၁၉၉၁ ခုနှစ်က စတင်ရောင်းခဲ့တဲ့ဆိုင်လေးပါ။

ဒီနေ့ခေတ်လို့ အစစအရာရာ ကုန်ဈေးနှုန်းတက်နေတဲ့ကာလအတွင်းမှာ ထမင်းပေါင်းတစ်ပွဲကိုမှ ၁၇၀၀ ကျပ်နဲ့ ရောင်းချပေးနေတဲ့ဆိုင်လေးကတော့ တာမွေမြို့နယ်အတွင်းက ဝတုတ်ထမင်းပေါင်းဆိုင်လေးဖြစ်ပါတယ်။



မိသားစုလုပ်ငန်းလေးအဖြစ် ရောင်းချလာတဲ့ ဝတုတ်ထမင်းပေါင်းဆိုင်လေးက ‌‌သင့်တင်တဲ့ဈေးနှုန်းနဲ့ စားသုံးသူတွေကို ဆွဲဆောင်ထားပါတယ်။

၁၉၉၁ ခုနှစ်က စတင်ခဲ့တဲ့ ဝတုတ်ထမင်းပေါင်း 

ဒီထမင်းပေါင်းဆိုင်လေးကို လက်ရှိဆိုင်ကိုဦးစီးနေသူရဲ့ မိခင်ဖြစ်သူက ၁၉၉၁ ခုနှစ်မှာ စတင်ရောင်းချခဲ့တာဖြစ်ပါတယ်။ အဲဒီခေတ်အခါတုန်းက တာမွေဈေးရှေ့က မျက်နှာချင်းဆိုင်မှာ စတင်ရောင်းခဲ့ပြီး ထမင်းပေါင်းတစ်ပွဲကိုမှ ၆၀၀ ကျပ်၊ ၇၀၀ ကျပ်နဲ့ စရောင်းခဲ့တာပါ။

“ အစ်မ အသက် ၁၃ နှစ်ကတည်းက အမေဖြစ်သူကရောင်းလာတာပေါ့။ စရောင်းတုန်းက ထမင်းပေါင်းတစ်ပွဲကို ၆၀၀/ ၇၀၀ ပဲ။ ဆီချက်တစ်ပွဲကို ၃၀၀ ပါ။

အမေလက်ထက်ကတည်းကနေ အခု အစ်မက ဆက်လက်ဦးစီးနေတာပေါ့” လို့ လက်ရှိ ဝတုတ်ထမင်းပေါင်းဆိုင်ရှင် မချောစုယဉ်က ဆိုပါတယ်။

ဈေးနှုန်းနဲ့ပတ်သက်ပြီး စားသုံးသူတွေကိုငဲ့ညှာတတ်တဲ့ဆိုင်လေး 

လက်ရှိကုန်ဈေးနှုန်းတွေအရ ထမင်းပေါင်းဆိုင်တော်တော်များများက ဈေးနှုန်းတွေ တက်သွားကြပေမယ့်လည်း ဒီဆိုင်လေးကတော့တစ်ပွဲကိုမှ (၁၇၀၀) ကျပ်နဲ့ ရောင်းပေးနေဆဲပါ။ အဓိကကတော့ လူတန်းစားမရွေးစားနိုင်အောင် ရည်ရွယ်ပြီးတော့ ဈေးကို တတ်နိုင်သလောက် အဆင်ပြေအောင် လုပ်ပေးထားတာလို့ ဆိုပါတယ်။

“ ဈေးတွေတတ်လာပေမယ့်လည်း  စားသုံးသူတွေ အကုန်လုံးလည်း စားနိုင်အောင် လုပ်ပေးပါတယ်။ လူတန်းစေ့ အမြတ်ကိုနည်းနည်းပဲ ကိုယ့်အတွက်ကျန်ရင်ရပြီ။ အစ်မ အမေကိုယ်တိုင်ကလည်း ဈေးနည်းနည်းနဲ့ လူများများရောင်းချင်တော့  သူ့လက်ထက်ကတည်းက ဒီလိုပဲ ရောင်းလာတာပ။ အါခုခေတ်မှာ အားလုံးကလည်း ဈေးတတ်နေတဲ့အချိန်မှာ စားတဲ့သူတွေလည်းအဆင်ပြေအောင်  ကိုယ့်ဘက်ချည်းပဲ ကြည့်မရဘူး။ ‘ဈေးတင်မယ်ဆိုရင်လည်း စားတဲ့သူတွေံ အဆင်ပြေတဲ့ဈေးနှုန်းနဲ့  လုပ်ပေးတယ်။ လို့ မချောစုယဉ်က ဆိုပါတယ်။

