ဟင်းချိုချို ဘူဖေးမုန့်ဟင်းခါးဆိုင်လေးရဲ့ အားသာချက်က ခြံဝန်းထဲမှာ ဖွင့်လှစ်ထားတာကြောင့်ဖြစ်တဲ့အပြင် ကိုယ့်စိတ်ကြိုက် မုန့်ဟင်းခါးကို ထည့်စားလို့ရတာကြောင့်လို့ ဆိုပါတယ်။

ကုန်ဈေးနှုန်းတွေ တက်လာတာနဲ့အမျှ မုန့်ဟင်းခါးတစ်ပွဲကို ၂၀၀၀ ဝန်းကျင်လောက် ပေးရတဲ့ အခုလိုခေတ်ကြီးထဲမှာ မုန့်ဟင်းခါးကို ကြိုက်သလောက် အဝစား ၅၀၀၀ ကျပ်ကျသင့်မယ့် ဆိုင်လေးတစ်ဆိုင်နဲ့ Duwun ပရိသတ်တွေအတွက် မိတ်ဆက်ပေးချင်ပါတယ်။ 





မုန့်ဟင်းခါးကို ဘူဖေးစနစ်နဲ့စတင်ခဲ့တဲ့ ဟင်းချိုချို 


ဒီမုန့်ဟင်းခါးဆိုင်လေးကတော့ ဟင်းချိုချို ဟင်္သာတမုန့်ဟင်းခါး ဆိုင်လေးပဲ ဖြစ်ပါတယ်။ ကိုဗစ်မတိုင်ခင်ကတော့ ပုံမှန်မုန့်ဟင်းခါးဆိုင်လေး အဖြစ်နဲ့ ဖွင့်လှစ်ထားပေမယ့် ကိုဗစ်ဒုတိယလှိုင်းအပြီးမှာတော့ ကိုယ့်ရဲ့ ခြံဝန်းလေးထဲမှာပဲ မိတ်ဆွေသူငယ်ချင်းတွေ လာစားလို့ရအောင် ရည်ရွယ်ချက်နဲ့ ဘူဖေးမုန့်ဟင်းခါးဆိုင်လေး ဖွင့်လှစ်ဖြစ်ခဲ့တာလို့ ဆိုင်ရှင် ဒေါ်ဖြူဖြူသွယ်က ဆိုပါတယ်။ 


“ အရင်တုန်းက မုန့်ဟင်းခါးကိုပုံမှန်အတိုင်းပဲ ရောင်းပါတယ်။ ကိုဗစ်အတွင်း ပိတ်လိုက်ပြီးတော့ ကိုဗစ် ဒုတိယလှိုင်းမှာ စပြီးတော့ မိတ်ဆွေတွေက ပြန်ရောင်းပါဆိုလို့ ဝန်ထမ်းတွေလည်း မရှိတာနဲ့ ကိုယ်တိုင်ယူစနစ် ဘူဖေးဆိုပြီး စရောင်းခဲ့တာပါ။ ” လို့ ဆိုပါတယ်။


အိမ်ချက်ပုံစံလေးအတိုင်းရောင်းတဲ့ ဟင်းချိုချို 


ဟင်းချိုချို မုန့်ဟင်းခါးကို ဟင်္သာတ လက်ရာလို ချက်ပြုတ်ထားပြီး တစ်ပတ်မှာ တနင်္ဂနွေ တစ်ရက် အိမ်မှာ ချက်စားနေကြမို့ တစ်ပတ်ကို တစ်ရက် အိမ်မှာချက်ရင်းနဲ့ တစ်ခါတည်း ရောင်းချဖြစ်တာလို့ ဆိုပါတယ်။ အရသာကို အချိုမှုန့်လုံးဝမသုံးဘဲ ငါးနဲ့ ကုလားပဲရဲ့ အရသာကိုသာ အဓိကထားပြီး ချက်ပြုတ်ထားတာလို့ ဆိုင်ရှင် က ပြောပါတယ်။ ဆိုင်ရှင်ရဲ့ မိဘတွေကို မုန့်ဟင်းခါးတစ်ပတ်တစ်ခါချက်ကျွေးရင် လူကြီးတွေနဲ့ ကလေးငယ်လေးတွေ စားလို့ရအောင် ကျန်းမာရေးနဲ့ညီညွှတ်အောင် ချက်ပြုတ်ထားတာဖြစ်ပါတယ်။ 

“ ဟင်းချိုချိုက အရသာပေါ့တယ်။ အချိုမှုန့်မပါတော့ လူတွေက အစပိုင်းမှာ မကြိုက်ဘူး။ နောက်တော့ ကိုဗစ်ဖြစ်ပြီးနောက်ပိုင်း လူတွေက ကျန်းမာရေးကို ပိုပြီးအလေးထားလာတော့ အချိုမှုန့်မပါတဲ့ ဟင်းချိုချိုမုန့်ဟင်းခါးကို စမ်းပြီး လာစားကြတယ်။ စမ်းစားရင်းနဲ့ ကြိုက်သွားကြတာများပါတယ်။ ဘူဖေးစနစ်စတုန်းကဆို တော်တော်လေးကို ရောင်းကောင်းခဲ့တယ်” လို့ ဆိုပါတယ်။


