ကျောက်မြောင်းက ပုဇွန်ခွက်ကြော်ဆိုင်ရယ်လို့ နာမည်ကြီးတဲ့ နိဂြောဓပုဇွန်ခွက်ကြော်ဆိုင် ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်လောက်က လမ်းဘေးဆိုင်လေးကနေစတင်ခဲ့တဲ့ ဒီဆိုင်လေးက အခုဆို ကျောက်မြောင်းရဲ့ နာမည်ကြီး မုန့်ဆိုင်တစ်ဆိုင်ဖြစ်လာပါတယ်။
၁၉၈၈ ခုနှစ်က သူငယ်ချင်းနှစ်ယောက်ရဲ့ စိတ်ကူးလေးနဲ့စခဲ့တဲ့ဆိုင်လေး
ဒီဆိုင်လေးကို အခုလက်ရှိ ဆိုင်ကို ဦးစီးနေသူ ဒေါ်သန္တာစိန်တို့ သူငယ်ချင်းနှစ်ယောက်က စတင်ဖွင့်လှစ်လိုက်တာပါ။ အိမ်ဘေးလေးမှာပဲ ခုံလေးခင်းပြီး စတင်ရောင်းချခဲ့ရာကနေ တစ်ဖြည်းဖြည်းလူသိများလာခဲ့ရာကနေ လုပ်ငန်းတစ်ခုလို ဖြစ်လာခဲ့တာလို့ ဆိုင်ကို ဦးစီးနေသူ ဒေါ်သန္တာစိန်က ဆိုပါတယ်။
“ ၈၈ ကာလတုန်းက ကျောင်းတွေလည်းပိတ်တော့ သူငယ်ချင်းနှစ်ယောက်က အပျော်ဘဘောနဲ့လုပ်လိုက်တာ။ နောက်တော့ သူငယ်ချင်းက တစ်နှစ်ပဲလုပ်ပြီး မလုပ်နိုင်လို့ ထွက်သွားတော့ အစ်မ မိသားစုက ဝိုင်းကူလုပ်ပေးတာပါ။ အဲဒါနဲ့ တစ်နေ့ထက်တစ်နေ့ ပိုပိုရောင်းကောင်းလာတာကနေ ဆက်လုပ်ဖြစ်သွားတာပေါ့” လို့ ဆိုပါတယ်။
ဟင်းချက်ဝါသနာက ဒီလုပ်ငန်းလေးအတွက် အထောက်အကူပြုခဲ့
ဆိုင်ရှင် ဒေါ်သန္တာစိန်က အရင်ကတည်းက အချက်အပြုတ်ဝါသနာပါသူပါ။ မိခင်ဖြစ်သူနဲ့ အဒေါ်ဖြစ်သူကတစ်ဆင့် ဟင်းချက်ပညာကို သင်ကြားရင်းနဲ့ အချဉ်စပ်နည်း၊ ကော်ပြန့်ကြော်နည်းတွေကို လေ့လာဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
“ ကော်ပြန့်ကြော်နည်း၊ အချဉ်စပ်နည်းတွေကို လေ့လာပြီးတော့ ပုဇွန်ခွက်ကြော် ၊ ကော်ပြန့်ကြော် ၊ ပဲပြားကြော်၊ ခေါက်ဆွဲ၊ ကြာဇံ ကြော်သုတ်ပေါ့နော် ဒီ (၅) မျိုးတည်းနဲ့ စရောင်းခဲ့တာပါ။ စစရောင်းချင်းမှာ အပျော်ဘဲဆိုပြီး အိုးခွက်၊ပန်းကန်တွေတောင် အိမ်ကပစ္စည်းတွေနဲ့ပဲ ယူသုံးပြီးရောင်းတာပေါ့။ ဆိုင်လေးက အမိုးနဲ့တောင် မဟုတ်ဘူး။ တိုက်အရိပ်လေးအောက်မှာပဲ ရောင်းခဲ့တာပေါ့” လို့ ဆိုပါတယ်။
တစ်ပွဲ တစ်ကျပ်ခွဲနဲ့စခဲ့တဲ့ဆိုင်လေး
