ဒီဆိုင်လေးကတော့ ဒူးရင်းချစ်သူတွေအကြိုက်တွေ့မယ့်ဆိုင်လေးပါ။

ဒူးရင်းသီးလှိုင်လှိုင်ပေါတဲ့အခုလိုရာသီချိန်မှာ ဒူးရင်းသီးကြိုက်သူတွေအတွက် စျေးတန်ပြီး စိတ်ကျေနပ်မှုရ စေမယ့် ဒူးရင်းသီးဆိုင်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။



လမ်းမတော်မြို့နယ် ရွှေစင်ရွှေဆိုင်ရှေ့ကဒူးရင်းသီးဆိုင်လို့ သိကြတဲ့ ကိုသန်းဦးဒူးရင်းသီးဆိုင်လေးပါ။

စျေးတန်ပြီး စိတ်ကျေနပ်မှုရစေမယ့်ဒူးရင်းသီးဆိုင်လေး

ရန်ကုန်မြို့ထဲ မဟာဗန္ဓုလလမ်းနဲ့လမ်းမတော်လမ်းထောင့်က ဒီဆိုင်လေးကတော့ ဒူးရင်းသီးရောင်းလာတာ ဆယ်စုနှစ်တစ်ခုကျော်ပြီဖြစ်တဲ့ဒူးရင်းသီးဆိုင်လေးပါ။နှစ်စဥ်ဒူးရင်းသီးရာသီချိန်ရောက်တိုင်း မြန်မာနိုင်ငံ ဒူးရင်းစိုက်ပျိုးတဲ့ဒေသတွေက ထွက်ရှိလာတဲ့ဒူးရင်းသီးတွေကို ရန်ကုန်စျေးကွက်မှာရောင်းချနေတဲ့ဆိုင်လေးပါ။ ဒီနှစ်မှာတော့မွန်ပြည်နယ်ရေးမြို့ကထွက်ရှိတဲ့ ရေးဒူးရင်းသီးကို အဓိကရောင်းချနေတာပါ။ ဆိုင်မှာရောင်းချ ပေးနေသူအားလုံးဟာ ဒူးရင်းသီးအကြောင်း ကောင်းကောင်းနားလည်ပြီး ဒူးရင်းသီးရွေးချယ်ရာမှာဝယ်သူတွေ စိတ်ကျေနပ်တဲ့အထိ ဝန်ဆောင်မှုပေးတာကြောင့် ဒူးရင်းသီးချစ်သူတွေကြား လူသိများပြီးနာမည်ရနေတဲ့ ဆိုင်လေးပါ။

“ဒူးရင်းသီးရောင်းတာ ဆယ်နှစ်ကျော်ပြီ။ကျွန်တော်တို့ဆိုင်က ဒူးရင်းသီးဆိုရင် အရည်အသွေးကောင်းတာ ပဲရောင်းတယ်။အာမခံပြီးရောင်းပေးတယ်။ဆိုင်မှာလာဝယ်ရင် ကျွန်တော်တို့ကသေချာရွေးပေးပြီး အသီးကိုခွဲ ပြတယ်။ကောင်းလုံးတဲ့အလုံးကိုပဲ ဝယ်သူလက်ထဲထည့်တယ်။မကောင်းရင်လုံးဝမရောင်းဘူး တခါတလေ အများနဲ့ရောင်းရလို့ အသီးအဆင်မပြေတာပါ။ သွားခဲ့ရင်လည်း ကျွန်တော်တို့ကိုပြန်လာပြောလို့ရတယ်။ အဲ့ကျရင် ကျွန်တော်တို့က အသစ်တစ်လုံးပြန်လဲပေးတယ်။ ချဥ်တဲ့မာတဲ့အလုံးတွေ ဆိုပယ်ပစ်တယ်။ အဲ့တော့ဒူးရင်းသီး ကောင်းကောင်းစားရတဲ့အခါစားသုံးသူက စိတ်ကျေနပ်ပြီးထပ်ထပ်ပြီးလာဝယ်တယ်။”လို့ ဒူးရင်းသီးဆိုင်ရှင် ကိုဇော်ကပြောပါတယ်။

