ဖေဖော်ဝါရီ ၂၄ ရက်နေ့ကစပြီး ယူကရိန်းအစိုးရကို Cryptocurrency နဲ့ လှူဒါန်းမှုဟာ ဒေါ်လာ ၅၄.၇ သန်းဖိုးအထိ ရှိနေပြီလို့ ဆိုပါတယ်။
ရုရှားရဲ့ ယူကရိန်းနိုင်ငံကို ကျူးကျော်စစ် စတင်ပြီး ဒုတိယသီတင်းပတ်ထဲ အရောက်မှာ Bitcoin နဲ့ Ethereum လိုမျိုး Cryptocurrency တွေနဲ့ ယူကရိန်းနိုင်ငံကို အားတက်သရော လှူဒါန်းမှုတွေ ရှိလာခဲ့တာပါ။ ဖေဖော်ဝါရီ ၂၄ ရက် ကျူးကျော်မှုက စလို့ မတ်လ ၃ ရက်နေ့အထိ Blockchain ဆန်းစစ်လေ့လာရေးလုပ်ငန်း Elliptic ရဲ့ အချက်အလက်သစ်တွေအရ ယူကရိန်းအစိုးရနဲ့ စစ်တပ်ကို လက်နက် ၊ ရိက္ခာ ပစ္စည်းကိရိယာတွေ ထောက်ပံ့ပေးနေတဲ့ Come Back Alive ဆိုတဲ့ NGO အဖွဲ့အစည်းတွေဆီ Cryptoasset ၁ သိန်း ၂ ထောင်ကျော် လှူဒါန်းထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။
တန်ကြေးအားဖြင့် ဒေါ်လာ ၅၄.၇ သန်းကျော်ဖိုး ရှိပြီး လူသိနည်းတဲ့ Cryptocurrency လုပ်ငန်း Polkadot တည်ထောင်သူ ဂါဗင်ဝုဒ်က တစ်ယောက်တည်းနဲ့ ဒေါ်လာ ၅.၈ သန်း လှူဒါန်းထားတယ်လို့လည်း ဖော်ပြထားပါတယ်။ ဒီတစ်ပတ် စာရင်းကောက်ထားတဲ့အချက်အလက်တွေအရ Cryptoasset လှူဒါန်းမှုတွေရဲ့ ၇၂၀၀၀ လောက်က နှစ်ရက်အတွင်း လှူခဲ့တဲ့ ပမာဏလို့ ဆိုပါတယ်။
လှူဒါန်းမှုအနေနဲ့ Ether နဲ့ ဒေါ်လာ ၁၈.၂ သန်းဖိုး ၊ Bitcoin နဲ့ဒေါ်လာ ၁၇.၂ သန်းဖိုး အမေရိကန်ဒေါ်လာနဲ့ တန်ဖိုးတူ Stablecoins ဒေါ်လာ ၉.၅ သန်းဖိုးတို့လည်း ပါဝင်နေပါတယ်။ ဖေဖော်ဝါရီ ၂၆ ရက်နေ့ မတိုင်ခင်က သမရိုးကျ ငွေပေးချေရေးလမ်းကြောင်းတွေကနေ အလှူလက်ခံခဲ့တဲ့ ယူကရိန်းအစိုးရဟာ အလှူငွေကို ဖေဖော်ဝါရီလကုန် စနေနေ့က စတင်ပြီး Crytpocurrency တွေကနေ အလှူခံလာတာ ဖြစ်ပါတယ်။
ယူကရိန်းအစိုးရရဲ့ တရားဝင် Twitter အကောင့်ကနေ အစိုးရဆီ Bitcoin ၊ Ethereum နဲ့ USDT တို့လို Crytpocurrency နဲ့ လှူနိုင်မယ့် လိပ်စာနှစ်ခု ဖော်ပြခဲ့ပါတယ်။ Elliptic ရဲ့ အဆိုအရ Tweets တွေထဲမှာ ဖော်ပြထားတဲ့ Bitcoin ၊ Ethereum ၊ Tron ၊ Plkadot ၊ Dogecoin နဲ့ Solana လိပ်စာတွေကနေ တစ်ဆင့် အစိုးရဆီ Cryptocurrency လှူဒါန်းမှု ၉၆၀၀၀ ကျော် (ဒေါ်လာ ၄၆.၇ သန်းဖိုး) ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
NFT လို့ခေါ်တဲ့ Nonfungible Tokens လှူဒါန်းမှုကလည်း မြင့်တက်နေပါတယ်။ ဒေါ်လာ ၂ သိန်းကျော် တန်တဲ့ CryptoPunk NFT တစ်ခု ယူကရိန်းအစိုးရရဲ့ Ethereum အကောင့်ထဲ ရောက်လာခဲ့သလို Wikileaks တည်ထောင်သူ ဂျူလီယန် အက်ဆန့်ချ်အတွက် ရံပုံငွေစိုက်ထူထားတဲ့ NFTs ရောင်းအားကနေ ဒေါ်လာ ၁.၈၆ သန်းလည်း လာလှူခဲ့တယ်လို့ ဆိုပါတယ်။
ရုရှားကျူးကျော်မှု စတင်ဝင်ရောက်ပြီး နောက်တစ်ရက် ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာပဲ ယူကရိန်းစစ်တပ်အတွက် ပြည်သူတွေက Cryptocurrency ကနေ တစ်ဆင့် ဒေါ်လာ ၄.၁ သန်းဖိုး လှူဒါန်းခဲ့တာပါ။ ယူကရိန်းအလံ NFT တစ်ခုကို UkraineDAO ကနေ လေလံတင်ရာမှာ ဒေါ်လာ ၆.၅ သန်းတန် Ether နဲ့ အရောင်းအဝယ်ဖြစ်သွားတယ်လို့ ဆိုပါတယ်။ ဒါဟာ ရောင်းချသမျှ NFT တွေထဲမှာ ဈေးအကြီးဆုံးလည်း ဖြစ်ပါတယ်။
အများပြည်သူရဲ့ Crypto လှူဒါန်းမှုတွေဟာ အမေရိကန်လို နိုင်ငံတကာမဟာမိတ်တွေရဲ့ လှူဒါန်းမှုနဲ့ ယှဉ်ရင်တော့ သိပ်မများလှဘူးလို့ ဆိုနိုင်ပါတယ်။ ယူကရိန်းအတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က စစ်ရေးအကူအညီအဖြစ် ဒေါ်လာသန်း ၃၅၀ တန် လက်နက်တွေ ကူညီထောက်ပံ့ပေးဖို့ ညွှန်ကြားခဲ့သလို ယူကရိန်းနိုင်ငံ နဲ့ ဗဟိုဥရောပမဟာမိတ်နိုင်ငံတွေအတွင်း စီးပွားရေး ၊ လုံခြုံရေးနဲ့ လူသားချင်းစာနာမှု အထောက်အကူတွေ ပေးဖို့ အရေးပေါ်အကူအညီအဖြစ် ဒေါ်လာ ၁၀ ဘီလျံ ထပ်ပေးဖို့ လွှတ်တော်ကိုလည်း တောင်းဆိုထားပါတယ်။