Facebook အတွက် တစ်ပတ်အတွင်း နှစ်ကြိမ်တောင်းပန်လိုက်ရတဲ့အဖြစ်နဲ့ ကြုံခဲ့ပါတယ်။
ကွန်ရက်ချိတ်ဆက်မှု ပြန်တောက်ခဲ့တာကြောင့် Facebook နဲ့ ကုမ္ပဏီပိုင် Apps တွေ နောက်တစ်ကြိမ် လိုင်းကျသွားခဲ့တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ ၂၀၀၉ နောက်ပိုင်း ပြီးခဲ့တဲ့တနင်္လာနေ့ စံချိန်တင် အချိန်အကြာဆုံးပြတ်တောက်မှုအပြီးမှာ Facebook ၊ Instagram ၊ WhatsApp နဲ့ Messenger သုံးတဲ့ Users တွေဟာ ဒုတိယအကြိမ် ကွန်ရက်ပြတ်တောက်မှုနဲ့ ကြုံခဲ့တာပါ။
Photo: Engadget
သောကြာနေ့က ဖြစ်ပွားခဲ့တဲ့ နှစ်နာရီအကြာ Facebook ပိုင် လူမှုကွန်ရက်ပြတ်တောက်မှုဖြစ်စဉ်ကလည်း Configuration စနစ်ချိတ်ဆက်မှုအပြောင်းအလဲ လုပ်ရင်းနဲ့ ဖြစ်သွားတာလို့ပဲ Facebook က ဆိုပါတယ်။ Facebook နဲ့ Instagram တို့ကတော့ သူတို့ရဲ့ လူမှုကွန်ရက်ဝန်ဆောင်မှုတွေကို လူတချို့ ဝင်ရောက်ဖို့ အခက်အခဲရှိခဲ့ကြောင်းပဲ ထုတ်ပြန်ထားပါတယ်။
"တချို့လူတွေ ကျွန်တော်တို့ရဲ့ Apps နဲ့ ထုတ်ကုန်တွေထဲ ဝင်ရောက်ဖို့ အခက်အခဲတွေ့နေတာကို သိထားပါတယ်။ ပုံမှန်အတိုင်း အမြန်ဆုံးပြန်လည်ပတ်နိုင်ဖို့ ကြိုးစားနေပါတယ်။ အဆင်မပြေမှုတွေအတွက်လည်း တောင်းပန်ပါတယ်"လို့ Facebook ရဲ့ တရားဝင် Instagram အကောင့်မှာ ဖော်ပြထားပါတယ်။ အခုချိန်မှာ ပုံမှန်အတိုင်း ပြန်လည်ပတ်နိုင်ပြီလို့လည်း ဆိုပါတယ်။
အင်တာနက်ပြတ်တောက်မှု ခြေရာခံနေတဲ့ Downdetector ဝက်ဘ်ဆိုက်ပေါ်မှာတော့ သောကြာနေ့ ည၈ နာရီဝန်းကျင်မှာ Facebook သုံးမရဖြစ်ခဲ့ကြောင်း ယူကေ လူ ၂၀၀၀ ဝန်းကျင်က တိုင်ကြားခဲ့သလို ည ၇ နာရီဝန်းကျင်လောက်ကတည်းက Instagram သုံးသူ ၃၂၀၀၀ ကျော်ဟာ အကောင့်ထဲ ဝင်ဖို့ အခက်တွေ့ခဲ့တယ်လို့လည်း ဆိုပါတယ်။ဒီတစ်ခေါက်လူမှုကွန်ရက် ဝန်ဆောင်မှုပြတ်တောက်တာဟာ တနင်္လာနေ့ကလိုမျိုး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဖြစ်တာမျိုး မဟုတ်ပါဘူး။
Photo: dailyrecord
ပြီးခဲ့တဲ့တနင်္လာနေ့မှာ Facebook လက်အောက်မှာရှိတဲ့ Facebook ၊ Instagram ၊ WhatsApp ၊ Messenger နဲ့ Oculus တို့ဟာ ခန့်မှန်းခြေ ၆ နာရီနီးပါး ပြတ်တောက်မှုဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်ရပ်အပြီး နောက်တစ်နေ့ ထုတ်ပြန်ရာမှာ ပုံမှန်ကွန်ရက်ထိန်းသိမ်းမှုလုပ်နေချိန် ကမ္ဘာတစ်လွှားက ဒေတာစင်တာတွေနဲ့ ချိတ်ဆက်ထားတဲ့ ကွန်ရက်မတော်တဆ ပြတ်တောက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ Configuration Change မှုကြောင့် ကွန်ရက်ပြတ်တောက်ခြင်းဟာ လူမှုကွန်ရက်သုံးသူတွေ သာမက Facebook ဝန်ထမ်းတွေအကြား ဆက်သွယ်တဲ့ Internal system တွေပါ ပြတ်တဲ့အထိ ကြုံခဲ့တာပါ။