ကိုကျော်သူ ရွှေရင်အေးဆိုင်လေးကို မဟာဗန္ဒုလလမ်းနဲ့ ဆိပ်ကမ်းသာလမ်း‌ထောင့်မှာ ၁၂ ရာသီပတ်လုံး မြင်တွေ့ရပါတယ်။

နွေရာသီခေါင်‌ခေါင်မှာ ရင်အေးစေဖို့ လူတိုင်းစားကြတာကတော့ ရွှေရင်အေးပဲဖြစ်ပါတယ်။ ရန်ကုန်မြို့လယ်မှာရှိတဲ့ ကိုကျော်သူ ရွှေရင်အေးဆိုင်လေးကတော့ စားသုံးသူ ဖောက်သည်တွေနဲ့ အမြဲစည်ကားနေပြီး လက်မလည်အောင်ရောင်းတဲ့ဆိုင်လေးဖြစ်ပါတယ်။ လမ်းဘေးမှာ ဖွင့်ထားတယ်ဆိုပေမယ့် ရန်ကုန်မြို့ရဲ့ နာမည်ကြီး ရွှေရင်အေးဆိုင်တစ်ဆိုင်လို့ ပြောရင်လည်း မမှားပါဘူး။ 



၂၆ ကြာ နာမည်တစ်လုံးနဲ့ ရပ်တည်လာတဲ့ ကိုကျော်သူ ရွှေရင်အေး 

ကိုကျော်သူ ရွှေရင်အေးဆိုင်ကို ၁၉၉၆ ၊ ၁၉၉၇ ခုနှစ် ဝန်းကျင်လောက်က စတင်ဖွင့်လှစ်ခဲ့တာ အခုဆို ၂၆ နှစ် ဝန်းကျင်ရှိနေပါပြီ။ စတင်ဖွင့်လှစ်စဥ်ကတည်းက မဟာဗန္ဒုလလမ်းနဲ့ ဆိပ်ကမ်းသာလမ်း‌ထောင့်၊ ပန်းဆိုးတန်းကားမှတ်တိုင်အနီးမှာ လမ်းဘေးဆိုင်လေးအဖြစ်နဲ့ ဖွင့်လှစ်ထားတာအခုချိန်ထိပါပဲ။ လမ်းဘေးဆိုင်လေးဆိုပေမယ့် လက်ရာကောင်းမွန်မှုကြောင့် စားသုံးသူဖောက်သည်တွေ နဲ့အမြဲစည်ကားနေတဲ့ဆိုင်လေး ဖြစ်ပါတယ်။

ရွှေရင်အေးစရောင်းဖို့စီစဥ်ခဲ့ပုံ

ရွှေရင်အေးစရောင်းဖို့စဥ်းစားတဲ့အခါမြို့တစ်ပတ်လောက်ပတ်ပြီးရွှေရင်အေးဆိုင်တွေတော်တော်များများမှာဘယ်လိုအရသာရှိလဲဆိုတာလိုက်ပြီးမြည်းစမ်းစားကြည့်ရပါတယ်။ ဆိုင်မထွက်ခင်မှာလည်းအိမ်မှာအထပ်ထပ်လုပ်စားပြီးရောင်းလို့အဆင်ပြေမယ့်အရသာလည်းရှိမယ့်အချိုးအစားအတိုင်းဖြစ်လာမှသာဆိုင်ဖွင့်ဖို့စတင်ခဲ့တယ်လို့ကိုကျော်သူရဲ့ဇနီးမပပကပြောပါတယ်။

MRTV4 က အစားအစာပြိုင်ပွဲမှာ ပထမဆုရခဲ့တဲ့ ရွှေရင်အေး

ဒီရွှေရင်အေးဆိုင်လေးက ၂၀၀၈ ခုနှစ်က MRTV4 ကကျင်းပတဲ့ အစားအသောက်ပြိုင်ပွဲမှာ ပထမဆုရခဲ့တဲ့ဆိုင်လေးဖြစ်ပါတယ်။ 

“ အဲဒီတုန်းက အာဂါးကျောက်ကျောက ဝင်ပြိုင်ဖို့ လာကမ်းလှမ်းခဲ့တာပါ။ သူတို့က ပြိုင်ဖြို့ လာပြောရင်းနဲ့ လုပ်ဖြစ်သွားတာပေါ့။ ပြိုင်တဲ့အခါမှာ အတွေ့အကြုံလေးကတော့ အဆင့်ဆင့် လုပ်ရတာပေါ့။ ငါးဆင့်တောင်လုပ်ရတယ်။ အချိန်က ၃ နာရီပေးတယ်။ သူတို့က ကျောက်ကျောမုန့် ထုတ်ပေးတယ်။ ကျောက်ကျောမုန့်ကို ကြိုပြရတယ်။ ပထမဆုရခဲ့တော့ အရမ်းဝမ်းသာခဲ့ရပါတယ်” လို့ ကိုကျော်သူရဲ့ ဇနီးဖြစ်သူ မပပက လွန်ခဲ့တဲ့ ၁၄ နှစ်ခန့်က ဆုရရှိခဲ့ပုံကို ပြောပြလာပါတယ်။

