ဒန့်ဒလွန်ခေါက်ဆွဲဖတ်နဲ့ မုန့်ဟင်းခါး စားဖူးကြပါသလား။ မြန်မာနိုင်ငံမှာ ပထမဆုံးလို့ ပြောလို့ရမယ့် ဒန့်ဒလွန်ခေါက်ဆွဲဖတ်နဲ့ မုန့်ဟင်းခါးဆိုင်လေးကို ရန်ကုန်မြို့ ရွှေဂုံတိုင်မှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ဆိုင်နာမည်ကို သင်းသင်းမုန့်ဟင်းခါးဆိုင်လို့ အမည်ပေးထားပြီး ဆိုင်ဖွင့်ထားတာ (၅) လဝန်းကျင်လောက်ပဲ ရှိသေးပေမယ့်လည်း ဆန်းဆန်းပြားပြား အစားအသောက်တွေအပြင် ကျန်းမာရေးနဲ့ ညီညွှတ်အောင် အထူးတလည်ပြင်ဆင်ရောင်းချနေတဲ့အတွက် လတ်တလောမှာ လူပြောများနေတဲ့ဆိုင်လေးလည်းဖြစ်ပါတယ်။
သက်ကြီးပိုင်းတွေအတွက်ရည်ရွယ်တဲ့ ဒန့်ဒလွန်ခေါက်ဆွဲဖတ်နဲ့ မုန့်ဟင်းခါး
မုန့်ဟင်းခါးမှာ ကြက်သားမှုန့်၊ အချိုမှုန့်မပါပေမယ့်လည်း ငံပြာရည်ပါတာကြောင့် သွေးတိုးနိုင်တဲ့အတွက် သွေးတိုးသမားတွေ၊ သက်ကြီးပိုင်းတွေလည်း စိတ်ချလက်ချစားသုံးနိုင်အောင် ဒန့်ဒလွန်ခေါက်ဆွဲဖတ်နဲ့ မုန့်ဟင်းခါးကိုစမ်းသပ် ပြုလုပ်ခဲ့ပြန်ပါတယ်။
“ ဒန့်ဒလွန်ခေါက်ဆွဲဖတ်ကို သွားတွေ့တော့ မုန့်ဟင်းခါးက သွေးတိုးတယ်ဆိုရင် ဒန့်ဒလွန်က သွေးကျတယ်ဆိုပြီး ဒီနှစ်ခုကို တွဲစပ်လိုက်ရင် အဆင်ပြေမလားဆိုပြီးတော့ ဒန့်ဒလွန်ခေါက်ဆွဲဖတ်နဲ့ မုန့်ဟင်းခါးကို လုပ်လိုက်တာပါ။” လို့ ဒေါက်တာစုလဲ့ဖြူဝင်းက ဆိုပါတယ်။
ကြက်သားမှုန့်၊အချိုမှုန့်လုံးဝမပါတဲ့ မုန့်ဟင်းခါးဆိုင်ဖြစ်ဖို့ ရည်ရွယ်တယ်
ဒီဆိုင်လေးကို ဖွင့်လှစ်ခဲ့တဲ့ ဇနီးမောင်နှံ နှစ်ဦးစလုံး ဆရာဝန်တွေလည်းဖြစ်ကြသလို ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်ကို ရောင်းချချင်တဲ့ စိတ်ကူးတွေ ရှိခဲ့ကြသူတွေပါ။ အဲဒီနောက် အချိုမှုန့်မပါတဲ့ မုန့်ဟင်းခါးကို စမ်းသပ်ချက်ပြုတ်ရင်း ဆိုင်ဖွင့်ဖို့ အနေအထားဖြစ်လာအောင် ပြင်ဆင်ရင်း အချိုမှုန့်၊ ကြက်သားမှုန့်လုံးဝမပါတဲ့ မုန့်ဟင်းခါးဆိုင်လေးအဖြစ် စတင်ဖွင့်လှစ်ခဲ့ကြပါတယ်။
