အသင်းနဲ့ စာချုပ်သက်တမ်း ၆ လသာ ကျန်ရှိတော့သူပါ။

ချဲလ်ဆီးနောက်ခံကစားသမား ရူဒီဂါဟာ ကနဦး ပြောဆိုမှုတွေအရ အလွတ်ပြောင်းရွှေ့ကြေးနဲ့ စတမ်းဖို့ဒ် ဘရစ်ဂျ်ကနေ ထွက်ခွာခဲ့မယ်ဆိုရင် တစ်ပတ်လုပ်ခ ပေါင် ၄ သိန်းလောက် ရရှိမှာဖြစ်တာကြောင့် ချဲလ်ဆီးကနေ ထွက်ခွာဖို့အတွက် ပိုလို့တောင် နီးစပ်လာတဲ့အခြေအနေကို ရောက်ရှိနေပြီလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဂျာမန်နောက်ခံကစားသမားဟာ စတမ်းဖို့ဒ်ဘရစ်ဂျ်မှာ စာချုပ်သက်တမ်း နောက်ဆုံး ၆ လထဲကို ရောက်ရှိနေသူဖြစ်ပြီး လာမယ့်လမှာ ပြည်ပကလပ်အသင်းတွေနဲ့ အကြိုသဘောတူညီစာချုပ် ချုပ်ဆိုဖို့ စတင်ဆွေးနွေးနိုင်တော့မှာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းက နည်းပြ တူဟယ်ရောက်ရှိလာပြီးကတည်းက အကောင်းဆုံးပုံစံ ပြသနေတဲ့ ရူဒီဂါကို အသင်းမှာ ဆက်နေအောင် ဆွဲဆောင်နိုင်မယ်လို့ မျှော်လင့်နေပေမယ့် ကြယ်ပွင့်နောက်ခံကစားသမားကို ဆုံးရှုံးရဖို့အလားအလာက ပိုမို မြင့်တက်လာနေခဲ့တာဖြစ်ပါတယ်။



ချဲလ်ဆီးအသင်းက ရူဒီဂါအတွက် နောက်ဆုံးကမ်းလှမ်းခဲ့တဲ့ စာချုပ်ဟာ လက်ရှိစာချုပ်ထက် ၅၀ ရာခိုင်နှုန်းနီးပါး ပိုမိုများပြားတဲ့ တစ်ပတ်လုပ်ခလစာ ပေါင် ၁၄၀၀၀၀ ဝန်းကျင်ဖြစ်မယ်လို့ ယုံကြည်ရပေမယ့် ရူဒီဂါက အသင်းမှာ မြင့်မားတဲ့လစာရရှိနေတဲ့သူတွေနဲ့ တန်းတူ ကြီးမားတဲ့ လစာပမာဏ ရရှိဖို့ ထိုက်တန်တယ်လို့ ခံစားနေခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် ရူဒီဂါက ယခုချုပ်ဆိုမယ့် စာချုပ်ဟာ ကစားသမားဘဝရဲ့ နောက်ဆုံး ကြီးမားတဲ့ လစာပမာဏဖြစ်ဖွယ်ရှိတယ်လို့ ထင်မြင်နေပုံရပြီး ဥရောပထိပ်သီးအသင်းကြီးတွေက ဂျာမန်နောက်ခံကစားသမား တောင်းဆိုထားတဲ့ မက်မောလောက်ဖွယ် လစာပမာဏနဲ့ ကမ်းလှမ်းဖို့ တန်းစီနေကြတာဖြစ်ပါတယ်။

Daily Mail ရဲ့ ဖော်ပြချက်အရ အစောပိုင်း အစမ်း ပြောဆိုဆွေးနွေးမှုတွေက ရူဒီဂါကို ခေါ်ယူချင်နေတဲ့ အသင်းတွေဟာ ဆုကြေးငွေနဲ့ ထပ်ဆောင်းပေးချေမှုတွေအပါအဝင် စုစုပေါင်း တစ်ပတ်လုပ်ခလစာ ပေါင် ၄ သိန်းအထိ ကမ်းလှမ်းသွားဖို့အတွက် ကြိုတင်ပြင်ဆင်နေကြတယ်ဆိုတာ ရှင်းလင်းစေခဲ့တယ်လို့ သိရပါတယ်။ အဲဒီပမာဏလောက်နဲ့ စာချုပ် ကမ်းလှမ်းခြင်းခံရမယ်ဆိုရင် ရူဒီဂါဟာ လက်ရှိကမ္ဘာပေါ်မှာ လစာအများဆုံးရရှိသူဖြစ်နေတဲ့ ဂျူဗင်တပ်နောက်ခံလူ ဒီ လိုက်တ်နဲ့ တန်းတူဖြစ်သွားမှာဖြစ်ပြီး ဂျူဗင်တပ်၊ ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ်တို့ဟာ အသက် ၂၈ နှစ်အရွယ်နောက်ခံကစားသမားကို အပြိုင်အဆိုင်ခေါ်ယူဖို့အတွက် အဆင်သင့်ဖြစ်နေကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိအချိန်မှာ ခေါ်ယူမယ်ဆိုရင် ရူဒီဂါအတွက် ပေါင်သန်း ၇၀ ဝန်းကျင်လောက် ကျသင့်မှာဖြစ်တာကြောင့် ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးလို့ အလွတ်နဲ့ထွက်ခွာနိုင်တဲ့အချိန်ကျရင် ကြီးမားတဲ့ လစာပမာဏနဲ့ ဆွဲဆောင်သွားဖို့ ပြင်ဆင်နေတာဖြစ်ပြီး ချဲလ်ဆီးအသင်းအနေနဲ့ ဥရောပထိပ်သီးအသင်းကြီးတွေနဲ့ လစာအပြိုင် ပေးနိုင်မှာမဟုတ်တာကြောင့် ဂျာမန်နောက်ခံကစားသမားအနေနဲ့ အသင်းကို စွန့်ခွာမယ့်အလားအလာ မြင့်တက်လာနေပြီဖြစ်ပါတယ်။ မကြာသေးမီက သတင်းတွေမှာ ရီးရဲလ်မက်ဒရစ်အသင်းက ဂျာမန်နောက်ခံကစားသမားကို ခေါ်ယူဖို့အတွက် ထိပ်ဆုံးကနေ ဦးဆောင်နေပြီး ရူဒီဂါက ဘာနေဗျူးကို ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

Share

က္က