လမ်းဘေးဆိုင်လေးအဖြစ်နဲ့စတင်ခဲ့တဲ့ဆိုင်လေးပါ။

မုန့်ဟင်းခါးအရည်ကျဲကျဲလေးနဲ့ အချိုပေါ့ အရသာလေးကြိုက်သူတွေအတွက် နှစ်ပေါင်း ၄၀ သက်တမ်းရှိပြီဖြစ်တဲ့ ဆိပ်ကမ်းသာလမ်းပေါ်က ဘိုကလေးဒေါ်ညိုမုန့်ဟင်းခါးဆိုင်လေးက အသင့်တော်ဆုံးဖြစ်မှာပါ။ ဒီဆိုင်လေးက ဘိုလေးသူစစ်စစ်ဖြစ်တဲ့ ဒေါ်ညိုက စတင်ခဲ့တာဖြစ်ပြီး အခုတော့ သားသမီးတွေအားလုံးက မိခင်ဖြစ်သူက ရတဲ့မုန့်ဟင်းခါးချက်ရောင်းတဲ့ပညာအမွေနဲ့ တစ်မိသားစုလုံးမုန့်ဟင်းခါးဆိုင်ကိုယ်စီဖွင့်လှစ်ရောင်းချနေကြတာပါ။



တစ်ပွဲကို ၁၀ ပြား၊ ၁၅ ပြားနဲ့စခဲ့တဲ့ ဘိုကလေးဒေါ်ညိုမုန့်ဟင်းခါး

၁၉၈၃ ခုနှစ်ဝန်းကျင်လောက်က ဆိပ်ကမ်းသာလမ်းပေါ်က တိုက်အောက်တစ်နေရာမှာ ခုံလေးခင်း မုန့်ဟင်းခါးအိုးလေးချပြီး စတင်ရောင်းခဲ့တာက ဒေါ်ညိုမုန့်ဟင်းခါးဆိုင်ပါ။ အဲဒီခေတ်ကာလတုန်းက မုန့်ဟင်းခါးဆိုင်ရယ်လို့ ဒေါ်ညိုမုန့်ဟင်းခါးဆိုင်ပဲရှိပြီး တော်တော်လေးကို ရောင်းအောင်းကောင်းခဲ့တဲ့ဆိုင်လေးတစ်ခုအဖြစ်နဲ့ တည်ရှိခဲ့ပါတယ်။

“ စရောင်းတုန်းက တစ်ပွဲကို ၁၀ ပြား၊ ၁၅ ပြားနဲ့ စရောင်းတာ၊ စရောင်းတုန်းက မနက်ပိုင်းလေးပဲ ရောင်းတာပေါ့။ အဲဒီတုန်းက တိုက်အဟောင်းတွေပဲရှိသေးတယ်။ တိုက်ရဲ့ အရှေ့မျက်နှာစာလေးက အုတ်ခုံလေးပေါ်မှာ ရောင်းခဲ့တာပေါ့။ အခုတော့ ဆိုင်ခန်းနဲ့ ဖြစ်လာတာ နှစ်ပေါင်း (၃၀) လောက်ရှိပါပြီ ”လို့ လက်ရှိဆိုင်ကိုဦးစီးနေသူ ဒေါ်မြင့်မြင့်ခိုင်က ပြောပါတယ်။

ဘိုကလေးသူစစ်စစ်ဖြစ်တဲ့ ဒေါ်ညိုရဲ့ မုန့်ဟင်းခါးလက်ရာ

ဒီမုန့်ဟင်းခါးဆိုင်လေးကို အစပြုခဲ့သူ ဒေါ်ညိုဟာ ဘိုကလေးသူဖြစ်တာကြောင့် သူ့ရဲ့ မုန့်ဟင်းခါးလက်ရာကလည်း ဘိုကလေးမှာစားကြတဲ့ပုံစံလေးအတိုင်းချက်ပြုတ်ထားတာပါ။ ငှက်ပျောပင်ဖတ်မပါဘဲ မုန့်ဟင်းခါးအရည်ကိုကြက်သွန်ဥနီက ရတဲ့ အချိုအရသာကို ယူထားပြီး အရည်ကျဲကျဲနဲ့အရသာပေါ့ပေါ့လေးစားရတာပါ။ ဒါကြောင့်မို့ မုန့်ဟင်းခါးကို ဟင်းရည်ပျစ်ပျစ်ကြီးမကြိုက်သူတွေအတွက်တော့ ဒေါ်ညိုမုန့်ဟင်းခါးက အံဝင်ခွင်ကျပါပဲ။

“ ဒေါ်ညိုရဲ့ လက်ရာကိုကြိုက်လွန်းလို့ ဟိုးအရင်ကတည်းကနေ အခုချိန်ထိ မိသားစုလိုက် အားပေးကြတဲ့သူတွေ ရှိနေတုန်းပဲ။ အန်တီတို့ လက်ထက်မှာလည်း အမေကြီးဒေါ်ညိုရဲ့ လက်ရာအတိုင်းပဲ လုံးဝမပြောင်းလဲအောင် ချက်ပြုတ်တယ်။ ကုန်ဈေးနှုန်းတွေ ဘယ်လောက်တက်တက် အမေကြီးရဲ့ အချိုးအစားအတိုင်းပဲ ချက်တယ်။ အဓိကကတော့ အရည်အသွေးကိုထိန်းပါတယ်” လက်ရှိဆိုင်ကို လက်ဆင့်ကမ်းနေသူ ဒေါ်ညိုရဲ့ ချွေးမဖြစ်သူ ဒေါ်မြင့်မြင့်ခိုင်က ဆိုပါတယ်။