ကိုယ့်ခြံဝန်းထဲမှာ စားရသလို ခံစားရစေမယ့် ဟင်းချိုချို 


ဟင်းချိုချို ဘူဖေးမုန့်ဟင်းခါးဆိုင်လေးရဲ့ အားသာချက်က ခြံဝန်းထဲမှာ ဖွင့်လှစ်ထားတာကြောင့်ဖြစ်တဲ့အပြင် ကိုယ့်စိတ်ကြိုက် မုန့်ဟင်းခါးကို ထည့်စားလို့ရတာကြောင့်လို့ ဆိုပါတယ်။

တိတ်ဆိတ်ငြိမ်သက်ပြီး အပင်လေးတွေနဲ့ စိမ်းလန်းစိုပြေနေတဲ့ ခြံဝန်းငယ်လေးထဲမှာ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ မိတ်ဆွေတွေနဲ့ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနဲ့ လာစားလို့ရတဲ့နေရာလေးဖြစ်တာကြောင့် လူကြီး လူငယ်မရွေး ကြိုက်နှစ်သက်ကြတဲ့ နေရာလေးတစ်ခုဆိုရင်လည်း မမှားပါဘူး။ 

“ လွတ်လွပ်လပ်လပ်နဲ့ ကိုယ့်ဘာသာကို ထည့်စားရတာကို ကြိုက်တယ်။ လူကြီးတွေက တစ်ပတ်ကို တစ်ရက် မိတ်ဆွေသူငယ်ချင်းတွေနဲ့ လာပြီးတော့ ကိုယ့်ခြံလေးထဲမှာ ထိုင်စားရသလို စားရတော့ ကြိုက်ကြတယ်။ စစဖွင့်တုန်းက ဆို ကြိတ်ကြိတ်တိုးပဲ။” လို့ ဒေါ်ဖြူဖြူသွယ်က ဆိုပါတယ်။


ဘူဖေးအဝစား ၁၅၀၀ ကျပ်ကနေ ၅၀၀၀ ကျပ်အထိ ဖြစ်လာ


ဆိုင်ဖွင့်ဖွင့်ချင်း လွန်ခဲ့တဲ့ ၃ နှစ်ဝန်းကျင်လောက်က အဝစားကိုမှ ၁၅၀၀ ကျပ်နဲ့ စတင်ရောင်းခဲ့ပြီး စားသုံးသူတွေ ကြိတ်ကြိတ်တိုးများပြားခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာတော့ ကုန်ဈေးနှုန်းတွေ တဖြည်းဖြည်းမြင့်တက်လာခဲ့ပြီး လက်ရှိမှာတော့ မုန့်ဟင်းခါး အဝစားကို ၅၀၀၀ ကျပ်နဲ့ ရောင်းချပေးနေတာဖြစ်ပါတယ်။ အဝစား ၅၀၀၀ ကျပ်မှာ ဘူးသီးကြော်နဲ့ ပဲကြော်၊ နံနံပင်၊ ပူစီနံ၊ ပဲသီး၊ ပဲပင်ပေါက် စတာတွေကို ချပေးထားပြီး အခြားအကြော်တွေ ဖြစ်တဲ့ ကြက်သွန်ကြော်၊ အီကြာကွေး၊ မန္တလေးပဲကြော် စသည်တို့ကိုတော့ သီးသန့်ရောင်းချပေးတယ်လို့ဆိုပါတယ်။ မုန့်ဟင်းခါးအရည်ထဲမှာတော့ ပိုပြီးအရသာရှိအောင် ငါးဖယ်နဲ့ ဘဲဥတွေကို ခြစ်ထည့်ပေးထားပြီး ငါးဖယ်နဲ့ အိုးဘဲဥ သီးသန့်စားချင်တဲ့သူတွေအတွက်လည်း သီးသန့်မှာယူနိုင်ပါတယ်။ 



ဟင်းချိုချိုမုန့်ဟင်းခါးစားချင်သူတွေအတွက် 


တစ်ပတ်ကို တနင်္ဂနွေ တစ်ရက် မနက် ၇ နာရီခွဲကနေ နေ့လယ် ၁၂ နာရီလောက်ထိ ရောင်းချပေးနေပြီး ဆိုင်လိပ်စာကတော့ ၆၃ (D)၊ နတ်မောက်လမ်းသွယ် (၁)၊ ဖိုးစိန်လမ်း၊ ဗဟန်းမြို့နယ်မှာရှိပါတယ်။ မုန့်ဟင်းခါးကို ကြိုက်နှစ်သက်တဲ့ မိသားစုလိုက်၊ မိတ်ဆွေသူငယ်ချင်းအလိုက် အေးအေးဆေးဆေးနဲ့ ကိုယ့်ခြံဝန်းထဲမှာ စားရသလို ခံစားရစေမယ့် ဟင်းချိုချိုမုန့်ဟင်းခါး ဘူဖေးကို လာရောက်စားသုံးနိုင်ဖို့ ညွှန်းဆိုလိုက်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က