ကြက်သွန်များများနဲ့အနှစ်အရသာကိုကောင်းမွန်အောင်ချက်ပြုတ်ထားပြီး လူကြိုက်များနေတာကတော့ စုစုလကျာ် မော်လမြိုင်ဖက်ထမင်းပါ။ မော်လမြိုင်ဒေသခံတွေ ဖြစ်တဲ့အလျောက် ဖက်ထမင်း နဲ့ ရင်းနှီးကျွမ်းဝင်ပြီး အိမ်မှာမိသားစုတွေ ပျော်ပျော်ပါးပါးလုပ်စားရာကနေ ရောင်းတန်းဝင် ဖက်ထမင်း ဖြစ်လာခဲ့ပါတယ်။
စုစုလကျာ်ဖက်ထမင်း လက်ရာလေး ဘယ်လိုစခဲ့လဲ
ဝန်ထမ်းဘဝမှာ ရပ်တည်လာရာကနေ ကိုဗစ်ကာလမှာ အလုပ်တွေနားချိန်မှာ မော်လမြိုင် လက်ရာဖက်ထမင်းလေးကို ရောင်းဖို့ အတွက် စိတ်ကူးရလာခဲ့တယ်လို့ မစုစုလကျာ်က ဆိုပါတယ်။
“ ကိုဗစ်ကာလမှာ အိမ်မှာနေရင်း ဘာလုပ်ရမလဲဆိုပြီးတော့ စဉ်းစားရင်းနဲ့ အမျိုးသားက မော်လမြိုင်သားဆိုတော့ သူတို့ နယ် (မော်လမြိုင်) မှာ ခေတ်စားတဲ့ ဖက်ထမင်းရောင်းဖြစ်သွားတာပါ။ သားကိုလုပ်ကျွေးတော့လည်း သားက လက်ရာအရမ်းကောင်းတယ်။ ရောင်းကြည့်စေချင်တယ်ဆိုပြီး ပြောရာကနေ စရောင်းဖြစ်သွားတာပါ။ သားရဲ့ အကြံဥာဏ်ပေါ့။ အရင်တုန်းကတော့ အစ်မတို့က Travel and Tour လုပ်တာပါ။ ကိုဗစ်ကာလမှာ အလုပ်တွေ ခဏနားသွားတော့ ဘာလုပ်ရင်ကောင်းမလဲလို့ စဉ်းစားရင်း ဖက်ထမင်းကို အွန်လိုင်းကနေ ကြော်ငြာရင်းစရောင်းဖြစ်သွားတာပါ။ အဲဒီကနေ အွန်လိုင်းကနေ ကြော်ငြာတော့ တစ်ရက်ပဲရောင်းရသေးတယ်။ အော်ဒါတွေက ဆက်တိုက်တက်နေတော့ ဒါကိုပဲ ဆက်ရောင်းဖြစ်သွားတယ်။ “ လို့ မစုစုလကျာ်က ဆိုပါတယ်။
စရောင်းကတည်းက ရောင်းအားတက်ခဲ့တဲ့ စုစုလကျာ်ဖက်ထမင်း
ဖက်ထမင်းရောင်းဖို့အတွက် အွန်လိုင်းမှာ အော်ဒါကောက်ခံရင်းနဲ့ စကောက်တဲ့နေ့မှာ အော်ဒါတွေဆက်တိုက်လာတာကြောင့် မထင်မှတ်ထားလောက်အောင် ဝမ်းသာခဲ့ရတယ်လို့ ဆိုပါတယ်။ စရောင်းတုန်းက အသိမိတ်ဆွေတွေကို စတင်ရောင်းရာက လက်ရာကောင်းပြီး သပ်ရပ်တဲ့ ထုပ်ပိုးမှုကြောင့်လည်း တစ်ဆင့်စကားတစ်ဆင့်နဲ့ အမှာများခဲ့တယ်လို့ သိရပါတယ်။
“ အသိမိတ်ဆွေ လေကြောင်းလိုင်း ဝန်ထမ်းတွေကို စပြီးရောင်းကြည့်တယ်။ တရက်ပဲ ရောင်းရသေးတယ် နောက်နေ့ကျတော့ ပွဲကအော်ဒါတွေ ဆက်တိုက် တက်သွားတော့ အားတော့ရှိသွားတောပါ့။ စရောင်းတဲ့နေ့မှာ အော်ဒါပွဲ ၁၀၀ ရတယ်။ နောက်ပြီး ဖေ့ဘွတ်ခ်ကတစ်ဆင့်လည်း အစားအသောက်ဂရုတွေမှာ လိုက်တင်ရောင်းကြည့်တယ်ပေါ့နော်။ အဲဒါနဲ့ ကာစတန်မာအသစ်တွေက အစမ်းမှာစားရင်းနဲ့ အော်ဒါတွေက လုံးဝလက်မလည်အောင်ကို ရောင်းခဲ့ရတယ်” လို့ မစုစုလကျာ်က ဆိုပါတယ်။