နှစ်တွေ ဘယ်လောက်ပြောင်းပြောင်းလက်ရာမပြောင်းတဲ့ဆိုင်လေး 

ဆိုင်လေးက နှစ်ပေါင်းကြာနေပြီဖြစ်ပေမယ့်လည်း မိခင်ဖြစ်သူလက်ထက်ကတည်းက ပုံစံအတိုင်း အချိုးအစားမပြောင်းလဲဘဲ ချက်ပြုတ်ထားတာကြောင့် အရသာကလည်း လုံးဝမပြောင်းပါဘူး။ မိခင်ဖြစ်သူရဲ့ ထမင်းပေါင်းချက်နည်းပညာကို အပြည့်အဝရယူထားပြီး လက်ရာမကျအောင် အမြဲတမ်းထိန်းသိမ်းတယ်လို့လည်း ဝတုတ်ထမင်းပေါင်းဆိုင်ရဲ့ ဆိုင်ရှင် မချောစုယဉ်က ဆိုပါတယ်။

“ အစ်မက ငယ်ငယ်ကတည်းက အမေနဲ့ ကူလုပ်တော့ အမေလွှဲတဲ့အချိန်မှာလည်း အကုန်လုံးကို လုပ်တတ်နေပြီ။ လက်ရာကို အချိုးအစား ညီညီထည့်တယ်။ အဓိကကတော့  လက်ရာမကျအောင် ထိန်းသိမ်းတယ်။ “ လို့ ဆိုပါတယ်။

ဝတုတ်ထမင်းပေါင်းဆိုင်မှာ ထမင်းပေါင်းအပြင် ဘာတွေရသေးလဲ

ဒီဆိုင်လေးမှာ  ရနိုင်တဲ့မီနူးတွေကတော့ ဝက်ထမင်းပေါင်း၊ ကြက်ထမင်းပေါင်း၊ အခေါက်ကင်၊ အသားကင်၊ အခေါက်အသားအကင်၊ အခေါက်ထမင်းပေါင်း၊ အသားထမင်းပေါင်း၊ ခေါင်းသုပ်၊ ကြက်ကင်၊ ကြက်သားသုပ်၊ ကြက်ကင်ထမင်းပေါင်း တို့ရနိုင်ပြီး ဈေးနှုန်းကတော့ ထမင်းပေါင်းတစ်ပွဲကို ၁၇၀၀ ၊ ပါဆယ်ကတော့ ၂၀၀၀ ကျပ်ဖြစ်ပြီး ကျပ်နဲ့ကျန်တဲ့အစားအစာတွေကတော့ တစ်ပွဲကို ၃၅၀၀ ကျပ် ဝန်းကျင်ခန့်ဖြစ်ပါတယ်။ ဒီဆိုင်မှာ အစားအများဆုံးကတော့ ဝက်ထမင်းပေါင်းဖြစ်ပြီး နေ့လယ်ထမင်းစားချိန်ဆို လူပိုများပါတယ်။

ဆိုင်ခွဲ ၂ ခုရှိတဲ့ ဝတုတ်ထမင်းပေါင်း

ဝတုတ်ထမင်းပေါင်းဆိုင်ကတော့ တာမွေမြို့နယ် ၊ သမာဒိဌိလမ်းမပေါ်၊ တာမွေ ဗလီမှတ်တိုင်အနီး၊ Orange Super Makert အရှေ့မှာ တစ်ဆိုင်နဲ့ ၊ ကျောက်မြောင်း ဓမ္မဒါနလမ်းနဲ့ ဇောတိကလမ်းကြားမှာ တစ်ဆိုင် စုစုပေါင်း (၂) ဆိုင်ရှိပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၀ နာရီခွဲလောက်ဖြစ်ပြီး စောစောသွားရင် အသားစုံပိုရတာမို့ ဈေးတန်တန်လေးနဲ့လက်ရာကောင်းကြိုက်သူတွေအတွက် ဒီဆိုင်လေးကို ညွှန်းပေးလိုက်ပါတယ်နော်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က