အရသာကောင်းသလို စျေးတန်တဲ့ ဆိုင်လေးဖြစ်လို့ ပါဆယ်ဝယ်သူတွေ၊ ဆိုင်ထိုင်စားသူတွေက အမြဲမပြတ်ရှိပါတယ်။

စျေးတန်ပြီး အရသာရှိတဲ့ အသုပ်လေးစားရင်း သစ်ပင်ရိပ်မှာထိုင်ကာ စာဖတ်လို့ရမယ့် နေရာကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 



အဲဒီဆိုင်လေးက ရပ်ကွက်တွင်း ဖွင့်ထားတဲ့ အသုပ်ဆိုင်လေး တစ်ဆိုင်ဖြစ်ပေမယ့် တစ်ပွဲနဲ့တင် ဗိုက်ဝပြီး စားလို့လည်းကောင်းတဲ့ အသုပ်စုံ နဲ့ အခမဲ့ဖတ်ရှုနိုင်တဲ့ စာအုပ်စင်လေးရှိနေတာကြောင့် အမြဲတမ်းဖောက်သည်တွေနဲ့ စည်ကားနေတဲ့ဆိုင်လေးပါ။ 

အရသာလည်းကောင်း အများကြီးလည်းရတဲ့ အသုပ်စုံ

ဆယ်စုနှစ် တစ်စုကြာအောင် ရပ်တည်နိုင်ခဲ့ပြီ ဖြစ်တဲ့ လမ်းဘေးအသုပ်ဆိုင်လေးမှာ အသုပ်စုံ ရရှိနိုင်သလို ခေါက်ဆွဲသုပ် ကြာဇံသုပ် ရခိုင်မုန့်တီ ၊ရခိုင်သုပ်၊ ပဲပြားသုပ်၊ ပဲ သွေး သုပ်၊ ငဖယ်သုပ် နဲ့ ပဲပြားပဲသွေး အရောသုပ်တို့ကိုလည်း ရရှိနိုင်ပါတယ်။ အသုပ်တစ်ပွဲ အလွတ် ၆၀၀ ၊ အ ကြော်နဲ့ ၈၀၀ ဖြစ်ပြီး စားသုံးသူ တွေကလည်း အမြဲမပြတ် ရှိနေတတ်တဲ့ ဆိုင်လေးတစ်ဆိုင်ပဲ ဖြစ်ပါတယ်။ အသုပ်ဆိုင်လေးကတော့ အရောင်းအဝယ်ပါးနေ့ဆိုရင်တောင် ခေါက်ဆွဲ ၂ပိသာနဲ့ မုန့်ဖတ် ၅ပိသာ ရောင်းရတယ်လို့လည်းဆိုပါတယ်။ 

" ဒီအသုပ်ဆိုင်ကို သဘောကျတဲ့အချက်က အသုပ်အရသာ အရမ်းကောင်းသလို ဆိုင်ရှင်အစ်မက အရမ်းသ ဘောကောင်းတယ်။အသုပ်တွေ အများကြီး ထည့်ပေးတယ်။ ပိုထည့်ပေးတတ်တယ်။ တစ်ပွဲ တစ်ပွဲ ဆို အများကြီးပဲ။ ဆိုင်ဖွင့်ထားတာလည်း အရမ်းကြာနေပြီ ဆိုတော့ ကျွန်မက အမြဲတမ်း ဝယ်စားဖြစ်တယ်" လို့ စားသုံးသူ တစ်ဦးက ပြောပြခဲ့ပါတယ်။ 

အမြဲတမ်းဖောက်သည်တွေနဲ့ စည်ကမ်းနေတဲ့ဆိုင်

အရသာကောင်းသလို စျေးတန်တဲ့ ဆိုင်လေးဖြစ်လို့ ပါဆယ်ဝယ်သူတွေ၊ ဆိုင်ထိုင်စားသူတွေက အမြဲမပြတ်ရှိပါတယ်။ ရပ်ကွက်ဆိုင်လေးဖြစ်လို့ ရပ်ဝေးဖောက်သည်တွေ အရမ်းကြီးမရှိပေမဲ့လို့ ဆိုင်ရှင်အမျိုးသမီးကြီးက ဒိုင်ခံသုပ်ပေးတာဖြစ်ပြီး ဖောက်သည်တစ်ဦးချင်းစီကိုလည်း စားချင်တဲ့ပုံစံအလိုက် သေချာလေး သုပ်ပေးတာကြောင့် စိတ်ရှည်ရှည်နဲ့ စောင့်နိုင်ဖို့ လိုပါတယ်။

လူတိုင်းစာဖတ်စေချင်တဲ့ စေတနာသက်သက်နဲ့ ထည့်ထားတဲ့ စာအုပ်စင်

ဒီအသုပ်ဆိုင်လေး ထူးခြားချက်တစ်ခုကတော့ အသုပ်ဆိုင်လေးနဲ့ တွဲလျက် စာအုပ်စင်လေးရှိနေတာပါ။ အသုပ်ဆိုင်ပိုင်ရှင်ရဲ့ ခင်ပွန်းက လူတိုင်းကို စာဖတ်စေချင်တဲ့ စေတနာကို အရင်းခံလို့ လွန်ခဲ့တဲ့ ၅ နှစ်ခန့်စပြီး ဒီစာအုပ်စင်လေးကို ထားရှိခဲ့တာ ဖြစ်ပါတယ်။ 