လွန်ခဲ့တဲ့ နှစ် (၃၄) နှစ် စတင်ရောင်းချစဉ်တုန်းက တစ်ပွဲ တစ်ကျပ်ခွဲနဲ့ စရောင်းခဲ့တာပါ။ ဒီဆိုင်လေးရဲ့ အဓိကလက်ရာလေးက အချဉ်ကို အရသာရှိရှိနဲ့ စပ်ထားတာကြောင့်ပါ။ ပုဇွန်ခွက်ကြော် လေးကို အချဉ်လေး ဆမ်းပြီး သခွားသီး၊ ဂေါ်ဖီတို့နဲ့တွဲဖက်စားရတာကိုက ဒီဆိုင်လေးရဲ့ အသက်ပါ။
“ အဓိကကတော့ အချဉ်ပေါ့။ အချဉ်ကို အချိုးအစား အတိအကျလုပ်တယ်။ တစ်ခါတစ်လေ မန်ကျည်းသီးအနှစ် များလာရင် လိုတိုးပိုလျှော့ လုပ်ရတယ်။ ပုဇွန်ခွက်ကြော်လေးကို အချဉ်နဲ့သုပ်။ သခွားသီးလေးနဲ့ ဂေါ်ဖီလေးနဲ့ စား အလိုက်ဖက်ဆုံးပဲ။ အနံ့လေးက အရမ်းမွှေးပြီး အရသာက စွဲမက်စေတယ်။ အဲဒါနဲ့ နာမည်ကြီးတာပါ။ အဲဒါကို ကြိုက်ကြတာ။ ” လို့ ဆိုပါတယ်။
မိသားစုရဲ့ ပင်မလုပ်ငန်းလေးဖြစ်လာ
အပျော်သဘောလေးနဲ့စခဲ့တဲ့ ဒီဆိုင်လေးက မိသားစုအတွက် ပင်တိုင်လုပ်ငန်းလေးတစ်ခုဖြစ်လာပါတယ်။ ဆိုင်ကို တိုးချဲ့လာတာနဲ့အမျှ မောင်နှမတွေ၊ ဆွေမျိုးတွေက အကုန်ဝိုင်းကူပေးကြပြီး ဝန်ထမ်းတွေလည်း ခန့်ထားရပါတယ်။ ဆိုင်ခွဲမရှိတောကြောင့် ဒီဆိုင်လေးကို အမှားအယွင်းအတိမ်းအစောင်းမရှိအောင် ဂရုစိုက်တယ်လို့ ဆိုပါတယ်။
“ အန်တီကတော့အခုတော့ ကြီးကြပ်ရုံပဲပေါ့။ ဆိုင်ရဲ့ အရည်အသွေးကို ထိန်းဖို့ မိသားစုတစ်ခုလုံး ဂရုစိုက်ကြတယ်။ နေ့တိုင်း မရောင်းခင်မြည်းစမ်းစားကြည့်တယ်။ ကိုယ်ကလည်း အစားကောင်းကောင်းကြိုက်တော့ ကိုယ်စားသလိုပဲ ကောင်းအောင်လုပ်တယ်” လို့ ဒေါ်သန္တာစိန်က ဆိုပါတယ်။
နာမည်ကျော် နိဂြောဓ ပုဇွန်ခွက်ကြော်ကို မြည်းစမ်းချင်သူတွေအတွက်
ဒီဆိုင်လေးကတော့ အမှတ် (၁၁) ဓမ္မာစိန္ဒာလမ်းနဲ့ နိရောဓလမ်းထောင့်၊ ကျောက်မြောင်း၊ တာမွေ မြို့နယ်မှာ ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နေ့လယ် ၁၁ နာရီကနေ ညနေ ၆ နာရီလောက်ထိ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ပုဇွန်ခွက်ကြော် ၊ ကော်ပြန့်ကြော် တစ်ပွဲကို ၁၅၀၀ ကျပ်၊ ခေါက်ဆွဲ၊ ကြာဇံ အလွတ်တစ်ပွဲကို (၈၀၀) ကျပ်ဖြစ်ပါတယ်။ အချဉ်ရည်ကောင်းကောင်းလေးနဲ့ အကြော်သုပ် ကြွပ်ကြွပ်ရွရွလေးစားချင်သူတွေအတွက် နာမည်ကျော် နိဂြောဓပုဇွန်ခွက်ကြော်ဆိုင်လေးမှာ သွားရောက်စားကြည့်ကြဖို့ ညွှန်းပေးလိုက်ပါတယ်နော်။
Share