၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်းမှာ Apple ဟာ တစ်ရက်ကို ဒေါ်လာ ၁ ဘီလျံနှုန်း ဝင်ငွေရရှိခဲ့တယ်လို့ ဆိုပါတယ်။
စက်တင်ဘာ၂၅ ရက်နေ့မှာ အဆုံးသတ်တဲ့ Apple ရဲ့ နှစ်ကုန်စတုတ္ထသုံးပတ်ဘဏ္ဍာရေးစစ်တမ်းမှာ နှစ်အလိုက် ဝင်ငွေ ၂၉% တိုးခဲ့ပေမယ့် Wall Street က ခန့်မှန်းထားတဲ့ ကိန်းဂဏန်းတွေကိုတော့ မရောက်ခဲ့ဘူးလို့ သိရပါတယ်။ Q4 သုံးလပတ်ဘဏ္ဍာရေးရလဒ်ရှင်းတမ်းမှာ ကုမ္ပဏီဟာ ဒေါ်လာ ၈၃.၄ ဘီလျံအထိ ဝင်ခဲ့ပေမယ့် Wall Street ခန့်မှန်းထားတဲ့ ဒေါ်လာ ၈၄.၈၅ ဘီလျံ မှန်းချက်ကို မမှီခဲ့ဘူးလို့ CNBC သတင်းက ဖော်ပြပါတယ်။ ဒါဟာ ၂၀၁၆ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် Wall Street ဝင်ငွေခန့်မှန်းလျာထားချက် မမှီခဲ့တာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
Photo: mashable
အခုဘဏ္ဍာရေးနှစ်ထဲမှာ Apple ဟာ ဒေါ်လာ ၃၆၆ ဘီလျံ ဝင်ခဲ့တာ ဖြစ်လို့ တစ်ရက်ကို ဒေါ်လာ ၁ ဘီလျံကျော် ဝင်ခဲ့တယ်လို့ ဆိုရမှာပါ။ သင်္ချာနည်းအရ တွက်မယ်ဆိုရင် တစ်နာရီတိုင်းမှာ ဒေါ်လာ ၄၁ သန်း ဝင်ပြီး တစ်မိနစ်ကို ဒေါ်လာ ၆၉၅၀၀၀ နှုန်း ဝင်နေတာလည်း ဖြစ်ပါတယ်။ ဒါတောင် Wall Street က ခန့်မှန်းထားတဲ့ ဝင်ငွေမှန်းချက်ကို မမှီခဲ့ဘူးလို့ ပြောပါတယ်။ ကုမ္ပဏီရဲ့ CEO တင်မ်ကွတ်ခ်က ဒီတစ်ခေါက် စတုတ္ထဘဏ္ဍာရေးသုံးလပတ်ကို ထိခိုက်စေတဲ့အချက်ဟာ Supply Chain အခက်အခဲတွေကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။
"ပစ္စည်းအဝင် Supply အခက်အခဲတွေက မှန်းထားတာထက် ပိုကြီးမားခဲ့ပေမယ့် ဝင်ငွေရလဒ်စွမ်းဆောင်ရည် အလွန်ပဲ အားကောင်းခဲ့ပါတယ်။ Supply အဝင်ခက်တာကြောင့် ဒေါ်လာ ၆ ဘီလျံဝန်းကျင်လောက် နစ်နာပါတယ်"လို့ တင်မ်ကွတ်ခ်က ပြောပါတယ်။ COVID-19 နဲ့ ဆက်စပ်ပြီး အရှေ့တောင်အာရှက ထုတ်လုပ်ရေးတွေ အနှောင့်အယှက်ဖြစ်ကုန်တာနဲ့ ကမ္ဘာတလွှား chip ပြတ်လပ်မှုတွေရယ်က အဓိက Supply ပြဿနာတွေ ဖြစ်ခဲ့တာပါ။
ဒီဇင်ဘာ သုံးလပတ်မှာ Supply Chain ပြဿနာဟာ ဒီထက်ပိုဆိုးပြီး ဆုံးရှုံးမှု ဖြစ်လာနိုင်တယ်လို့လည်း Apple က ခန့်မှန်းပါတယ်။ Apple ကုမ္ပဏီဟာ စက်တင်ဘာမှာ မိတ်ဆက်နေကျ iPhone သစ်တွေအပြင် iPad Mini သစ် ၊9th Gen iPad ၊ Apple Watch Series 7 , 3th Gen AirPods နဲ့အတူ notch display ပါ MacBook Pro စီးရီး ထုတ်ကုန်သစ်တွေလည်း ကြေညာထားပါတယ်။
Photo: CNBC
iPhone စီးပွားရေးဟာ အရင်နှစ်ကထက် ၄၇% (ဒေါ်လာ ၃၈.၇ ဘီလျံ -Wall Street ခန့်မှန်း ဒေါ်လာ ၄၁.၅၁ ဘီလျံ) ပိုအားကောင်းနေသလို iPad ရောင်းအားကလည်း ပြီးခဲ့တဲ့နှစ် သုံးလပတ်ကထက် ၂၁% ပိုမြင့်တက်လာခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ Apple ရဲ့ Cloud Service ၊ ရုပ်ရှင် ၊ ဂီတနဲ့ ကြော်ငြာပိုင်းလို Apple Service နဲ့ Apple Care ကဏ္ဍဟာ ၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ ဒေါ်လာ ၆၈ ဘီလျံအထိ ရှာပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၆ နှစ်အတွင်း Services ကဏ္ဍက ရတဲ့ ဝင်ငွေဟာ သုံးဆအထိ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။
Services ဝန်ဆောင်မှုတွေကနေ Apple အတွက် ဝင်ငွေမြင့်တက်နေသလို ထုတ်ကုန်တွေက ရတဲ့ ဝင်ငွေကလည်း စံချိန်တင်မြင့်တက်လာခဲ့ပါတယ်။ လောလောဆယ် Supply Chain အခက်အခဲတွေကြောင့် Apple လက်လီစတိုးတွေမှာ ၁၄ လက်မနဲ့ ၁၆ လက်မ MacBook Pro တွေ ပစ္စည်းပြတ်မှုကြုံနေတယ်လို့လည်း ဆိုပါတယ်။