှာ တည်ရှိပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့နေ့လည် (၁၁) နာရီကနေ (၂)နာရီအထိ ဖြစ်ပြီး နေ့လည် (၁၁) နာရီမထိုးခင်ကတည်းက စားသုံးသူတွေတန်းစီနေတတ်တဲ့ဆိုင်ဖြစ်တာကြောင့် အမယ်စုံစုံလင်လင်စားချင်ရင်တော့ (၁၁) နာရီကနေ (၁၂) နာရီအတွင်းလာရောက်စားသုံးကြဖို့ တိုက်တွန်းလိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က