စာအုပ်စင်လေးကို မနက် ၆နာရီ ခန့်မှာ စတင် ဖွင့်လှစ်ထားပေးကာ စာဖတ်ချင်သူများအနေနဲ့ ဆိုင်မှာပဲ ထိုင်ဖတ်နိုင်သလို အိမ်ကိုလည်း ယူသွားနိုင်ပါတယ်။ စာအုပ်တွေကို စောင့်ကြည့်စာရင်းမှတ် ငှားရမ်းသူမရှိဘဲ မိမိစိတ်ကြိုက် လိုသလို ယူဆောင် ဖတ်လို့ရပါတယ်။ အိမ်ကိုယူသွားမယ်ဆိုရင်လည်း တစ်ဦးကို နှစ်အုပ်စီ ငှားရမ်းပေးပါတယ်။

" အရင်က ကျွန်တော့်ဆိုင်လေးက အရောင်းဆိုင်၊ အရောင်းဆိုင်ကနေ နောက်ပိုင်းကျကျတော့ ကျွန်တော့်မှာ စာအုပ် အင်အားက များလာတယ်။ အဲဒီတော့ ကျွန်တော့်စာအုပ်တွေ ချကိုက်တာတော့ မခံနိုင်ဘူး။ အများလက်ထဲ ရောက်အောင် စာရဲ့အသိ စိတ်ကိုရောက်အောင် ဆိုပြီးတော့ လုပ်ဖြစ်သွားတာပါ။ စာအုပ်ဆိုင် အတွက် သီးသန့်စောင့်ပေးတဲ့သူ၊ နာမည်မှတ်တဲ့သူမရှိပါဘူး။ တစ်ဦးကို ၂အုပ်ခန့်စီ အခမဲ့ငှားရမ်းပေးပါတယ်။ ကိုယ်ဖတ်ချင်တဲ့ စာအုပ်ကို ကိုယ့်ဘာသာကိုယ် ယူဖတ်ပြီး ဖတ်ပြီးရင် ပြန်ထားခဲ့တဲ့ စနစ်ကိုပဲ သုံးထားပေးပါတယ်။ ဝယ်ချင်တယ် ဆိုလည်းဝယ်လို့ရပါတယ်" လို့ မနောဖြူ စာအုပ်ဆိုင်ပိုင်ရှင် ဦးရင်ကြည်က ပြောပြခဲ့ပါတယ်။ 

စာပေဗဟုသုတရှာမှီးသူကို ရေနွေးကြမ်းပါ အခမဲ့တိုက်တဲ့ဆိုင်

မနောဖြူစာအုပ်ဆိုင်လေးမှာတော့ သုတရသ စုံလင် တဲ့ စာအုပ် မျိုးစုံ ကို ဖတ်ရှုနိုင်တာပဲ ဖြစ်ပါတယ်။ ကလေး စာအုပ် တွေ လည်းရှိ သလို သုတ ဘက်ကို သွားတဲ့ စာပေ တွေ လည်းရှိသလို ရသဘက်သွားတဲ့ စာအုပ်တွေ လည်းစုံလင်အောင် ရှိပါတယ်။ ရှားပါးစာအုပ် တွေကို စျေးကြီး ပေးဝယ်ရတဲ့အ ခြေအ နေ တစ်ခုမှာလည်း စျေးနှုန်း သင့်တင့် စွာနဲ့ ရောင်း ချ ပေးနေတာကို တွေ့ရပါတယ်။ 

"စာအုပ်တွေ လာလှုချင်တယ်ဆိုရင်တော့ အလှူမ ခံဘူး။ ဟုတ်တာတွေ ရော မဟုတ်တာတွေရော ပါလာနိုင်တာမို့။ ဒီစာအုပ်တွေက ညဆိုရင် အထုတ် တစ်ထုတ်နဲ့ သိမ်းဆည်းရတယ်။ မနက်ဆိုရင် ပြန် ပြီး နေရာတကျ စီထားရတော့ ကရိကထ များတယ်။ သစ်ပင်သစ်ရိပ်လည်းရှိတော့ ထိုင်ဖတ်လို့လည်းရတယ်။ ရေ နွေးကြမ်းအခမဲ့ ထားပေးထားတယ်။ အသုပ်မစားလည်း စာအုပ်ထိုင်ဖတ်လို့ရတယ်” လို့ သဘောမနောကောင်းလွန်းနဲ့ ဆိုင်ရှင်က ဆိုပါတယ်။

ဆိုင်လေးရဲ့ တည်နေရာ

စာအုပ်ဆိုင်လေးကိုတော့မ နက်၆နာရီ ကတည်းက ဖွင့်လှစ်ထာပြီ ဖြစ်ပြီး အသုပ်ဆိုင်လေးက တော့ နေ့လယ်ဘက်ကနေ စတင် ရောင်းချနေတာ ဖြစ်ပါတယ်။ ဆိုင်လေးရဲ့ တည်နေရာက ကမာရွတ်မြို့နယ်၊ ဗဟိုလမ်းမပေါ်ရှိ ဆိုက်ကားဂိတ်မှတ်တိုင်နားက အောင်ချမ်းသာ (၂)လမ်းနဲ့ နီလာလမ်းထောင့်မှာ တည်ရှိပါတယ်။

 အသုပ်စုံလေးက အရသာကောင်းသလို၊ စိတ်ဝင်စားစရာစာအုပ်တွေနဲ့ အေးမြတဲ့ သစ်ပင်ရိပ်လေးလည်းရှိတာမို့ တစ်ခေါက်လောက်တော့ သွားစားကြည့်သင့်တဲ့ ဆိုင်လေးလို့ ညွှန်းလိုက်ပါရစေနော်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က