၂၆ နှစ်တိုင်အောင် စားသုံးသူတွေ အခုထိ အကြိုက်တွေ့နေဆဲ 

ရွှေရင်အေးလက်ရာက ကောက်ညှင်းစေး‌စေး၊ အုန်းနို့ကျောက်ကျော၊ ပေါင်မုန့်၊ အုန်းနို့၊ နို့စိမ်း၊ မုန့်လက်ဆောင်းဖတ်တွေကို အချိုးကျကျထည့်ထားပြီး ပါဝါဆေးသကြားလုံးဝမသုံးထားတဲ့အတွက် ကြောင့် စားလိုက်တဲ့အခါမှာ ချိုပစ်ပြီး အီခဲနေတာမျိုးမဟုတ်ဘဲ အေးအေးလေးနဲ့ စားလို့ကောင်းတာကြောင့် စားသုံးသူတွေက အကြိုက်တွေ့ကြပါတယ်။

“ အရသာအမြဲကောင်းအောင် ကွာလတီ လုံးဝမလျှော့ဘူး။ အမှန်ပဲ ရောင်းပါတယ်။ ဆေးသကြားပါဝါလည်းမသုံးထားဘူး။ သကြားအစစ်ပဲ သုံးပါတယ်။ ကိုယ်စားသလိုပဲ ရောင်းပါတယ်။ ကိုယ်က ရောင်းနေရင်းနဲ့ စားကြည့်တယ်။ အရသာမကောင်းဘူးဆိုရင် ကောင်းအောင် အမြဲကြိုးစားပါတယ်။ “ လို့ မပပက ပြောပါတယ်။

တစ်ပွဲကို ကျပ် ၅၀ နဲ့ စရောင်းခဲ့တဲ့ ရွှေရင်အေး 

ဆိုင်စဖွင့်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆ နှစ်ကျော်တုန်းကတော့  တစ်ပွဲကို ကျပ် ၅၀ နဲ့ စတင်ရောင်းချခဲ့ပြီး အဲဒီကနေ တစ်ဖြည်းဖြည်းစျေးတွေတက်လာတော့ ကျပ် ၆၀၊ ၇၀၊ ၁၀၀ ၊ ၂၀၀ ကျပ်နဲ့ ရောင်းချခဲ့တာပါ။ အဲဒီနောက် ၂၀၀၈ ခုနှစ် နာဂစ်ဖြစ်ပြီးနောက်ပိုင်း အုန်းသီးတွေ ရှားပါးလာတာတော့ ရွှေရင်အေးကိုလည်း စျေးအနည်းငယ်တက်ခဲ့ရပါတယ်။ 

“ နာဂစ်ဖြစ်ပြီးနောက်ပိုင်း အုန်းသီးတွေ ရှားတော့ ၅၀၀ နဲ့ ရောင်းတယ်။ အဲဒီကနေ ၆၀၀၊ ၇၀၀ အခုကတော့ ဆိုင်မှာစားရင်း ၈၀၀၊ ပါဆယ်ဆို ၉၀၀ ဖြစ်သွားတာပေါ့။ “ လို့ ဆိုပါတယ်။ 

ရွှေရင်အေး မုန့်လက်ဆောင်းကို အဓိကထားရောင်းပြီး အရင်ကတော့ အအေးစုံ ရောင်းပေမယ့် အခုတော့ အလုပ်သမားစရိတ်နဲ့ မကာမိနိုင်တော့လို့ တစ်နိုင်တစ်ပိုင် ရွှေရင်အေးပဲ ရောင်းတော့တယ်လို့ သိရပါတယ်။

၂၆ နှစ်တိုင်တိုင် မပြောင်းလဲဘဲ ရှိနေတဲ့ဆိုင်နေရာ

 ဆိုင်က ဖွင့်လာတာကြာပြီဆိုတော့ စားသုံးသူတွေနဲ့ အမှတ်တရတွေ လည်းရှိပါတယ်။ ငယ်ငယ်တုန်းကဆိုင်မှာ စားဖူးတဲ့သူတွေက သူတို့က ဒီဆိုင်လေးမှာ စားသွားတာဆိုပြီးတော့ အမှတ်တရတွေ ပြန်ပြောကြတာမျိုးလည်း ရှိပါတယ်။ စားသုံးသူတွေ ပြောင်းလဲသွားပေမယ့် ကိုကျော်သူ ရွှေရင်အေးဆိုင်လေးကတော့ ဆိပ်ကမ်းသာလမ်းထောင့်မှာ အရင်အတိုင်း မပြောင်းမလဲပဲ ရှိနေဆဲပါ။ 