မုန့်ဟင်းခါးပညာအမွေကိုယူပြီး အသက်မွေးဝမ်းကြောင်းပြုကြတဲ့ဒေါ်ညိုတို့မိသားစု

ဒေါ်ညို က သူ့ရဲ့ သားသမီးတွေအကုန်လုံးကို မုန့်ဟင်းခါးချက်ပြုတ်တဲ့ ပညာအမွေပေးခဲ့ကြပြီး သားသမီးဖြစ်သူတွေအကုန်လုံးက ဒီပညာအမွေကိုဆက်ယူပြီး ကိုယ်ပိုင်မုန့်ဟင်းခါးဆိုင်လေးတွေ ဖွင့်လှစ်ကာ အသက်မွေးဝမ်းကြောင်းပြုနေကြပါတယ်။ သာကေတ၊ စမ်းချောင်း၊ မြောက်ဒဂုံ၊ ကျောက်တံတားနဲ့ပန်းဘဲတန်းစတဲ့ မြို့နယ်အသီးသီးမှာ ဒေါ်ညိုရဲ့ သားသမီးတွေ ဖွင့်လှစ်ထားတဲ့ မုန့်ဟင်းခါးဆိုင်ခွဲများစွာရှိပြီး မဒေါ်ညိုရဲ့ လက်ရာအစစ်တိုင်း မူလလက်ရာမပျက်တဲ့ အရသာကိုစားသုံးချင်သူတွေအတွက်တော့ ကျောက်တံတားနဲ့ ပန်းဘဲတန်းမြို့နယ်က ဆိုင်လေးမှာစားရမှာဖြစ်ပါတယ်။

“ အန်တီက ဒေါ်ညိုသားနဲ့ အိမ်ထောင်ကျတော့ ဒီလုပ်ငန်းကို ဆက်လုပ်တာ၊ ဒီလုပ်ငန်းတစ်ခုပဲ လုပ်တတ်တယ်။ အဲဒါကြောင့် ကောင်းအောင်လုပ်တယ်။ အန်တီတို့အပြင် ဒေါ်ညိုရဲ့ တစ်ခြားသားသမီးတွေအကုန်လုံးကလည်း မုန့်ဟင်းခါးဆိုင်းတွေ ဖွင့်ထားကြတယ်။ တစ်ခြားဆိုင်တွေကတော့ သူတို့နေတဲ့မြို့နယ်က စားသုံးသူတွေအကြိုက် ငှက်ပျောပင်ဖတ်နဲ့ ချက်တာမျိုးတွေ ရှိတယ်။ အန်တီတို့ နှစ်ဆိုင်ကတော့ ဒေါ်ညိုရှိစဉ်က လက်ရာအတိုင်းပါပဲ။ အန်တီတို့ကတော့ တစ်နေ့ ကို (၃) သိန်းခွဲဖိုးလောက်ရောင်းရတယ်။ မုန့်ဟင်းခါးက အချိန် နှစ်ဆယ်လောက်တော့ ကုန်တယ် ”လို့ ဒေါ်မြင့်မြင့်ခိုင်က ဆိုပါတယ်။

ဘိုကလေးသူဒေါ်ညိုရဲ့ မုန့်ဟင်းခါးလက်ရာစစ်စစ်စားချင်သူတွေအတွက်

ဒေါ်ညို မုန့်ဟင်းခါးဆိုင်ကတော့ ကျောက်တံတားမြို့နယ်၊ ဆိပ်ကမ်းသာလမ်း (ကုန်သည်လမ်းနဲ့ မဟာဗန္ဒုလလမ်းကြား ၊ အမှတ် (၁၄၆) ) ဖြစ်ပြီး ဆိုင်ဖွင့်ချိန်ကတော့ မနက် ၅ နာရီကနေ နေ့လယ် (၁) နာရီဝန်းကျင်ထိပါ။ ဈေးနှုန်းတွေကတော့ မုန့်ဟင်းခါးအလွတ်တစ်ပွဲကို (၁၃၀၀)ကျပ်၊ အကြော်တစ်ခု ၂၀၀ ကျပ်၊ ငါးဖယ်တစ်ခု ၅၀၀ ကျပ်နဲ့ အိုးဘဲဥ တစ်လုံး (၅၀၀) ကျပ်တို့ ဖြစ်ပါတယ်။ မုန့်ဟင်းခါးအပြင် ခေါက်ဆွဲသုပ်၊ နန်းကြီးသုပ်၊ နန်းပြားသုပ်၊ မုန့်တီသုပ်တို့လည်းရရှိနိုင်တာဖြစ်ပါတယ်။

 



Share

Loading Next Article...
က္က