မနေ့ညက ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲမှာလည်း လေဗာကူဆင်က ဘိုချမ်ကို အဝေးကွင်းမှာ ငါးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ရှုံးပွဲမရှိ စံချိန်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ အလွန်ဆိုရဲ့အသင်းက ဆက်တိုက်ခြေစွမ်းပြနေပြီး ပွဲ (၅၀) ဆက်တိုက် ရှုံးပွဲမရှိ စံချိန်ကိုပါ ရရှိသွားခဲ့တာပါ။
ဘွန်ဒက်စ်လီဂါချန်ပီယံအဖြစ် အောင်ပွဲခံပြီးပြီဆိုပေမယ့် အလွန်ဆိုရဲ့ လေဗာကူဆင်က လူစုံတက်စုံကို အင်အားပြည့် အသုံးပြုပြီး ဘိုချမ်ကို ရင်ဆိုင်ခဲ့ပါတယ်။ လေဗာကူဆင်အတွက် ဂိုးတွေကို မတူညီတဲ့ ကစားသမားငါးယောက်က တစ်ဂိုးစီ သွင်းယူပေးခဲ့ပြီး အလွန်ဆိုအတွက်လည်း ဒါက ကျေနပ်စရာဖြစ်ခဲ့ပါတယ်။
လေဗာကူဆင်အတွက် ဂိုးတွေကို ပက်ထရစ်ရှစ်ခ်၊ ဘိုနီဖေ့စ်၊ အက်ဒ်လီ၊ စတာနီဆစ်၊ ဂရီမယ်လ်ဒိုတို့က သွင်းယူပေးခဲ့တာပါ။ နေရာစုံက ကစားသမားတွေ ဂိုးသွင်းယူနိုင်တာ၊ လူစားဝင်ကစားသမားတွေ ဂိုးသွင်းနိုင်တာတွေက လေဗာကူဆင်အတွက် ဒီရာသီမှာ အဓိကကျတဲ့ အချက်တစ်ခုဖြစ်နေပါတယ်။
လေဗာကူဆင်ဟာ ဘွန်ဒက်စ်လီဂါ ရာသီပိတ်ပွဲအဖြစ် အော့စ်ဘတ်နဲ့ ကစားဖို့သာ ကျန်ပါတော့တယ်။ အဲ့ဒီပွဲမှာသာ မရှုံးနိမ့်ဘူးဆိုရင် အလွန်ဆိုရဲ့အသင်းက ရှုံးပွဲမရှိချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် ဂျာမန်ပိုကယ်ဖလားဗိုလ်လုပွဲအဖြစ် ကိုင်ဇာစလော့တန်၊ ယူရိုပါလိဂ်ဗိုလ်လုပွဲအဖြစ် အတ္တလန်တာတို့နဲ့ ဆက်လက်ရင်ဆိုင်ရဖို့သာ ကျန်ပါတော့တယ်။ ဒီပွဲတွေမှာသာ လေဗာကူဆင်တို့ အမှားအယွင်းမရှိခဲ့ဘူးဆိုရင်တော့ (၅၃) ပွဲဆက် ရှုံးပွဲမရှိစံချိန်နဲ့အတူ တစ်ရာသီအတွင်း ဆုဖလား (၃) လုံးကိုပါ ပိုင်ဆိုင်သွားမှာဖြစ်ပါတယ်။