နှစ်တွေ ဘယ်လောက်ပြောင်းပြောင်း အရသာကောင်းနေဆဲ

နှစ်တွေ ဘယ်လောက်ပဲ ပြောင်းလာပါစေ အရသာကိုတော့ အမြဲတမ်းကောင်းမွန် လတ်ဆတ်အောင် ရောင်းချနေတဲ့ဆိုင်လေးပါ။ စားသုံးသူတွေ လိုအပ်ချက်ကို အမြဲပြင်ဆင်ပေးဖြစ်ရင်း အရသာ မကျသွားအောင် အမြဲထိန်းသိမ်းထားတာ တွေ့ရပါတယ်။ 



“ စားတဲ့သူကို အမြဲမေးတယ်။ စားတဲ့သူ ကောင်းလား။ ဘာလိုလဲ လိုသွားတဲ့အချက်ကိုစားသုံးသူ ဘယ်လိုပြောပြော ပြန်ပြင်ဖို့က အဓိကပဲ။ အုန်းရည်က ကိုယ်တိုင်မညှစ်တော့ တစ်ခါတစ်လေမှာ အုန်းရည်ကျဲတဲ့ အခါမျိုးတွေ ရှိတတ်တာပေါ့။ ကျဲတဲ့ အခါမျိုးမှာလည်း အုန်းရည်က အရသာမရှိတော့ ကိုယ်က အရသာကို ဆန်းသစ်ပြီး ပြန်ပြင်ရတာမျိုးတွေ ရှိပါတယ်။ အမြဲတမ်းအရသာကို ကောင်းအောင် ထိန်းသိမ်းနိုင်ပါတယ်။ 

ဆိုင်မှာ လာစားသွားလို့ ပန်းကန်ထဲမှာ ကျန်ခဲ့ပြီဆိုရင် ဘာလိုလဲဆိုတာ အမြဲတမ်းမေးတယ်။ စားလို့ ပန်းကန်ပြောင်သွားရင် အန်တီအရမ်းကျေနပ်တယ်။ “ လို့ ကိုကျော်သူ ရဲ့ ဇနီး မပပ က ဆိုပါတယ်။

ရာသီမရွေး ‌ဖွင့်လှစ်ထားတဲ့ ဒီဆိုင်လေး

ဆိုင်ကိုတော့ မနက်ဆိုရင် ၈ နာရီလောက် စဖွင့်တယ်။ ညနေဆိုရင်တော့ ကုန်တဲ့အချိန် မှာ သိမ်းပါတယ်။ နွေခေါင်ခေါင်ဆို ပွဲ ၅၀၀ နီးပါးလောက် ရောင်းရပေမယ့် မိုးတွင်းဆိုရင်တော့ အရောင်း နည်းနည်းပါးပါတယ်။ ရွှေရင်အေးက နွေရာသီနဲ့ ပိုမိုလိုက်ဖက်ပေမယ့် ကိုကျော်သူ ရွှေရင်အေးဆိုင်လေးကတော့ နွေ၊ မိုး၊ ဆောင်း ရာသီမရွေးရောင်းတယ်လို့ ဆိုပါတယ်။

စိတ်စေတနာလည်း ကောင်းတဲ့ ကိုကျော်သူတို့ ဇနီးမောင်နှံ 

“ ကိုယ့်ဆီမှာလာစားတဲ့သူက ကိုယ့်ရဲ့ ထမင်းရှင်ပဲပေါ့။ လာဝယ်စားတဲ့သူတွေ ရှိမှသာ ကိုယ်က ရောင်းလို့ ရမှ ကိုယ့်မိသားစု စားဝတ်နေရေး အဆင်ပြေမှာပေါ့။ အဲဒီလိုမျိုး စိတ်လေးနဲ့ ထမင်းရှင်လို့ သဘောထားပြီး စိတ်စေတနာလေးနဲ့ ရောင်းပေးပါတယ်။ သူတို့ လာမစားရင် ကိုယ့်မိသားစု အဆင်မပြေတော့ဘူးလေ။ 

စားသုံးသူတွေအတွက် ဒီထက်အရသာပိုကောင်းအောင် ကြိုးစားပြီးရောင်းနေပါတယ်။ “ လို့ မပပက ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က