လီဗာပူးပရိသတ်တွေဟာ မနေ့ညက လူတန်တောင်းနဲ့ စပါးတို့ရဲ့ ပွဲစဉ်မှာ စပါး ကွင်းလယ်လူ ဘစ်ဆိုမာ အထုတ်ခံခဲ့ရတဲ့အပေါ် လှောင်ပြောင်နေကြောင်း သိရှိရပါတယ်။ အဆိုပါပွဲမှာ စပါးတို့ တစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးတဲ့ စံချိန်ကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။
စပါးတို့ အစောပိုင်းကတည်းက သွင်းဂိုးတွေ ရရှိဖို့ နီးစပ်ခဲ့ပေမယ့် အပိုင်အခွင့်အရေးတွေကို ရစ်ချာလီဆန်တို့ အုပ်စု အသုံးမချနိုင်ခဲ့ပါဘူး။ အဲ့ဒီနောက် ဒုတိယပိုင်းမှာတော့ ဗန်ဒီဗန်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ စပါးတို့ အနိုင်ရရှိခဲ့ပါတယ်။
ဒီဂိုးမတိုင်ခင်မှာ စပါးတို့ ပထမပိုင်းပြီးခါနီးမှာတင် အဓိကကွင်းလယ်လူ ဘစ်ဆိုမာ နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရပြီး ရုန်းကန်ခဲ့ရပါတယ်။ ဘစ်ဆိုမာဟာ အဝါကတ်ထိထားပြီးချိန်မှာ ဟန်ဆောင်လှဲချဖို့ ကြိုးစားခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ဒုတိယမြောက် အဝါကတ်ကိုပြသကာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။
အနီကတ်အပေါ် လီဗာပူးပရိသတ်တွေက “လူတန်က ငါတို့အတွက် လက်စားချေပေးခဲ့ပြီ” “စပါးတို့ ပြီးခဲ့တဲ့အပတ်တုန်းက လိမ်ညာလှည့်ဖြားခဲ့လို့ အခု အပြစ်ပေးခံနေရပါပြီ။ ဝဋ်ဆိုတာက လည်ပါတယ် ကိုယ့်လူတို့” “ငါတို့အတွက် လက်စားချေနိုင်ဖို့ ဘုရားသခင်က တစ်ပတ်လောက် အချိန်ယူခဲ့ပါတယ်” လို့ အမျိုးမျိုး မှတ်ချက်ပေးကာ ဝေဖန်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့အပတ်က စပါးတို့ လီဗာပူးကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ လီဗာပူးက ဒီယက်ဇ်ရဲ့ အဖွင့်ဂိုးကို မှားယွင်းပယ်ဖျက်ခံခဲ့ရပါတယ်။ ဒါ့အပြင် ကာတစ်ဂျုံးစ်၊ ဂျိုတာတို့လည်း အနီကတ်ထိခဲ့ကြပြီး နှစ်ယောက်လျော့အနေအထားနဲ့ လီဗာပူးတို့ စပါးကို ရင်ဆိုင်ကစားခဲ့ရတာလည်း ဖြစ်ပါတယ်။