သန့်ရှင်းမှုနဲ့ လက်ရာကို ဦးစားပေးတဲ့အိမ်ချက်လက်ရာဖက်ထမင်းလေး
ဖက်ထမင်းဖြစ်တဲ့အတွက် ဖက်ကို အဓိက သန့်ရှင်းအောင် ဆေးကြော အခြောက်ခံထားရတယ်လို့ ဆိုပါတယ်။ အရသာကလည်း တကယ့် ကိုယ့်အိမ်မှာစားရသလို ပုံစံမျိုးလေးချက်ထားတာဖြစ်ပါတယ်။ အွန်လိုင်းအော်ဒါကို သာအဓိက ထားရောင်းပြီး နေ့စဉ်အော်ဒါအရောင်းရှိတယ်လို့လည်းဆိုပါတယ်။
“ အစ်မတို့ ဖက်တွေက အစ သန့်ရှင်းအောင် လုပ်တယ်။ ဖက်ကို ရေနွေးနဲ့ ပြုတ်တယ်။ အခြောက်ခံတယ်။ ဖက်ထမင်းတစ်ပွဲမှာဆိုရင် ထမင်းဖြူ၊ ချဉ်ပေါင်ကြော်နဲ့ ငရုတ်သီးဆားထောင်းလေးနဲ့ သံပုရာသီးစိတ်၊ တို့စရာလေးကတော့ မပါမဖြစ်ပေါ့။ ပြီးမှ ကိုယ်က ဘာဟင်းနဲ့စားချင်လဲ ဝက်သား၊ ကြက်သား၊ ဆိတ်သားဟင်း၊ ကြက်သားကြော်၊ ပုဇွန်ထုတ်၊ အသည်းအမြစ် ကလီစာအစုံ ရပါတယ်။ အိမ်ချက်ကလေးလို ချက်ထားတော့ စားဖူးတဲ့သူတိုင်း ကြိုက်ကြတယ်” လို့ မစုစုလကျာ်က ဆိုပါတယ်။
စုစုလကျာ်ဖက်ထမင်းရဲ့ ထူးခြားချက်
ဒီဖက်ထမင်းရဲ့ ထူးခြားချက်ကတော့ ကြက်သွန်အနှစ်ဖြစ်ပါတယ်။ ကြက်သွန်အနှစ်ကိုကြိုက်ကြလွန်းလို့ အနှစ်ကိုပဲသီးသန့်မှာယူကြတဲ့သူတွေတောင် ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဆိတ်သားဟင်းနဲ့ကြက်ကြော်ကိုလည်း လူကြိုက်များကြပြီး မော်လမြိုင် အရသာနဲ့ ရန်ကုန်က သူတွေအကြိုက် ပေါင်းစပ်ထားတဲ့ ဖက်ထမင်းလက်ရာလေးပါ။
“ ဖက်ထမင်းရဲ့ ထူးခြားချက်က ကြက်သွန်အနှစ်ပဲပေါ့။ အစ်မတို့ဆီက မှာသူတွေက အဲဒါကို အရမ်းကြိုက်ကြတာ။ ကြက်သွန်အနှစ်ကို ရေခဲသေတ္တာထဲ သိမ်းထား နောက်နေ့ ပြန်စား အဲဒါမျိုးတွေ လုပ်ကြတယ်။ ကလေးတွေကအစ အနှစ်ကိုကြိုက်တယ်။ အစ်မ အနှစ်က ရေခဲသေတ္တာထဲ ထည့်ထားရင် ဆယ်ရက်လောက်ခံတယ်။အနှစ်သီးသန့်လာဝယ်ရင်လည်း ရောင်းပေးပါတယ်။ “ လို့ ဆိုပါတယ်။
စုစုလကျာ်ဖက်ထမင်းမှာယူချင်တယ်ဆိုရင် ဖက်ထမင်းတစ်ပွဲကို ၄၅၀၀ ကနေ ၆၀၀၀ ဝန်းကျင်ရှိပြီး မိမိမှာမယ့်ဟင်းအလိုက် ဈေးနှုန်းလေးတွေ ကွာခြားမှု တွေရှိပါတယ်။ အော်ဒါမှာယူချင်တယ်ဆိုရင်တော့ တစ်ရက်ကြိုတင်မှာယူနိုင်ပြီး 0943068339 ကိုဆက်သွယ်နိုင်သလို ဆိုင်မှာထိုင်စားချင်တဲ့သူတွေအနေနဲ့ ၁၂၃၇၊ မြေညီထပ်၊ သီရိလမ်း၊ မေတ္တာညွှန့်ရပ်ကွက်၊ တာမွေမြို့နယ်မှာလည်း အိမ်ဆိုင်လေးအနေနဲ့ ဖွင့်လှစ်ထားတယ်လို့သိရပါတယ်။