မက်ဆီက တံကောက်ကြောနဲ့ဒူးဒဏ်ရာနှစ်မျိုး ရရှိထားတာပါ။

PSG တိုက်စစ်ကစားသမား မက်ဆီဟာ တံကောက်ကြောဒဏ်ရာ၊ ဒူးဒဏ်ရာတွေကြောင့် လိုက်ပ်ဇစ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ်အဝေးကွင်းပွဲစဥ်ကို လွဲချော်ရမယ်လို့ သိရှိရပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့ ကြာသပတေးက ပြုလုပ်ခဲ့တဲ့ အသင်းရဲ့လေ့ကျင့်ခန်းအစီအစဥ်တွေတည်းက ဒဏ်ရာပြဿနာရှိနေခဲ့တာပါ။



ဂျာမန်မြေမှာ ကစားမယ့် ဒီပွဲအတွက် PSG ရဲ့ ကစားသမား (၂၁) ယောက်စာရင်းမှာ မက်ဆီမပါဝင်ခဲ့ဘဲ ဒီကစားသမားဟာ နောက်ဆုံးကစားခဲ့တဲ့ လိုင်လီနဲ့ပွဲမှာလည်း ပထမပိုင်းအပြီးတည်းက လူစားလဲခံခဲ့ရပါတယ်။ PSG ရဲ့တရားဝင်ဝက်ဘ်ဆိုက်ကတစ်ဆင့် “မက်ဆီက ဘယ်ဘက်ခြေထောက်မှာ တံကောက်ကြောဒဏ်ရာ ခံစားနေရပြီး ဒူးဒဏ်ရာလည်းရရှိထားပါတယ်” လို့ ကြေညာခဲ့ပါတယ်။

ဂျာမနီကိုထွက်ခွာသွားတဲ့ လူစာရင်းမှာတော့ တိုက်စစ်ပိုင်းအတွက် အဓိက,ကစားသမားတွေဖြစ်တဲ့ နေမာ၊ အမ်ဘာပေ၊ အီကာဒီတို့ ပါဝင်သွားခဲ့ပြီး အသင်းဘက်က မက်ဆီရဲ့ ဒဏ်ရာအတိမ်အနက်ကို မသိရသေးသလို သတင်းတွေရဲ့ဖော်ပြချက်အရတော့ အသင်းရဲ့ ပွဲပေါင်းများစွာကို လွဲချော်နိုင်ဖွယ်ရှိတယ်လို့ဆိုနေကြတာပါ။ မက်ဆီဟာ ပြီးခဲ့တဲ့စက်တင်ဘာအတွင်းက အာဂျင်တီးနားအတွက် ကစားပေးရင်း ဒူးဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ ဒီဒဏ်ရာကို အမြစ်ပြတ်အောင် စပိန်နိုင်ငံမှာ သွားရောက်ကုသဖို့ ပြင်ဆင်နေပါတယ်။

မက်ဆီအနေနဲ့ လာမယ့်စနေမှာ ကစားမယ့် ဘော်ဒိုးနဲ့ပွဲကို သေချာပေါက် ထပ်မံလွဲချော်နိုင်ဖွယ်ရှိသလို နိုဝင်ဘာအတွင်း ကစားမယ့် အာဂျင်တီးနားရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကိုလည်း လွဲချော်လိမ့်မယ်လို့ မှန်းဆရပါတယ်။ မက်ဆီဟာ PSG အတွက် ပြိုင်ပွဲစုံ (၈) ပွဲကစားပြီးချိန်မှာ (၃) ဂိုးသာသွင်းယူထားနိုင်ပြီး အသင်းသစ်မှာ ရုန်းကန်နေရတယ်လို့ဆိုရမှာပါ။

လက်ရှိအချိန်မှာ အသက် (၃၄) နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီရဲ့ အသက်အရွယ်က ကစားသမားဘဝရဲ့ နေဝင်ချိန်လို့ဆိုနိုင်ပြီး ဒဏ်ရာပြဿနာတွေကြားထဲက အမြန်ဆုံးပြန်လည်ရုန်းထနိုင်မလား၊ ဇရာရဲ့ဖိအားတွေကို စတင်ခံစားနေရပြီလားဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ 

Share

က္က