အာပုံမုန့်က ရန်ကုန်မြို့မှာ နေရာတိုင်းမတွေ့နိုင်တဲ့ ရှားပါးမုန့်တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီလိုရှားပါးလှတဲ့မုန့်ကို အရသာကောင်းကောင်းနဲ့ ရောင်းချနေတဲ့ လမ်းဘေးမုန့်ဆိုင်လေးတစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီမုန့်ဆိုင်လေးကတော့ မြန်မာ့ဂုဏ်ရည်လမ်း (၉၄ လမ်းထိပ်)က ကြက်ဥအာပုံမုန့်ဆိုင်လေးပဲဖြစ်ပါတယ်။
မိသားစုအမွေအနှစ်အဖြစ်ရောင်းချတဲ့ ကြက်ဥအာပုံ
ကြက်ဥအာပုံမုန့်ဆိုင်လေးရဲ့ မူလအစက လွန်ခဲ့တဲ့ နှစ်ပေါင်း (၈၀) နီးပါးကက ပေါင်းတည်မြို့လေးမှာပါ။ မိသားစု အစဉ်အဆက် ပေါင်းတည်မြို့နဲ့ ပုတီးကုန်းမြို့နယ်တို့မှာ ဆက်လက်ရောင်းချခဲ့ပြီးတဲ့နောက် အခုတော့ ရန်ကုန်မြို့မှာ ရောင်းနေတာ ဆယ်စုနှစ်တစ်ခုကျော် ရှိနေပါပြီ။
“ ကျွန်တော်တို့ ကြက်ဥအာပုံစရောင်းဖြစ်တာကတော့ ကျွန်တော့်အမျိုးသမီးရဲ့ အဘွားလက်ထက်က ပေါင်းတည်မြို့မှာ စရောင်းတယ်။ အဲဒါပြီးတော့ ကျွန်တော့်အမျိုးသမီး ရဲ့ အမေက ဆက်ရောင်းတယ်။ ကျွန်တော်တို့ ဆက်လုပ်တော့ ကျွန်တော်တို့က ပုတီးကုန်းမြို့မှာ (၁၀) နှစ် ရောင်းခဲ့တယ်။ နောက်တော့ ရန်ကုန်တက်ပြီးတော့ အာပုံရောင်းမယ်ဆိုတဲ့စိတ်နဲ့ အရဲစွန့်ပြီး တက်လာခဲ့တယ်။ အာပုံရောင်းလာတာ မျိုးဆက် (၃) ဆက်ရှိပါပြီ” လို့ (၉၄) လမ်းထိပ်က ကြက်ဥအာပုံရောင်းချသူ ဦးဇော်မိုးက ဆိုပါတယ်။
၉၄ လမ်းထိပ်က အာပုံရယ်လို့ နာမည်ကြီးလာတဲ့ လျှို့ဝှက်ချက်
ကုန်ကြမ်းဈေးတွေဘယ်လောက်တက်တက် မုန့်ရဲ့ အရသာ၊ အရည်အသွေးကို လုံးဝမခိုကပ်ဘူးလို့ ဆိုပါတယ်။ အုန်းသီးကောင်းကောင်းကိုသာ အသုံးပြုပြီး ကြက်ဥများများ၊ အုန်းသီးများများနဲ့ ပြုလုပ်ထားက အရသာကောင်းနေဖို့က ဒီဆိုင်ရဲ့ အဓိက ဖြစ်ပါတယ်။
“ အုန်းနို့တွေ ဘာတွေ ချဉ်သွားတာမျိုးရှိရင် လုံးဝမလုပ်ဘူး။ မုန့်တွေ ပွတာဖြစ်ရင်လည်း လွှင့်ပစ်တယ် အဓိကကတော့အရည်အသွေးကိုထိန်းတာ။ အထဲမှာတစ်ခုခုဖြစ်နေပြီ မုန့်အရသာ မကောင်းဘူးထင်ရင် လုံးဝမရောင်းတော့ဘူး။ ’’ လို့ ဦးဇော်မိုးက ဆိုပါတယ်။
တစ်ခုစားပြီး ထပ်စားချင်စိတ်ဖြစ်စေတဲ့ ကြက်ဥအာပုံ
