မြောက်ဒဂုံ၊ မန္တလေးစျေးလမ်းထဲဖွင့်ထားတဲ့ အသုပ်ဆိုင်လေးပါ။

မိုးအေးအေးမှာ အရသာရှိတဲ့အသုပ်စုံကို ဟင်းခါးပူပူလေးသောက်ပြီးစားရတာဟာ လိုက်ဖက်လှတဲ့အရသာပါ။ ဒီလိုအရသာကိုမြည်းစမ်းကြည့်နိုင်ဖို့ လက်ရာကောင်းပြီး စျေးတန်တဲ့ မြောက်ဒဂုံထဲအသုပ်စုံဆိုင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။




မိသားစုရဲ့ပင်မစီးပွားရေးအစ တနိုင်တပိုင်အသုပ်စုံဆိုင်လေး


ဒီဆိုင်လေးကတော့ မြောက်ဒဂုံ၊မန္တလေးစျေးလမ်းထဲမှာဖွင့်ထားတဲ့ မန္တလေးစျေးလမ်းအသုပ်စုံဆိုင်လို့ လူသိများတဲ့အသုပ်ဆိုင်လေးပါ။ဆိုင်လေးရဲ့ ပဲ့ကိုင်ရှင်ဖြစ်တဲ့ ဒေါ်ကေသီဟာ အသက်၂၀ကျော်အရွယ်ကတည်းက အသုပ်စုံစတင်ရောင်းချခဲ့တာကြောင့် အသုပ်စုံရောင်းတဲ့သက်တမ်းကနှစ်၃၀နီးပါးရှိပြီဖြစ်ပါတယ်။ မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းကဖြည့်ဆည်းနိုင်ဖို့ တစ်နိုင်တစ်ပိုင်အသုပ်စုံဆိုင်လေးအဖြစ်စခဲ့တဲ့ ဒေါ်ကေသီရဲ့ အသုပ်စုံဆိုင်လေးဟာ အခုချိန်မှာတော့မိသားစုရဲ့ ပင်မစီးပွားရေးလုပ်ငန်းလေးဖြစ်လာပြီး လက်ရာကောင်းတဲ့အသုပ်စုံဆိုင်လေးလို့ လူသိများအောင်မြင်လာပါတယ်။

“အိမ်ထောင်ကျပြီး ကလေးတွေရချိန်မှာ မိသားစုစားဝတ်နေရေးအတွက် ကိုယ်လဲအလုပ်တစ်ခုလုပ်မှ ဖြစ်မယ်ဆိုတဲ့အချိန်မှာ အသုပ်စုံဆိုင်လေးစထွက်ခဲ့တာ။စရောင်းတာကတော့ ကိုယ့်ရပ်ကွက်မှာပဲအရင် ရောင်းတာ မန္တလေးစျေးလမ်းမှာရောင်းတာကတော့(၁၅)နှစ်လောက်ရှိပြီ။အဓိကကတော့ သားသမီးတွေ ပညာရေးအတွက်ပံ့ပိုးပေးချင်တော့ ကိုယ်လုပ်တတ်တာလေးနဲ့စခဲ့တာပါ။”လို့ ဒေါ်ကေသီကပြောပါတယ်။


Photo credit - Myat Su


အောင်မြင်တဲ့အသုပ်ဆိုင်လေးဖြစ်ဖို့ ဒီလိုကြိုးစားခဲ့ရ


အသုပ်ဆိုင်စထွက်တုန်းက တစ်ရက်ကိုကြာဇံအစိတ်သားလောက်ပဲကုန်ပြီး အရင်းပြုတ်ခဲ့တဲ့ အခြေနေတွေ ခဏခဏကြုံခဲ့တာကြောင့် ဆိုင်ဆက်မထွက်ချင်လောက်အောင် စိတ်ဓာတ်ကျခဲ့တဲ့အချိန်တွေလည်းရှိခဲ့တယ်လို့ ဒေါ်ကေသီကပြောပါတယ်။ဒါပေမယ့်လည်း ဇွဲသန်သန်နဲ့ ပိုကောင်းအောင်လုပ်ချင်တဲ့ တွန်းအားတွေကပဲ အသုပ်ဆိုင်လေးကို လူသိများလာပြီး ပုံမှန်ဖောက်သည်တွေနဲ့ ပုံမှန်လည်ပတ်နိုင်တဲ့ဆိုင်လေးဖြစ်လာပါတယ်။

“ကြာဇံအစိတ်သားလောက်ကုန်ဖို့တော်တော်ရောင်းခဲ့ရတယ်။အရင်းခဏခဏပြုတ်လို့ စိတ်ညစ်ခဲ့ရတဲ့ အချိန်တွေလည်းရှိတာပေါ့။ ဒါပေမယ့် အန်တီကကိုယ့်အလုပ်လေးကို တန်ဖိုးထားတယ်။ အသုပ်သုပ်နေရရင် ပျော်နေတဲ့သူဆိုတော့ ကိုယ့်အသုပ်ကိုဘယ်လိုကောင်းအောင်သုပ်ရမလဲ ပါ၀င်ပစ္စည်းတွေကို ဘယ်လိုစုံစုံလင်လင်လေးထည့်ရမလဲပဲအမြဲစဥ်းစားပြီး ဒါကိုပဲဆက်လုပ်ခဲ့တာပါ။ဆိုင်မှာလာစားတဲ့ ကိုယ့်ဖောက်သည်တွေ စားကောင်းပါစေဆိုတဲ့စိတ်နဲ့ပဲကြိုးစားပြီးရောင်းခဲ့တာပါလို့” ဒေါ်ကေသီကပြောပြပါတယ်။


