ဆီဗီလာဟာ လက်ရှိဘောလုံးရာသီ လာလီဂါပြိုင်ပွဲမှာ နိုင်ပွဲတစ်ပွဲမှ မရရှိသေးဘဲ အမှတ်ပေးဇယားရဲ့ အောက်ဆုံးနေရာမှာ ရပ်တည်လျက်ရှိပါတယ်။ ဆီဗီလာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ အသင်းတစ်သင်းပါ။
ဒါပေမယ့် အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေတွေကြောင့် အသင်းက အကျပ်ရိုက်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ ကစားသမားအားလုံးကို အရောင်းစာရင်းတင်ပြီး ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားခဲ့ပါတယ်။
တစ်ဖက်မှာလည်း ဆီဗီလာတို့ အသင်းအတွက် လိုအပ်မယ့် ကစားသမားသစ်တွေကို ခေါ်ယူရင်း အားဖြည့်ဖို့ ကြိုးစားနေပါတယ်။ အခု လာလီဂါပြိုင်ပွဲ စတင်ချိန်အထိ ဆီဗီလာရဲ့ အနေအထားက အဆင်ပြေသွားဟန်မရှိသေးဘဲ အသင်းကလည်း အမှတ်ပေးဇယားရဲ့ အောက်ဆုံးနေရာကို ရောက်ရှိနေပါတယ်။
ဆီဗီလာဟာ ဗလင်စီယာ၊ အလာဗက်စ်၊ ဂျီရိုနာတို့ကို ရာသီအဖွင့်သုံးပွဲဆက်တိုက် အရေးနိမ့်ခဲ့ပြီးနောက် အခုလိုမျိုးပဲ အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဆီဗီလာဟာ မကြာခင်ကလည်း ဥရောပစူပါဖလား ဗိုလ်လုပွဲအဖြစ် မန်စီးတီးနဲ့ ရင်ဆိုင်ခဲ့ရပြီး ပင်နယ်တီအဆုံးအဖြတ်မှသာ ရှုံးနိမ့်ခဲ့တဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။
ကစားသမားတွေကို ရောင်းထုတ်တဲ့နေရာမှာလည်း ဂိုးသမား ဘိုနိုတစ်ယောက်တည်းကိုသာ ဆော်ဒီထံ ရောင်းထုတ်နိုင်ခဲ့ပြီး အသင်းအတွက် လိုအပ်တဲ့ ဘဏ္ဍာရေး သတ်မှတ်ချက်ကို မပြည့်မီသေးပါဘူး။ အဲ့ဒါကြောင့်လည်း ဆီဗီလာတို့ ဒီအခြေအနေဆိုးကြီးကနေ အမြန်ဆုံး ရုန်းထွက်နိုင်ဖို့ လိုအပ်နေပြီး ဒီလိုမှမဟုတ်ရင်တော့ နာမည်ကြီးအသင်းတစ်သင်း လာလီဂါကနေ တန်းဆင်းသွားတာကို ဒီရာသီမှာ မြင်တွေ့ရနိုင်ပါတယ်။