“ အခုခေတ်လူတွေက စားစရာတွေ ပေါလာတော့ အကုန်စားကြတယ်။ အဓိကကတော့ ကျန်းကျန်းမာမာနဲ့ စားသောက်စေချင်တယ်။ ကိုဗစ်လည်းဖြစ်သွားတဲ့တလောမှာ လူတွေလည်း ပြဿနာ အများကြီးနဲ့ ကြုံလိုက်ရတာတွေ ရှိတယ်။ မြန်မာနိုင်ငံ အနေနဲ့ ကြည့်မယ်ဆိုရင် လူတွေက ကိုယ့်ကိုကိုယ်ကျန်းမာရေးဦးစားပေးတာ မတွေ့ရဘူး။ အဲဒါကြောင့် အတတ်နိုင်ဆုံး ကျန်းမာရေးနဲ့ ညီတဲ့အစားအစာတွေပဲ ရောင်းမယ်ဆိုပြီး မနှစ်ကတည်းက မုန့်ဟင်းခါးကို အချိုမှုန့်မပါဘဲ စမ်းသပ်ကြတော့ ရသွားတယ်။ ဒါပေမယ့် ဆိုင်ဖွင့်ဖို့ အနေအထားဖြစ်ဖို့တော့ အစ်မတို့က စဉ်းစားရတာပေါ့နော်။ ကိုဗစ်တွေဖြစ်သွားပြီးနောက်ပိုင်း ဆိုင်ဖွင့်ဖြစ်သွားတာပါ။” လို့ ဆိုင်ရှင်ဖြစ်သူ ဒေါက်တာစုလဲ့ဖြူဝင်းကဆိုပါတယ်။
ဆန်းဆန်းပြားပြားစားစရာကြောင့် လူတွေရဲ့ စိတ်ဝင်စားမှု
ဒန့်ဒလွန်ခေါက်ဆွဲဆိုတာ ကြားရသူတွေ အတွက် အထူးအဆန်းဖြစ်တာကြောင့် ဆိုင်လေးကို စိတ်ဝင်တစားနဲ့ လာရောက်စားသုံးကြသူတွေ များပါတယ်။ ကျန်းမာရေးကို အထူးအလေးထားပြုလုပ်ထားတဲ့အတွက် လူငယ်တွေထက်စာရင် လူကြီးတွေက ပိုပြီး စိတ်ဝင်စားကြပါတယ်။
“ တစ်ချို့က မကြိုက်ကြဘူး။ ပါးစပ်နဲ့ အဆင်မပြေဘူးပြောကြတယ်။ လူငယ်တွေထက်စာရင် လူကြီးတွေက ပိုပြီး စိတ်ဝင်စားကြတယ်။ ဒန့်ဒလွန်ခေါက်ဆွဲဆိုတာဘာလဲဆိုပြီး စမ်းပြီးလာစားကြတယ်။ စမ်းစားကြည့်တဲ့အခါမှာ ခေါက်ဆွဲဆိုတော့ ဂျုံတော့နည်းနည်းပါတယ်။ ဒါပေမယ့် ဂျုံအနံ့ ပြင်းပြင်းကြီးမဟုတ်ပါဘူး။ အဓိက အစားများတာကတော့ လူကြီးတွေ ပိုအစားများပါတယ်။” လို့ ဆိုင်ရှင် ဒေါက်တာစုလဲ့ဖြူဝင်းက ဆိုပါတယ်။
အော်ဂဲနစ်ထုတ်ကုန်တွေသာ သုံးထားတဲ့ သင်းသင်းမုန့်ဟင်းခါးဆိုင်ကစားစရာတွေ
ဒီဆိုင်မှာ မုန့်ဟင်းခါးအပြင် နို့ကြက်ဥပူတင်း၊ ဌက်ပျောသီးနှမ်းကပ်ကြော်၊ သရက်သီးနှင့် ကောက်ညှင်းအုန့်နို့ဆမ်း၊ အုန်းရည်၊ ရာသီပေါ်သဘာဝသစ်သီးဖျော်ရည်မျိုးစုံ ရရှိနိုင်ပါတယ်။ ဆိုင်မှာရောင်းတဲ့ အသီးအနှံတွေအားလုံးက စိုက်ခင်းထဲက သဘာဝအတိုင်းစိုက်ပျိုးထားတဲ့ ခြံထွက်သီးနှံတွေ ဖြစ်တယ်လို့ဆိုပါတယ်။
