အခုဆို နှစ်ပေါင်း (၅၀) နီးပါးရှိပါပြီ။

ရန်ကုန်မြို့ရဲ့ သက်တမ်းရင့် မုန့်ဟင်းခါးဆိုင်တွေထဲမှာ ရန်ကင်း ကျော်ကျားမုန့်ဟင်းခါးဆိုင်ကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀) နီးပါး ဘိုးဘွားတွေလက်ထက်ကတည်းက အထမ်းသည်ဘဝနဲ့ မုန့်ဟင်းခါးစရောင်းခဲ့တဲ့ အခြေအနေကနေ အခုတော့ ရန်ကုန်မြို့ရဲ့ နာမည်ကျော်မုန့်ဟင်းခါးဆိုင်တစ်ခုအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။



မိဘဘိုးဘွားတွေလက်ထက်ကအစပြုခဲ့တဲ့ မုန့်ဟင်းခါးဆိုင်လေး

အဘိုးအဘွားတွေ လက်ထက်ကတည်းက ရန်ကင်းမြို့ ဆယ့်နှစ်လုံးတန်းထိပ်က ညောင်ပင်ကြီးအောက်မှာ အထမ်းလေးနဲ့ မုန့်ဟင်းခါးကို စ‌ရောင်းခဲ့တာပါ။ အဲဒီကနေ မိဘတွေလက်ထက်မှာတော့ ရန်ကင်းကျော်ကျား ဆိုပြီး နာမည်နဲ့ မုန့်ဟင်းခါး ရောင်းတဲ့အလုပ်ကို ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ မိဘနှစ်ပါးလုံး ဒီမုန့်ဟင်းခါးရောင်းတဲ့ အလုပ်တစ်ခုတည်းကိုသာ လုပ်ကိုင်ခဲ့တာဖြစ်ပြီး အခုချိန်ထိတိုင်အောင် ရန်ကင်း ကျော်ကျား မုန့်ဟင်းခါးဆိုင်ရယ်လို့ လူသိများကျော်ကြားနေဆဲဖြစ်ပါတယ်။

“ အဘိုးဖြစ်သူက အထမ်းလေးနဲ့ရောင်းတယ်။ သူတို့ခေတ်တုန်းက နာမည်မရှိဘူးပေါ့။ နောက်တော့ အဖေနဲ့ အမေ အိမ်ထောင်ကျတဲ့ အခါမှာ ဆယ့်နှစ်လုံးတန်းမီးပွိုင့်ထိပ်မှာ ဆိုင်လေး စတည်တယ်။ အဖေကိုယ်တိုင် ဒီမုန့်ဟင်းခါးကို ကိုယ်တိုင်ချက်ပြီးရောင်းခဲ့တာ အခုဆို နှစ်ပေါင်း (၅၀) နီးပါးလောက်ရှိပါပြီ” လို့ ရန်ကင်းကျော်ကျား မုန့်ဟင်းခါးဆိုင် မှ မအေးစန္ဒာလှိုင်က ပြောပြပါတယ်။

မုန့်ဟင်းခါးတစ်ပွဲကို ပြား (၃၀) နဲ့စခဲ့

လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀) က မုန့်ဟင်းခါးတစ်ပွဲကို ပြား (၃၀) လောက်နဲ့ စရောင်းခဲ့ပါတယ်။ အကြွေစေ့၊မတ်စေ့ ခေတ်ကတည်းက ရောင်းခဲ့တဲ့ ကျော်ကျားမုန့်ဟင်းခါးက အဲဒီအချိန်တုန်းက တစ်နေ့ကို အချိန် (၁၀၀) နီးပါးလောက် ကုန်တဲ့အထိ ရောင်းကောင်းခဲ့ပါတယ်။

“အဲဒီတုန်းကဆို အခုရောင်းနေတဲ့ မုန့်ဟင်းခါးအိုးထက် အကြီးကြီး ‌ရောင်းရတယ်။ တစ်ခြားဘာအလုပ်မှ မရှိဘူး။ ဒီမုန့်ဟင်းခါးရောင်းတဲ့အလုပ်ကိုပဲ ဇောက်ချလုပ်ခဲ့တာ” လို့ ဆိုပါတယ်။

