မြို့နယ်စုံကပါ လာစားကြတဲ့အထိ နာမည်ကြီးတဲ့ ဆိုင်ပါ။

မြောက်ဒဂုံက သင်းဝင်အသုပ်ဆိုင်လို့ ပြောလိုက်ရင် မသိတဲ့သူ မရှိသလောက်ပါပဲ။ သင်းဝင်မှတ်တိုင်အနီးက သင်းဝင်အသုပ်ဆိုင်ကလူကြိုက်များ နာမည်ကြီးတာကြောင့် မြို့နယ်စုံက လာစားကြတဲ့သူတွေနဲ့ အမြဲလူစည်ကားနေတဲ့ အသုပ်စုံဆိုင်လေးဖြစ်ပါတယ်။

၁၉၉၇ ခုနှစ်က စတင်ခဲ့တဲ့ ၂၅ နှစ်သက်တမ်းရှိတဲ့ အသုပ်ဆိုင်လေး

ဒီအသုပ်စုံဆိုင်လေးကတော့ မစန္ဒာဝင်း တို့ညီအစ်မတွေ စုပေါင်းဖွင့်လှစ်ထားတဲ့ ဆိုင်လေးဖြစ်ပါတယ်။ ဒီဆိုင်လေးကို ၁၉၉၇ ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့ပြီး အခုဆို ၂၅ နှစ်လောက်ရှိပါပြီ။အိမ်မှာ မုန့်ဟင်းခါး၊အုန်းနို့ခေါက်ဆွဲလုပ်စားရင်းနဲ့ ဆိုင်လေးဖွင့်ဖို့ စိတ်ကူးရရာကနေ ဒီဆိုင်လေးဖြစ်လာခဲ့တာပါ။ စဖွင့်ကာစတာကတော့ မြောက်ဒဂုံမြို့နယ်မှာ လူနေမထူထပ်သေး တာကြောင့် ဆိုင်ကို လူသိပ်မသိကြခဲ့ဘူးလို့ ဆိုပါတယ်။ ဆိုင်စဖွင့်ဖွင့်ချင်းမှာတော့ မုန့်ဟင်းခါး၊အုန်းနို့ခေါက်ဆွဲနှစ်မျိုးတည်းရောင်းချခဲ့ပြီးနောက်ပိုင်းမှာတော့ တဖြည်းဖြည်းလူကြိုက်များလာခဲ့ပြီး အမယ်တွေ တိုးလာခဲ့ပါတယ်။


မုန့်ဟင်းခါးတစ်ပွဲ ၄ ကျပ်၊ အသုပ်တစ်ပွဲ ၄ ကျပ်နဲ့ ဆိုင်လေးကိုစတင်ခဲ့

စရောင်းကာစ လွန်ခဲ့တဲ့ ၂၅ နှစ်လောက်ကတော့ မုန့်ဟင်းခါးတစ်ပွဲ ၄ ကျပ်၊ အသုပ်တစ်ပွဲ ၄ ကျပ်နဲ့ စရောင်းခဲ့တာပါ။ အခုတော့ မုန့်ဟင်းခါးအလွတ်တစ်ပွဲကို ၅၀၀ ကျပ်ကနေ အသုပ်တစ်ပွဲကို အများဆုံး ၁၅၀၀ ကျပ်နဲ့ ရောင်းချနေတာပါ။ ဆိုင်စတင်ဖွင့်လှစ်ခဲ့တဲ့ကာလကနေ နှစ်အတော်ကြာတဲ့အထိ သင်းဝင်လမ်းမပေါ်မှာပဲ ရောင်းချခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ စားသုံးသူတွေများလာတာကြောင့် ပင်လုံလမ်းမကြီးပေါ် သင်းဝင်မှတ်တိုင်အနီးမှာ ဆိုင်ခန်းကျယ်ကြီးနဲ့တိုးချဲ့ဖွင့်လှစ်ခဲ့တာ အခုဆို ၆ လခန့် ရှိနေပါပြီ။

၂၅ နှစ်ကြာ အရသာမပြောင်းလဲဘဲ စားသုံးသူတွေအကြိုက်တွေ့နေဆဲ

ဝါသနာနဲ့ စေတနာကို အရင်းခံတာကြောင့် ဒီအသုပ်စုံဆိုင်လေးက နှစ်ဘယ်လောက်ကြာကြာ လူကြိုက်များနေဆဲဖြစ်ပါတယ်။ သင်းဝင်အသုပ်ဆိုင်ရဲ့ အရသာကိုမှ ကြိုက်နှစ်သက်တဲ့သူတွေအတွက် အချိန်ကာလဘယ်လောက်ပဲ ပြောင်းပြောင်း အသုပ်တွေရဲ့ အရသာကို ဘယ်တော့မှ မပြောင်းလဲဘူးလို့ ဆိုပါတယ်။