Photo credit - Myat Su


တစ်ရက်လေးသိန်ဖိုးလောက်ပုံမှန်ရောင်းရတဲ့ အသုပ်ဆိုင်လေး


ကြာဇံအစိတ်သားနဲ့စခဲ့တဲ့အသုပ်စုံဆိုင်လေးဟာ အခုချိန်မှာတော့ ကြာဇံလေးပိသာခွဲနဲ့ ခေါက်ဆွဲခုနှစ်ပိသာ ကုန်ပြီး တစ်ရက်ကိုလေးသိန်ဖိုးလောက်ပုံမှန်ရောင်းရတဲ့ ရောင်းအားကောင်းအသုပ်စုံဆိုင်လေးအဖြစ်ရပ်တည် နေပါတယ်။ဒီဆိုင်လုပ်ငန်းလေးကပဲ မိသားစုစားဝတ်နေရေး အဆင်ပြေပြေရပ်တည်နိင်ခဲ့တဲ့အတွက် ဒီအလုပ်ကိုမြတ်နိုးတန်ဖိုးထားတယ်လို့ ဒေါ်ကေသီကဆိုပါတယ်။

“ဒီအလုပ်ကိုမြတ်နိုးတယ်။ဆိုင်မှာလာစားတဲ့ ကိုယ်ဖောက်သည်တွေ စားသုံးသူတွေနဲ့စကားပြောနေရရင်ကို ပျော်နေတာ။သားသမီးတွေကိုလည်းမှာထားတယ်။ဒီအသုပ်စုံဆိုင်လေးနာမည်ရလာဖို့ အမေကြိုးစားခဲ့တယ်။ ဒီဆိုင်ကအမေ့အမွေပဲ အမေမလုပ်နိုင်တော့ရင်လဲ ဆက်ပြီးကြိုးကြိုးစားစားနဲ့လုပ်ကြဖို့ သွန်သင်တယ်။ အခုဆိုင်မှာ သားအကြီးနဲ့ချွေးမလေးကကူညီတယ်။ဆိုင်အခုလိုအောင်မြင်လာတာကလည်း စားသုံးသူတွေ ကြောင့်ပဲအဲ့တော့ ကိုယ့်ဆိုင်မှာလာစားတဲ့သူတွေ စိတ်ချမ်းချမ်းသာသာနဲ့ အရသာရှိရှိလေးစားနိုင်အောင် စေတနာအမြဲထားတယ်သားသမီးတွေကိုလည်းဒီလိုပဲမှာတယ်လို့”ဒေါ်ကေသီကပြောပါတယ်။


Photo credit - Myat Su


ရနိုင်တဲ့အသုပ်စုံလေးတွေနဲ့စျေးနှုန်း


ဒီအသုပ်စုံဆိုင်လေးမှာတော့ အသုပ်စုံတွေဖြစ်တဲ့ ကြာဇံ၊ခေါက်ဆွဲအသီးအရွက်စုံသုပ်၊ပုဇွန်ခွက်ကြော်သုပ်၊ တို့ဖူးသုပ်၊ပဲပြားသုပ်၊ပဲပြားအစာသွပ်၊ငါးဖယ်အစာသွပ်၊ငါးဖယ်သုပ်၊ကြာဇံချက်တို့ရရှိနိုင်ပါတယ်။ အဆာပလာစုံစုံနဲ့ အသုပ်စုံကို ဟင်းခါးပူပူလေးနဲ့တွဲဖက်စားသုံးနိုင်မှာပါ။ ဟင်းခါးကိုလည်း ကြာရိုး၊ပဲပင်ပေါက်၊ ဂေါ်ဘီ၊မြင်းခွာရွက်တို့ကိုတလှည့်ဆီချက်တာပါ။စျေးနှုန်းလေးတွေကတော့ကြာဇံ၊ခေါက်ဆွဲ အသုပ်စုံတပွဲကို ၈၀၀ကျပ်ဖြစ်ပါတယ်။


အသုပ်စုံဆိုင်လေးရဲ့လိပ်စာက


မြောက်ဒဂုံမြို့နယ်၊မန္တလေးစျေးလမ်းမပေါ်မှာဖြစ်ပြီး ဆိုင်ဖွင့်ချိန်က နေ့လည် ၁နာရီကနေ ညနေ၅နာရီ လောက်ဆိုရင်တော့ အသုပ်ကုန်တတ်ပါတယ်။တနင်္လာနေ့တိုင်းဆိုင်ပိတ်ပါတယ်။၀၉၄၄၄၇၃၁၈၀၀ကိုလည်း ဆက်သွယ်မှာယူနိုင်ပါတယ်။ အရသာရှိတဲ့အသုပ်စုံလေးကို ဟင်းခါးပူပူလေးသောက်ရင်း နှစ်၃၀သက်တမ်းရှိတဲ့ ဒေါ်ကေသီရဲ့ အသုပ်လက်ရာကို မြည်းစမ်းနိုင်ဖို့ညွန်းဆိုပေးလိုက်ပါတယ်။

Share

Loading Next Article...
က္က