မနေ့ညက ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ လီဗာပူးတို့ရဲ့ပွဲမှာတော့ လီဗာပူးက အံ့အားသင့်ဖွယ် Comeback ပြနိုင်ခဲ့ပြီး အဝေးကွင်း စိန့်ဂျိမ်းပါတ့်ခ်မှာ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ လီဗာပူးတို့ ပွဲကစားချိန် တစ်နာရီနီးပါးလောက်ကို တစ်ယောက်လျော့နဲ့ ကစားခဲ့ရတာပါ။
ပထမပိုင်းမှာ ပြိုင်ဘက်နယူးကာဆယ် ကစားသမား ဂေါ်ဒွန်ရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရသလို ဗန်ဒိုက်ချ်ကလည်း Last Defender အနေအထားမျိုးနဲ့ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် တိုက်ရိုက်အနီကတ်ထိခဲ့ပါတယ်။ နယူးကာဆယ်ဟာ ဒီရာသီမှာ အမြင့်ပျံမယ့် ခြေစွမ်းမျိုးကို ပြသထားတဲ့ အသင်းတစ်သင်းပါ။
ဒီလိုအသင်းမျိုးရဲ့ အိမ်ကွင်းမှာ တစ်ယောက်လျော့၊ တစ်ဂိုးရှုံးနေတဲ့ လီဗာပူးတို့ ပြန်လာဖို့ ဘယ်လိုမှမဖြစ်နိုင်တော့ဘူးလို့ အားလုံးက ယူဆခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဒါတွေအားလုံးကို ဒါဝင်နူးနက်ဇ်က ပြောင်းပြန်လှန်ပစ်ခဲ့ပြီး လီဗာပူးအတွက် လူစားဝင်ကာ ခြေစွမ်းပြခဲ့ပါတယ်။
လီဗာပူးအတွက် ချေပဂိုးကို ပွဲကစားချိန် (၈၂) မိနစ်မှာ နူးနက်ဇ်က သွင်းယူပေးခဲ့သလို အနိုင်ဂိုးကိုလည်း နောက်ဆုံးမိနစ်မှာ နူးနက်ဇ်ကပဲ သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲက လီဗာပူးပရိသတ်တွေအတွက် အမှတ်ရစရာ ပွဲတစ်ပွဲဖြစ်ခဲ့ပြီး ဒိုင်လူကြီးရဲ့ မမျှမတ ဆက်ဆံခြင်းကို ခံနေရတယ်လို့ ခံစားရတဲ့ပွဲတစ်ပွဲမှာ အခုလိုမျိုး အံ့အားသင့်ဖွယ် ပြန်လာပြခဲ့တာပါ။
လီဗာပူးကတော့ ဘုန်းမောက်၊ နယူးကာဆယ်တို့နဲ့ပွဲတွေမှာ နှစ်ပွဲဆက်တိုက် ပြိုင်ဘက်ကို တစ်ယောက်လျော့နဲ့ ရင်ဆိုင်ခဲ့ရပေမယ့် အမှားအယွင်းမရှိအောင် ရလဒ်ကို ထိန်းကျောင်းနိုင်ခဲ့ပါတယ်။ အထူးသဖြင့် နယူးကာဆယ်ကို တစ်ယောက်လျော့နဲ့ နိုင်လိုက်တာက လီဗာပူးအတွက် စိတ်ပိုင်းဆိုင်ရာအရပါ တော်တော်လေး အားကောင်းသွားစေမှာ သေချာပါတယ်။