ဆိုင်ခွဲလုံးဝမရှိဘဲ ဆယ့်နှစ်လုံးတန်းထိပ်မှာသာတွေ့ရမယ့် ကျော်ကျားမုန့်ဟင်းခါး

ရန်ကင်းကျော်ကျား မုန့်ဟင်းခါးဆိုင်ကတော့ တစ်ခြားမြို့နယ်တွေမှာ ဆိုင်ခွဲလုံးဝမရှိဘဲ ဆယ့်နှစ်လုံးတန်းမီးပွိုင့်ထိပ်မှာပဲ နှစ်ပေါင်းများစွာတိုင်အောင် ရောင်းချနေတဲ့ မူလလက်ဟောင်း မုန့်ဟင်းခါးဆိုင်လေးပါ။ အခုချိန်ထိတိုင်အောင် အသက် (၇၀) ကျော်အရွယ် မိခင်ဖြစ်သူရဲ့ ကြီးကြပ်မှုနဲ့ မုန့်ဟင်းခါးရည် ချက်နေဆဲဖြစ်တာကြောင့်လည်း လက်ရာမပြောင်းဘဲ ရေရှည်တည်တံ့နေတာဖြစ်တယ်လို့ သမီးဖြစ်သူ မအေးစန္ဒာလှိုင် ပြောပြပါတယ်။

“ လက်ရာပြောင်းသွားမှာစိုးလို့ ဆိုင်ခွဲလုံးဝမပေးဘူး။ ကျွန်မတို့ မုန့်ဟင်းခါးက ရန်ကုန် မုန့်ဟင်းခါးဆိုပေမယ့် မတူဘူး။ နည်းနည်းလေးကွဲပြားတယ်။ အညာလည်း မဟုတ် ရန်ကုန်လည်းမကျ အဲဒီလိုလေးချက်တာပေါ့။ အမေက အခုချိန်ထိ မုန့်ဟင်းခါးချက်တဲ့နေရာမှာ ကြီးကြပ်ပေးနေတုန်းပဲ။ အဲဒါကြောင့်လည်း လက်ရာမပြောင်းဘဲ တည့်တံ့နေတာလို့ ပြောလို့ရတယ်” လို့ ဆိုပါတယ်။

ကျော်ကျားမုန့်ဟင်းခါးဆိုင်ရဲ့ အမည်ကင်ပွန်းတပ်

ကျော်ကျားမုန့်ဟင်းခါးဆိုင်ရဲ့ အမည်ကို ယောက်ကောဆရာတော် ဘုရားကြီးက အမည်ပေးကင်ပွန်းတပ်ခဲ့တာလို့ဆိုပါတယ်။ ကတ်ကင်းရိုက်တဲ့ သဘောအနေနဲ့ ကျားကို ကျော်သွားတဲ့ အဓိပွာယ်ဆောင်တဲ့အနေနဲ့ ကျော်ကျားဆိုပြီး ဒီအမည်ကို ပေးခဲ့တာဖြစ်ပါတယ်။

“ ကျော်ကြား ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ဘူး။ ကျားကို ကျော်သွားတဲ့ ကျော်ကျားဆိုပြီး ဒီနာမည်ကို ဆရာတော်က ပေးခဲ့တာပါ။ (၃၈) လမ်းမှာရှိတဲ့ မုန့်ဟင်းခါးဆိုင်က ကျွန်မတို့ဆိုင် လက်ခွဲ မဟုတ်ပါဘူး” လို့ မအေးစန္ဒာလှိုင်က ပြောပြပါတယ်။

မုန့်ဟင်းခါးရောင်းတဲ့ဝင်ငွေက မိသားစုစားဝတ်နေရေးဖူလုံခဲ့

မိဘတွေက မုန့်ဟင်းခါးရောင်းတဲ့ ဝင်ငွေတစ်ခုတည်းကနေ သားသမီးလေးယောက်လုံးကို ပညာသင်ပေးနိုင်တဲ့အပြင် ကိုယ်ပိုင်အိမ်၊ကိုယ်ပိုင်ကားတွေ နဲ့ အမွေတွေ ပေးနိုင်ခဲ့တဲ့အထိ အဆင်ပြေအကျိုးပေးခဲ့တယ်လို့ ဆိုပါတယ်။