“ အစ်မရဲ့ စိုက်ခင်းထဲကရတဲ့ ဟာတွေအကုန်လုံးကို ဆိုင်မှာ တည်ပြီးရောင်းချင်တာပါ။ ဌက်ပျောသီးနှမ်းကပ်ကြော်၊ ကောက်ညှင်းအုန်းနို့သရက်သီး တို့ဆို အစ်မခြံက ခြံထွက်သီးနှံတွေနဲ့ လုပ်တာပါ။ တကယ်ပဲ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေလို့ ပြောလို့ရအောင် ရောင်းတာပါ။ ကောက်ညှင်းအုန်းနို့ဆမ်းဆို ကောက်ညှင်းကပဲ ဝမ်းချုပ်နေမလားလို့စဥ◌်းစားမိတာရှိတယ်။ဒါပေမယ့် ကောက်ညှင်းကလည်း လူကြိုက်များကြတော့ စားသုံးသူအကြိုက် အစားအသောက်လေးတွေ လုပ်ရတာမျိုးလည်း ရှိတာပေါ့။” လို့ ဒေါက်တာစုလဲ့ဖြူဝင်းက ဆိုပါတယ်။
အရည်အသွေးကိုထိန်းတဲ့ သင်းသင်းမုန့်ဟင်းခါး
ဆိုင်လေးရဲ့ သက်တမ်းက သိပ်မကြာသေးပေမယ့်လည်း တစ်နေ့ကို မုန့်ဟင်းခါး ပွဲ (၂၀၀) ခန့်လောက် ရောင်းရတယ်လို့ ဆိုပါတယ်။ ရောင်းအားတက်လာတာနဲ့အညီ အရည်အသွေးကို မပျက်အောင် ကြိုးစားနေသလို ဆိုင်ဖွင့်ချိန်အတိုင်း မုန့်ဟင်းခါး ရအောင် ချက်ပြုတ်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ခြံထွက်သီးနှံတွေနဲ့ အစားအသောက်ဆန်းဆန်းပြားပြားတွေ ထပ်မံတိုးချဲ့ဖို့ ဆန္ဒတွေလည်း ရှိနေတယ်လို့ ဒေါက်တာစုလဲ့ဖြူဝင်းက ပြောပါတယ်။
ဒန့်ဒလွတ်ခေါက်ဆွဲဖတ်နဲ့မုန့်ဟင်းခါးကို မြည်းစမ်းကြည့်ချင်တဲ့သူတွေအတွက်
သင်းသင်းမုန့်ဟင်းခါးဆိုင်လိပ်စာကတော့ အမှတ် ၇၀/ONE၊ ရွှေဂုံတိုင်လမ်းမ၊ ဗဟန်းမြို့နယ်မှာ ဖြစ်ပြီး ရွှေဂုံတိုင်လမ်းမပေါ် အကယ်ဒမီဟိုတယ် မျက်စောင်းထိုးနားလေးမှာဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက် (၇) နာရီ မနက် (၁၀) နာရီအထိ ၊ ညနေပိုင်းမှာတော့ ညနေ (၄) နာရီမှ ည (၉) နာရီအထိ ဖြစ်ပါတယ်။
“ တကယ်အချိုမှုန့်၊ ကြက်သားမှုန့်မစားတဲ့သူတွေ သွေးတိုး၊ ဆီးချိုရှိတဲ့သူတွေ အစ်မတို့ဆိုင်မှာ လာရောက်စားသုံးကြပါလို့ ပြောချင်ပါတယ်။ တကယ် လုံးဝမထည့်ထားဘဲ ငါးအသားအရသာအစစ်နဲ့ ချက်ထားတာပါ” လို့ ဒေါက်တာစုလဲ့ဖြူဝင်းက ဆိုပါတယ်။