အွန်နရီကတော့ ကစားသမားတွေကို ပေါက်ကွဲနေပါပြီ။

ပြင်သစ် ယူ - ၂၁ နည်းပြ အွန်နရီက တောင်ကိုရီးယား ယူ - ၂၁ အသင်းကို သုံးဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ အသင်းရဲ့ ကစားသမားတွေကို အကြီးအကျယ် ဒေါသပေါက်ကွဲခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါပွဲဟာ ခြေစမ်းပွဲတစ်ပွဲသာဖြစ်ခဲ့ပါတယ်။



ဒါပေမယ့် ပြင်သစ် လူငယ်ကစားသမားတွေက စိတ်ပျက်စရာ ခြေစွမ်းမျိုးကိုသာ ပြသခဲ့ပြီး အခုလိုမျိုး ဂိုးပြတ်ရှုံးပွဲတစ်ပွဲနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ပွဲအပြီးမှာတော့ ဘယ်လ်ဂျီယံလက်ထောက်နည်းပြဟောင်းကြီး အွန်နရီက အခုလိုပဲ​ ဒေါသထွက်ခဲ့တာဖြစ်ပါတယ်။
အွန်နရီက “ရလဒ်က တော်တော်လေး စိတ်ပျက်ဖို့ ကောင်းပါတယ်။ ကျွန်တော့် ကစားသမားတွေကို သြစတြီးယားနဲ့ပွဲက တိုက်ပွဲဝင်စိတ်ဓာတ်အတွက် သင်ခန်းစာယူဖို့ ကျွန်တော် ပြောခဲ့ပြီးသားပါ။ ဒါပေမယ့် အခု ဒီပွဲမှာလည်း ကျွန်တော်တို့ သင်ခန်းစာတွေ ထပ်ရလိုက်ပြန်ပါပြီ။ ဒီလို ခံစစ်ပိုင်းအမှားတွေကို ကျွန်တော် လက်မခံပါဘူး”
“(၂၀၀၁) ခုနှစ်ဖွား ကစားသမားတွေ ကျွန်တော်တို့ဆီမှာ ရှိပါသေးတယ်။ နောက်ပြီး အိုလံပစ်ပွဲဝင်သလိုမျိုး မတူညီတဲ့ ကစားသမား (၁၁)​ ယောက်ကို ကျွန်တော်တို့ အသုံးပြုနိုင်ပါသေးတယ်။ ဒီအတွက် ကျွန်တော်တို့ ပြင်ဆင်မှာဖြစ်ပြီး ဘယ်သူတွေ အသင်းမှာ ပြန်ပါလာမလဲ စောင့်ကြည့်ရမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။
အွန်နရီဟာ ပြီးခဲ့တဲ့ သြဂုတ်လမှာ အသင်းကို စတင်တာဝန်ယူခဲ့တာဖြစ်ပြီး (၄) ပွဲဆက်နိုင်ပွဲရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် သောကြာနေ့က သြစတြီးယားကို နှစ်ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့သလို အခုလည်း တောင်ကိုရီးယားကို ဆက်လက်အရေးနိမ့်ခဲ့တာကြောင့် အွန်နရီက ဒေါသထွက်နေခဲ့တာဖြစ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က