“ တစ်နှစ်လာလည်း ဒီအရသာ၊ သုံးနှစ်၊ ငါးနှစ် ဖြစ်သွားလည်း ဒီအရသာပဲ ဖြစ်အောင် အစ်မတို့ အရည်အသွေးကို ထိန်းပါတယ်။ အရသာကို အစ်မတစ်ယောက်တည်းပဲ စပ်ပါတယ်။ အစ်မတွေ ညီအစ်မတွေကတော့ ဝိုင်းကူကြတာပေါ့။ စားသုံးသူတွေကလည်း တချို့ နိုင်ငံခြားသွားပြီး ပြန်လာတော့ ဒီဆိုင်မှာ လာပြန်စားကြတဲ့သူတွေရှိတယ်။ သူတို့တွေ ပြန်လာစားလည်း ဒီအရသာပဲ ဖြစ်နေတော့ ကြိုက်ကြတယ်” လို့ မစန္ဒာဝင်းက ပြောပါတယ်။

အသုပ်အမျိုးအစားပေါင်း ၃၀ နီးပါးလောက် ရတဲ့ဆိုင်လေး

ဒီဆိုင်မှာ အသုပ်အမျိုးအစားပေါင်း ၃၀ နီးပါးလောက်ရပြီး မုန့်ဟင်းခါး၊အုန်းနို့ခေါက်ဆွဲ၊ ကြာဇံချက်၊ရခိုင်မုန့်တီ၊မုန့်ဖတ်သုပ် (ဗမာ/ရခိုင်)၊ ငါးဖယ်သုပ်(ဗမာ/ရခိုင်) ၊ ပဲပြားသုပ်(ဗမာ/ရခိုင်)၊ ပဲသွေးသုပ် (ဗမာ/ရခိုင်)၊ အိုးဘဲဥ၊ ကြက်ခြေထောက်၊ အကြော်စုံ၊ နန်းပြားသုပ်၊နန်းကြီးသုပ်၊ခေါက်ဆွဲသုပ်၊ ကြာဇံသုပ်၊ အသုပ်စုံ၊တို့ဟူးသုပ်၊ညှပ်ခေါက်ဆွဲသုပ်၊ထမင်းသုပ်၊ငါးဖယ်အစာသွပ်၊ပဲပြားအစာသွပ် စတာတွေအပြင် အအေးစုံလည်း ရပါတယ်။ အစားများကြတဲ့ အစားအသောက်တွေကတော့ အသုပ်စုံ၊ ကြာဇံချက်၊ အုန်းနို့ခေါက်ဆွဲတို့ဖြစ်ပါတယ်။

အသုပ်တွေကို ကြက်သွန်ဖြူ/နီ ဆီချက်ကြော် ကြွပ်ကြွပ်လေးနဲ့ အရသာကို ပါးစပ်ထဲထိနေအောင် သုပ်ထားတာကြောင့် ဘယ်အသုပ်ကိုပဲစားစား အရသာထိထိမိမိလေးနဲ့စားလို့ကောင်းပါတယ်။ ဒါကြောင့် လက်မလည်အောင် ရောင်းရပြီး စားသုံးသူတွေက ဆိုင်မှာထိုင်စားကြသလို ပါဆယ်တွေလည်း တသီကြီး ဆွဲသွားတတ်ကြပါတယ်။

ဆိုင်လိပ်စာနဲ့ အော်ဒါမှာယူလိုသူတွေအတွက်

ဆိုင်ကတော့မြောက်ဒဂုံမြို့နယ်၊ ပင်လုံလမ်းမကြီးပေါ်၊ သင်းဝင်မှတ်တိုင်ရှေ့၊ Capital Hypermarket မျက်စောင်းထိုး မှာ ဖွင့်လှစ်ထားတာပါ။ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၀ နာရီကနေ ညနေ ၆ နာရီလောက်ထိ ဖွင့်လှစ်ထားပါတယ်။ ဒါပေမယ့် ညနေစောင်းလာရင် အမျိုးအစားမစုံတော့တာကြောင့်စောစောသွားလေ အစုံစားရလေပါပဲ။ 

မြောက်ဒဂုံတဝိုက်ကို အော်ဒါပို့ပေးပြီး အော်ဒါမှာယူလိုပါက ဖုန်းနံပါတ် - ၀၉၂၅၄၃၁၄၃၃၅၊ ၀၉၇၉၉၉၉၇၀၆၈ ကို ဆက်သွယ်မှာယူနိုင်ပါတယ်။


Share

Loading Next Article...
က္က