အခုဝယ်၊အခုခွဲ၊အခုထိုင်စားလို့လည်းရ

ဆိုင်မှာရောင်းချတဲ့ဒူးရင်းသီးတွေကိုတော့ ဒူးရင်းခြံကနေတိုက်ရိုက်မှာယူတယ်လို့သိရပါတယ်။ဒူးရင်းသီး ကြိုက်သူတွေ လူတန်းစားမရွေးဝယ်ယူစားသုံးနိုင်အောင် အမြတ်များများမယူပဲ စျေးတန်တန်နဲ့ရောင်းချပေး နေတာပါ။ ရန်ကုန်မြို့ထဲကနေရာတွေအပြင် မြို့ထဲနဲ့ဝေးတဲ့နေရာတွေကပါ တကူးတကလာဝယ်တာ ကိုလည်းမြင်တွေ့ရသလို ဆိုင်ဘေးမှာကော်ခုံလေးတွေခင်းထားပြီး ဒူးရင်းသီးစားဖို့နေရာစီစဥ်ပေးထားတာ ကြောင့် အခုဝယ်အခုစားချင်တဲ့ဒူးရင်းသီးချစ်သူတွေ အကြိုက်တွေ့စေမယ့်ဆိုင်လေးပါ။ “အရင်နှစ်တွေနဲ့မတူတဲ့ပုံစံလေးနဲ့ဒီနှစ်ရောင်းဖြစ်တယ်။ အဓိကကတော့ ဒူးရင်းသီးကြိုက်တဲ့သူတွေအားလုံး စျေးတန်တန်နဲ့အရသာကောင်းကောင်းစားရအောင်ရောင်းပေးတာပါ။ တစ်ချို့ဆို ခရမ်းတို့၊မှော်ဘီတို့ဘက်ကနေ တောင်လာဝယ်ကြတယ်။ဒူးရင်းသီးကောင်းကောင်းစားချင်လို့လာဝယ်တဲ့သူတွေကို စိတ်မပျက်ရအောင် ရောင်းပေးပါတယ်။”လို့ ကိုဇော်ကပြောပါတယ်။

တစ်ရက်သိန်း၆၀ဖိုးရောင်းရတဲ့ဒူးရင်းသီးဆိုင်

လုပ်ငန်းကျွမ်းကျင်မှုနဲ့စားသုံးသူတွေအပေါ်စေတနာထားမှုကြောင့် ကိုဇော်တို့ ဒူးရင်းသီးဆိုင်လေးဟာ တစ်ရက်ကို ဒူးရင်းသီးအလုံးရေ(၁၅၀၀)လောက်ကုန်ပြီး သိန်း၆၀ဖို့းလောက်နေ့စဥ်ရောင်းရတဲ့ ရောင်းအား ကောင်း ဒူးရင်းသီးဆိုင်လေးပါ။ဆိုင်မှာရောင်းတဲ့ဒူးရင်းသီးအားလုံးရဲ့အရည်အသွေးကတော့အတူတူပဲဖြစ်ပြီး အလုံးအကြီးအသေးပေါ်မှာသာ မူတည်ပြီးစျေးနှုန်းသတ်မှတ်တာကြောင့် အလုံးသေးပေမယ့်လည်း ဒူးရင်းသီးအရသာအပြည့်အဝရရှိမှာဖြစ်ပါတယ်။ “ဆိုင်မှာဒူးရင်းသီးလက်ကျန်မထားဘူး၊တစ်နေ့စာတနေ့ကုန်အောင်ရောင်းတယ်။ဒူးရင်းသီးကတနေကုန်ဆိုအလုံး၁၅၀၀လောက်ကုန်တယ်။ရောင်းကြေးကတော့ တစ်ရက်ကို သိန်း(၆၀)နဲ့ (၇၀)ကြားမှာရှိတယ်။ ကျွန်တော်တို့က အမြတ်များများမယူဘူး အလုံးရေများများကုန်တဲ့အပေါ်မှာပဲ အမြတ်တွက်လိုက်တဲ့သဘောပါ။ညနေ ရောက်သွားလို့ရွေးကျကျန်တဲ့အလုံးတွေဆိုရင်တော့ စျေးလျော့ပြီးရောင်းလိုက်တယ်။ ဒါပေမယ့်အဲ့အလုံးတွေ ကလည်း စားလို့မရတဲ့အလုံးတွေမဟုတ်ဘူး အချိုပေါ့တာတို့၊အသားပါးတာတို့ အဲ့လိုအလုံးလေးတွေပါ။”လို့ ကိုဇော်ကပြောပါတယ်။

စျေးနှုန်း၊နေရာ၊ဆိုင်ဖွင့်ချိန်

 ဒူးရင်းသီးစျေးနှုန်းလေးတွေကတော့ တစ်လုံးကို ကျပ် ၁၂၀၀၀၊၇၀၀၀၊၆၀၀၀၊၅၀၀၀၊၃၀၀၀ကျပ် အစားစားရှိတာဖြစ်ပြီး နှစ်သက်ရာရွေးချယ် ဝယ်ယူနိုင်ပါတယ်။ ဆိုင်ဖွင့်ချိန်က မနက်၆နာရီကနေ ညနေ၅နာရီခွဲဝန်းကျင်ထိ ဖြစ်ပြီး မနက်၁၀နာရီဝန်းကျင် ကတော့ဒူးရင်းသီးရွေးချယ်စရာများများနဲ့ ကောင်းကောင်းရှိတဲ့အချိန်ဖြစ်ပါတယ်။ ဆိုင်လိပ်စာလေးကတော့ ရန်ကုန်မြို့ထဲ မဟာဗန္ဓုလလမ်းနဲ့လမ်းမတော်လမ်းထောင့်ရွှေစင်ရွှေဆိုင်ရှေ့မှာပါ။ ဒူးရင်းသီးအရသာ ကောင်းကောင်းကိုစျေးတန်တန်လေးနဲ့စားချင်သူတွေအတွက် စိတ်ကျေနပ်စေမယ့်ဆိုင်လေးမို့ ညွှန်းဆိုပေးလိုက်ပါတယ်။

Share

Loading Next Article...
က္က