ချဲလ်ဆီး တိုက်စစ်ကစားသမား ကိုးလ်ပါးလ်မားဟာ မနေ့ညက အဲဗာတန်ကို ခြောက်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ တစ်ယောက်တည်း လေးဂိုးသွင်းပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒီသွင်းဂိုးတွေကြောင့်လည်း ပါးလ်မားက မန်စီးတီးတိုက်စစ်မှူး ဟာလန်းနဲ့ ဒီရာသီ ပရီးမီးယားလိဂ်သွင်းဂိုးအရေအတွက်လည်း တူညီသွားခဲ့ပါပြီ။
ပါးလ်မားဟာ ချဲလ်ဆီးရဲ့ နောက်ဆုံး ပရီးမီးယားလိဂ် အိမ်ကွင်း နှစ်ပွဲဆက်တိုက် ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ စံချိန်ကိုလည်း ပိုင်ဆိုင်သွားခဲ့ပါတယ်။ ဒါဟာ တစ်ရာသီအတွင်း ချဲလ်ဆီးအတွက် ပရီးမီးယားလိဂ်မှာ ဟက်ထရစ်နှစ်ကြိမ် သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒါ့အပြင် ပါးလ်မားအတွက် ဒီပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တာက ပရီးမီးယားလိဂ်မှာ နောက်ဆုံး (၇) ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးကစားသမားတွေထဲမှာ ဒါမျိုး စွမ်းဆောင်နိုင်တာက သူ ပထမဆုံးဖြစ်ပြီး သူ့မတိုင်ခင်က ဂတ်ဂျွန်ဆင်နဲ့ ဒရော့ဘာတို့သာရှိခဲ့ပါတယ်။
အဆိုပါ ကစားသမားဟောင်းကြီးတွေကလည်း အများဆုံး (၆) ပွဲဆက်တိုက်သာ ဂိုးသွင်းယူခဲ့ဖူးတာဖြစ်ပြီး ပါးလ်မားက ဒီစံချိန်တွေကိုပါ ရိုက်ချိုးနိုင်ခဲ့တာဖြစ်ပါတယ်။ ပါးလ်မားရဲ့ ဒီရာသီ ပရီးမီးယားလိဂ်သွင်းဂိုးကလည်း ဂိုး (၂၀) အထိ ရှိလာခဲ့ပြီး သူ့ရဲ့ ချဲလ်ဆီးကစားသမားဘဝ ပထမဆုံးရာသီက ကျေနပ်စရာဖြစ်နေခဲ့ပါပြီ။
ဒါ့အပြင် ယူရို-၂၀၂၄ ပြိုင်ပွဲဝင်မယ့် အင်္ဂလန်လက်ရွေးစင် လူစာရင်းမှာ ပါဝင်ခွင့်ရဖို့အတွက်လည်း တော်တော်လေး အခြေအနေကောင်းနေခဲ့ပြီဖြစ်ပါတယ်။ မနေ့ညက ပါးလ်းမားတစ်ယောက်တည်း လေးဂိုးသွင်းခဲ့တဲ့ပွဲကို အင်္ဂလန်နည်းပြ ဆောက်ဂိတ်ရဲ့လက်ထောက် စတိဗ်ဟော်လန်းက လာရောက်ကြည့်ရှုခဲ့ကြောင်းလည်း သိရှိရပါတယ်။