“ ကျွန်မတို့ အဖေနဲ့အမေ စညားကတည်းက လက်ထဲဘာမှမရှိဘူး။ မုန့်ဟင်းခါးရောင်းတဲ့အလုပ်ပဲရှိတယ်။ ဒီအလုပ်ကနေ သားသမီးတွေကို ပညာသင်ပေးနိုင်တယ်။ နေစရာအိမ်၊ စီးစရာကားတွေ ပေးနိုင်တယ်။ မုန့်ဟင်းခါးက ရောင်းတဲ့အလုပ်က တော်တော်ကိုအကျိုးပေးခဲ့ပါတယ်။ “ လို့ သမီးဖြစ်သူ မအေးစန္ဒာလှိုင်က ဆိုပါတယ်။

ကျော်ကျားမုန့်ဟင်းခါးကိုမှ မစားရမနေနိုင်သူတွေ

နှစ် (၅၀) ကျော်တိုင်အောင် ရန်ကင်းကျော်ကျားမုန့်ဟင်းခါးဆိုင်ကို အားပေးနေသူတွေကတော့ အခုဆို အဘိုး၊အဘွားအရွယ်တွေတောင်ဖြစ်ကုန်ပါပြီ။ မြို့နယ်စုံကနေ လာစားကြတဲ့ သူတွေ ရှိသလို ကျော်ကျားမုန့်ဟင်းခါးကိုမှ မစားရမနေနိုင်တဲ့ စားသုံးသူတွေ ရှိကြပါတယ်။’

“ မနက်ဆို ၈ နာရီလောက်ဆို လူပြည့်နေတတ်တယ်။ ကျွန်မတို့ ဆိုင်က မှ မစားရ မနေနိုင်တဲ့ အဘိုးအဘွားတွေ ရှိတယ်။ တစ်ခြားဆိုင်က ဝယ်ပေးလို့မရဘူး ။ ကျွန်မတို့ဆိုင်က မှစားတာ ၊ မြေးတွေက တစ်ခြားဆိုင်တွေက ဝယ်ပေးရင် စိတ်ဆိုးတယ်ဆိုပြီး ပြန်ကြားရတယ်” လို့ မအေးစန္ဒာလှိုင်က ပြောပါတယ်။

ရန်ကင်းကျော်ကျားမုန့်ဟင်းခါးမြည်းစမ်းချင်သူတွေအတွက်

ဒီဆိုင်လေးကတော့ ရန်ကင်းမြို့နယ်၊ ရန်ရှင်းလမ်းမပေါ် (၁၂) လုံးတန်းမီးပွိုင့်ထိပ်မှာတည်ရှိတာပါ။ ဆိုင်ဖွင့်ချိန်ကတော့ မနက် (၅) နာရီကနေ မနက် (၁၀) နာရီအထိတစ်ကြိမ်၊ ညနေ (၃) နာရီ ည (၇) နာရီအထိတစ်ကြိမ်ဖြစ်ပါတယ်။ ‌ဈေးနှုန်းတွေကတော့ မုန့်ဟင်းခါးအလွတ်တစ်ပွဲကို (၉၀၀)၊ အကြော်တစ်ခု (၂၀၀)၊ အိုးဘဲဥ (၄၀၀) နဲ့ ငါးဖယ် (၃၀၀) ကျပ်ဖြစ်ပါတယ်။ အုန်းနို့ခေါက်ဆွဲလည်း ရနိုင်ပြီး အလွတ်တစ်ပွဲကို (၁၀၀၀) ကျပ်ဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ နာမည်ကျော် ကျော်ကျားမုန့်ဟင်းခါးဆိုင်ရဲ့ အရသာကို မြည်းစမ်းချင်သူတွေအတွက် ညွှန်းပေးလိုက်ပါတယ်နော်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က