ဦးဇော်မိုးတို့ဟာ ကြက်ဥအာပုံတစ်မျိုးတည်းကိုသာ မိသားစုအစဉ်အဆက်ရောင်းခဲ့တာပါ။ အဘွားနဲ့ အမေ လက်ထက်တုန်းက အာပုံကို အကြွပ်ပုံစံမျိုးရောင်းချတာဖြစ်ပြီး ဦးဇော်မိုးတို့ လက်ထက်မှာတော့ ပုံစံတစ်မျိုးပြောင်းကာ ကြက်ဥများများ၊ အုန်းနို့များများနဲ့ အာပုံအပျော့ပုံစံလေး ရောင်းချတာဖြစ်ပါတယ်။
အဘွားတွေလက်ထပ်တုန်းက ပြားခေတ်၊ မူးခေတ်က စရောင်းခဲ့ပြီး သူ့လက်ထက်မှာတော့ တစ်ခုကို (၅) ကျပ်နဲ့စရောင်းခဲ့တာပါ။
“ တစ်ခါလုပ်ရင် အုန်းသီး အလုံး ၂၀၊ ကြက်ဥကို အလုံး ၄၀ နီးပါးလောက်ထည့်တယ်။ မုန့်လုပ်တဲ့အခါမှာ ကြက်ဥ အုန်းနို့ရယ် ဆန်ရယ်ကိုပဲ အဓိကသုံးတယ်။ ဘာဓာတုဗေဒပစ္စည်းလုံးဝမပါဘူး။ စားလိုက်ရင်လည်း ချိုအီသွားတာမျိုးမဟုတ်ဘဲ ဆိမ့်ဆိမ့်လေးဖြစ်အောင် စားသုံးသူတွေအကြိုက် လုလုပ်ထားတာပါ” လို့ ကြက်ဥအာပုံဆိုင်ရှင် ဦးဇော်မိုးက ဆိုပါတယ်။
အာပုံရောင်းရဝင်ငွေနဲ့ မိသားစုစားဝတ်နေရေးဖြေရှင်းနိုင်ခဲ့
သုံးခုကို တစ်ထောင်နဲ့ ရောင်းချနေတဲ့ ကြက်ဥအာပုံမုန့်က တစ်နေ့ကို မုန့်အခုရေ (၆၀၀) ကျော်လောက်ရောင်းရတဲ့အတွက် တစ်နေ့ နှစ်သိန်းကျော်ဖိုးရောင်းရတယ်လို့ ဆိုရမှာပါ။ ဒီမုန့်လေး ရောင်းရဝင်ငွေနဲ့ပဲ မိသားစု (၆) ယောက်ရဲ့ စားဝတ်နေရေး၊ အိမ်လခ၊ ဆိုင်လခတွေ အကုန်ဖြေရှင်းနိုင်တယ်လို့ ဆိုပါတယ်။
“ စနေ၊တနင်္ဂနွေဆို အော်ဒါပိုတက်တယ်။ ဒီထက်ပိုရောင်းရတယ်။ ရန်ကုန်စရောက်တုန်းကတော့ နည်းနည်းအခက်အခဲဖြစ်တာပေါ့။ အခုတော့စားသုံးသူတွေရဲ့ အားပေးမှုကြောင့် ပုံမှန်လေးရောင်းရတယ်။ ဖောက်သည်တွေဆို ဆိုင်နေရာပြောင်းသွားလို့ဆိုပြီး တကူးတကလာမေးပြီး စားကြတဲ့အထိပဲ။ ပုတီးကုန်းမှာလည်းရောင်းခဲ့တာဆိုတော့ အဲဒီက ဖောက်သည်တွေလည်း ရန်ကုန်ရောက်ရင် လာစားကြတယ်” လို့ ဆိုင်ရှင် ဦးဇော်မိုးက ဆိုပါတယ်။
ကြက်ဥအာပုံ အားပေးချင်သူတွေအတွက်
ဒီကြက်ဥအာပုံ ဆိုင်လေးကတော့ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မြန်မာ့ဂုဏ်ရည်လမ်း၊ ၉၄ လမ်းထိပ် မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး ဈေးနှုန်းကတော့ (၃) ခုကို တစ်ထောင်ကျပ်ဖြစ်ပါတယ်။ နေ့စဉ်ပိတ်ရက်မရှိဖွင့်လှစ်ထားပြီး စနေ၊တနင်္ဂနွေမှာတော့ မနက် (၁၀) နာရီမှ စဖွင့်ထားကာ ကျန်ရက်တွေမှာတော့ နေ့လယ် (၁) နာရီက စတင်ဖွင့်လှစ်ပါတယ်။ ဒါကြောင့်မို့ (၉၄) လမ်းထိပ်က နာမည်ကြီး အာပုံရဲ့ အရသာမြည်းစမ်းချင်သူတွေအတွက် ဝေမျှပေးလိုက်ပါတယ်နော်။