အမေရိကန်က ကမ္ဘာ့ထိပ်တန်း နည်းပညာကုမ္ပဏီကြီးမှာလည်း အလုပ်လုပ်ရမယ်။ လစာကလည်း မြန်မာငွေနဲ့ဆို သိန်း ၃၀၀ နီးနီးဆိုတော့ အားကျစရာကြီးပါ။
အလုပ်အတွက် Requirement က အများကြီး ပြောမထားဘူး။ အရပ်မြင့်ရမယ်။ ဘယ်လောက် မြင့်ရမလဲဆို ၅ ပေ ၇ လက်မနဲ့ ၅ ပေ ၁၁ လက်မကြား ရှိရင် ရပြီ။ တောင့်တောင့်တင်းတင်း ရှိပြီး ကျန်းမာရေးကောင်းဖို့တော့ လိုမယ်။ ညဘက်တွေ ၊ စနေ ၊ တနင်္ဂနွေလို weekend တွေမှာလည်း အလုပ်လုပ်ရတာမျိုး ရှိမယ်။
နည်းပညာကုမ္ပဏီကြီးမှာ လုပ်ရမှာ ဆိုပေမယ့် နည်းပညာပိုင်း အရမ်းဂျွတ်နေဖို့ မလိုဘဲ VR/AR systems တွေနဲ့ ရင်းနှီးကျွမ်းဝင်ရင် ရမယ်လို့ ဆိုပါတယ်။ အဓိကကတော့ တစ်ရက် ၈ နာရီလောက် လမ်းလျှောက်နေရမှာပါ။ ဘယ်လို လျှောက်ရမလဲဆိုရင် VR Headset ဆောင်း ၊ Motion Sensor suit ဝတ်ပြီး လမ်းလျှောက်ရမှာပါ။
အဓိကကတော့ စက်ရုပ်ရဲ့ neural networks ကို လေ့ကျင့်ဖို့ လူက လမ်းလျှောက်တာ ၊ လှည့်တာ ၊ ထိုင်တာ ၊ မတာ စတဲ့ နေ့စဉ်လှုပ်ရှားမှုမျိုးတွေ သရုပ်ပြလုပ်ဖို့ ဖြစ်ပါတယ်။ ဒီအလုပ်ကို ခေါ်တာက အီလွန်မတ်စ်ပိုင်တဲ့ Tesla ကုမ္ပဏီက ခေါ်တာပါ။
တစ်လကို ဒေါ်လာ ၆၀၀၀ ကျော် လစာပေးမယ်လို့ ပြောပါတယ်။ မြန်မာငွေနဲ့ တွက်ရင် သိန်းရာဂဏန်းချီတဲ့ လစာပါ။ တစ်ခုရှိတာက VR Headset ကြီးကို နာရီပေါင်းများစွာ တပ်ပြီး လုပ်ရတာ ဖြစ်လို့ ခေါင်းကိုက် ၊ ပျို့အန် ၊ အာရုံထွေပြား စတဲ့ VR Sickness တော့ ဝင်ဖို့ များပါတယ်။
အလုပ်ရရင်တော့ လစာအပြင် စက်ရုပ်တွေ ဘယ်လို လေ့ကျင့်လဲဆိုတဲ့ အတွေ့အကြုံနဲ့ အသိပညာတွေ ရသွားနိုင်ပါတယ်။ Tesla က Optimus ဆိုတဲ့ စက်ရုပ်တွေ အကြီးအကျယ် ထုတ်ဖို့ ပြင်နေပါတယ်။ ဒီစက်ရုပ်တွေက လူလောက် အသုံးဝင်တဲ့ AI ဉာဏ်ရည်မြင့် စက်ရုပ်ဖြစ်လာတော့မှာပါ။
အဆင့်မြင့်နည်းပညာတွေ သုံးလာမယ့် Optimus တွေက ဒေါ်လာ ၂၂၀၀၀ လောက် ဈေးကနေ စရောင်းဖို့ ရှိပြီး အိမ်သန့်ရှင်းရေးကနေ စက်ရုံအလုပ်ရုံတွေအထိ အသုံးပြုနိုင်မယ်လို့ ပြောပါတယ်။ Tesla ကုမ္ပဏီကတော့ ဒီစက်ရုပ်တွေက လျှပ်စစ်ကားထက်တောင် ဈေးကွက်ကောင်းလိမ့်မယ်လို့ တွက်ထားတာပါ။