တရုတ်အစားအစာဆီချက်ခေါက်ဆွဲကတော့ မြန်မာနိုင်ငံမှာလူကြိုက်များတဲ့အစားစာတစ်ခုပါ။ ဗိုက်ဆာနေတဲ့ အချိန်မှာ လက်ရာကောင်းလှတဲ့ဆီချက်ခေါက်ဆွဲမွှေးမွှေးအိအိလေး တစ်ပွဲလောက်စားလိုက်ရမယ်ဆိုရင် စိတ်ကျေနပ်မှုကိုရစေမှာပါ။
ဒီလိုမျိုး ဆီချက်ကြိုက်သူတွေအတွက် ဒီတစ်ခေါက်မှာ မိတ်ဆက်ပေးချင်တဲ့ ဆိုင်လေးကတော့ ဆီချက်တစ်ပွဲ ငါးမူးခေတ်ကတည်းကနေ စားသုံးသူတွေရဲ့ နှစ်ခြိုက်စွာအားပေးမှုကြောင့် အောင်မြင်တဲ့ဆီချက်ဆိုင်လေး အဖြစ် ရပ်တည်နေနိုင်ဆဲ (၁၃လမ်း)ဦးကျင်သိန်းဆီချက်ဆိုင်လေးပါ။
ဦးကျင်သိန်းဆီချက်ဆိုင်လေးရဲ့အစ
ဦးကျင်သိန်းဆီချက်ဆိုင်လေးကိုတော့ (၁၉၆၉) ခုနှစ်ကစတင်ခဲ့ပြီး အခုဆိုရင်တော့ ဆိုင်သက်တမ်းကနှစ်ပေါင်း (၅၀)ကျော်ပြီဖြစ်ပါတယ်။ ဆိုင်လေးရဲ့အစပဲ့ကိုင်ရှင်ဖြစ်တဲ့ဦးကျင်သိန်းက တရုတ်-ဗမာအမျိုးသားတစ်ဦးပါ။ ငယ်စဥ်ကတည်းက ဖခင်ဖြစ်သူရှယ်ယာပါတဲ့တရုတ်ဆီချက်ဆိုင်မှာ၀င်ရောက်လုပ်ကိုင်ခဲ့ပြီး တရုတ်ရိုးရာဆီချက် အစားအစာပညာကိုစနစ်တကျသင်ယူခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့ ကိုယ်ပိုင်ဆီချက်ဆိုင်လေးကို လမ်းဘေးမှာဖွင့်လှစ်ခဲ့ပြီး ကောင်းမွန်တဲ့အရသာနဲ့ ဇွဲသန်တဲ့ကြိုးစားမှုတွေကြောင့် ဆိုင်ခန်းနဲ့ဖွင့်လှစ်နိုင်တဲ့အထိ အောင်မြင်တဲ့ဆီချက်ဆိုင်လေးဖြစ်လာပါတယ်။
“အဖေကလမ်း(၂၀)တရုတ်ဆီချက်ဆိုင်မှာလုပ်ရင်း ဒီပညာကိုသင်ခဲ့တာပါ။ သူ့အလုပ်ပေါ်မှာအရမ်းကြိုးစားတယ်။ လမ်းဘေးမှာရောင်းတဲ့အချိန်ထဲက ဆိုင်တစ်ရက်တောင်မပိတ်ဘူး။ သူရဲ့စားသုံးသူဖောက်သည်တွေအပေါ်မှာလည်း အရမ်းစိတ်ရှည်ခဲ့တယ်။”လို့ ဆီချက်ဆိုင်ကိုဆက်လက်ဦးစီးနေတဲ့ဦးကျင်သိန်းရဲ့သားဖြစ်သူ ကိုတင်အောင်မြင့် ကပြောပါတယ်။
မိသားစုအမွေအနှစ်ဆီချက်ဆိုင်လုပ်ငန်း
ဒီဆီချက်ဆိုင်လုပ်ငန်းလေးဟာ ဦးကျင်သိန်းတို့ဇနီးမောင်နှံ့ရဲ့ အိမ်ထောင်ဦးအစစီးပွားရေးလုပ်ငန်းလေးဖြစ်ကာ ဒီလုပ်ငန်းနဲ့ပဲသားသမီးငါးယောက်ကို ပညာရေးပြီးဆုံးအောင်ပံ့ပိုးပေးခဲ့ပြီး သားသမီးတွေနေဖို့လည်းအိမ်တစ်ယောက်တစ်လုံး စီဝယ်ပေးနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဦးကျင်သိန်းဆီချက်ဆိုင်လုပ်ငန်းကို သားသမီးတွေကဆက်လက်လုပ် ကိုင်နေကြပါတယ်။ ဆိုင်နဲ့ပတ်သက်တဲ့လုပ်ငန်းအမွေကိုလည်းသားသမီးတွေကို အောက်ခြေကစ စနစ်တကျသင် ယူစေပြီးလက်ဆင့်ကမ်းခဲ့ပါတယ်။ “အဖေကလူတော်တစ်ယောက်ပါ ကိုယ်တိုင်ကပညာရေးမကောင်းခဲ့ပေမယ့် သားသမီးတွေကို သူတတ်တဲ့ အစားအသောက်လုပ်တဲ့ပညာနဲ့လူတန်းစေ့ထားနိုင်ခဲ့တယ်။ကျွန်တော်တို့မောင်နှမ၅ယောက်လုံး ဆီချက်ချက်တာကစပြီးအကုန်လုပ်တတ်ကြတယ်။လုပ်တတ်အောင်လည်းအဖေကပန်းကန်ဆေးတာကစပြီး ချက်ခန်းထဲ ရောက်တဲ့အထိကိုသေချာသင်ပေးခဲ့တယ်လို့”ကိုတင်အောင်မြင့်က ဖခင်အကြောင်းကိုဂုဏ်ယူစွာပြောပြပါတယ်။
ဦးကျင်သိန်းမရှိတော့ပေမယ့် လက်ရာမပြောင်းတဲ့လျှို့ဝှက်ချက်
ဆိုင်လုပ်ငန်းကို ဒီလိုစနစ်တကျလက်ဆင့်ကမ်းပေးခဲ့တာကြောင့် ဦးကျင်သိန်းမရှိတော့တဲ့အချိန်မှာတောင် ဆိုင်မှာရတဲ့အမယ်တွေရဲ့အရသာကမပြောင်းလဲပဲ နှစ်၅၀ကျော်ထိစားသုံးသူတွေက နှစ်သက်စွာလာရောက် အားပေးနေကျဆဲဖြစ်ပါတယ်။ ရန်ကုန်မြို့ထဲနဲ့နီးနီးနားနားနေရာတွေကသာမက မြို့ထဲနဲ့အလှမ်းဝေးတဲ့နေရာက ဖောက်သည်ဟောင်းတွေကလည်း အခုချိန်ထိသတိတရလာရောက်စားသုံးကြတယ်လို့ ဆိုပါတယ်။ “အရသာကတစ်သမတ်ထဲဖြစ်ဖို့ ဆီချက်အတွက်ကြက်သွန်ကြော်တာကအစ Ready Madeပစ္စည်းတွေမသုံးဘူး။ ကိုယ်တိုင်သေချာလုပ်တယ်။အသားဆိုလည်းအဖေရှိတုန်းထဲက ဝယ်တဲ့ဆိုင်ကနေပဲယူတယ်။ အဖေ့ဖောက်သည်တွေဆို အဖေမရှိတော့တာတောင် ဦးကျင်သိန်းလက်ရာကိုသတိရလို့ဆိုပြီး အခုထိလာစားကြတုန်း”လို့ ကိုတင်အောင်မြင့်ကပြာပါတယ်။ ဆိုင်မှာရနိုင်တဲ့အမယ်တွေနဲ့စျေးနှုန်း
ဦးကျင်သိန်းဆီချက်ဆိုင်မှာရရှိနိုင်တဲ့ အမယ်တွေကတော့ ခေါက်ဆွဲဆီချက်၊ကော်ရည်၊ဖက်ထုပ်၊ကြာဇံ၊ ညှပ်ခေါက်ဆွဲ၊ကန်းစွန်းရွက်ဆီချက်၊ဘဲပေါင်း၊ကြက်ပေါင်း၊နံရိုးပေါင်း၊အသားလုံး၊ငါးလုံးတို့ရရှိနိုင်သလို အသားသုပ်တွေလဲရရှိနိုင်ပါတယ်။စျေးနှုန်းတွေကတော့မှာယူမှုအလိုက် အနည်းဆုံး (၂၂၀၀)ကျပ်ကနေ အများဆုံး(၄၀၀၀)ကျပ်ဝန်းကျင်ထိရှိပြီး ကြက်ပေါင်းကြီးပဲမှာယူမယ်ဆို(၆၀၀၀)ကျပ်ဖြစ်ပါတယ်။
ဦးကျင်သိန်းဆီချက်ဆိုင်လေးရဲ့နေရာ
ဦးကျင်သိန်းဆီချက်ဆိုင်လေးရဲ့လိပ်စာကတော့ အမှတ်(၆၆)၊ ရွှေတောင်တန်းလမ်း၊ လမ်းမတော်မြို့နယ်မှာပါ။ ဆိုင်ဖွင့်ချိန်ကတော့ မနက်၆နာရီခွဲကနေ ည၈နာရီခွဲအထိဖြစ်ပါတယ်။ ဒါ့ကြောင့် ဆီချက်ခေါက်ဆွဲ ကြိုက်နှစ်သက်သူတွေအတွက် နှစ်(၅၀) ကြာအောင်မပြောင်းလဲတဲ့ ဆီချက်အရသာကို မြည်းစမ်းကြည့်နိုင်ဖို့ ညွှန်းဆိုပေးလိုက်ပါတယ်။