တိုင်းပြည်ကောင်းစားရေးအတွက် အမျိုးသမီးတိုင်း ကလေးခြောက်ယောက်ယူသင့်ပါတယ်လို့ သမ္မတက ပြောပါတယ်။

ဗင်နီဇွဲလားသမ္မတ နီကိုလက်စ်မတ်ဒူရိုက တိုင်းပြည်ကောင်းစားရေးအတွက် အမျိုးသမီးများ ကလေးခြောက်ယောက်ယူကြရန် တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

(ကိုလံဘီယာနယ်စပ်မှာတွေ့ရသည့် ဗင်နီဇွဲလားပြည်သူများ) (Photo: Carlos Eduardo Ramirez/Reuters)

အမျိုးသမီးများ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဥ်တစ်ရပ်ကို စည်းရုံးလှုံ့ဆော်ရာမှာ သမ္မတမတ်ဒူရိုက အမျိုးသမီးတွေကို "ကလေးမွေးပါ၊ ကလေးမွေးပါ" လို့ ညွှန်ကြားခဲ့ပါတယ်။ "မိန်းကလေးနဲ့ ယောင်္ကျားလေး ခြောက်ယောက်မွေးတဲ့အတွက် ဘုရားသခင် ကောင်းချီပေးပါစေ၊ တိုင်းပြည်ကောင်းစားရေးအတွက် အမျိုးသမီးတိုင်း ကလေးခြောက်ယောက်ယူသင့်ပါတယ်" လို့ မတ်ဒူရိုက ဆိုပါတယ်။



မတ်လ ၈ ရက်နေ့မှာကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ရည်ညွှန်းပြီး "အမျိုးသမီးများရဲ့ ရက်သတ္တပတ်" ဖြစ်တယ်လို့လည်း ဗင်နီဇွဲလားသမ္မတက ပြောခဲ့ပါတယ်။ ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် Juan Guaidó ကို ထောက်ခံသူတွေကတော့ မတ်ဒူရိုရဲ့ အဆိုပါ ပြောကြားမှုကို Twitter မှာ ဒေါသတကြီး ဝေဖန်ထားကြပါတယ်။

(ဗင်နီဇွဲလားသမ္မတ မတ်ဒူရို) (Photo: Miguel Gutierrez Handout/EPA)

အတိုက်အခံတွေ ထိန်းချုပ်ထားတဲ့လွှတ်တော်ရဲ့ အမတ်တစ်ဦးဖြစ်သူ Manuela Bolivar က "ဆေးရုံတွေမှာ ဆေးကုမှုတွေ မလုပ်နိုင်ဘူး၊ ကာကွယ်ဆေးတွေ ပြတ်လပ်နေတယ်၊ အမျိုးသမီးတွေက အာဟာရချို့တဲ့လို့ ဒါမှမဟုတ် နို့မှုန့်မဝယ်နိုင်လို့ ကလေးနို့မတိုက်နိုင်ဘူး၊ လူသားချင်းစာနာထောက်ထားမှု အရေးပေါ်အခြေအနေကြောင့် လူတွေ နိုင်ငံကနေ စွန့်ခွာနေကြရတယ်၊ ဒီလိုပြောတဲ့ မတ်ဒူရိုနဲ့ သူ့အစိုးရတစ်ဖွဲ့လုံးက စိတ်မမှန်ကြဘူး" လို့ Twitter မှာ ပြောခဲ့ပါတယ်။

ဗင်နီဇွဲလားမှာ စီးပွားရေးအကျပ်အတည်း ကြုံတွေ့နေရစဥ် လမ်းမတွေပေါ်မှာ သို့မဟုတ် အများပြည်သူဆိုင်ရာ အဆောက်အအုံ ဝင်ပေါက်နေရာတွေမှာ ကလေးစွန့်ပစ်မှုများ ၇၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း ၂၀၁၈ ခုနှစ်အတွင်း အကူအညီပေးရေးအဖွဲ့တစ်ဖွဲ့က ပြောခဲ့ပါတယ်။

(အတိုက်အခံခေါင်းဆောင် Juan Guaidó) (Photo: Carlos Garcia Rawlins/Reuters)

စီးပွားရေးအကျပ်အတည်းဖြစ်နေတဲ့ ဗင်နီဇွဲလားမှာ အစားအစာနဲ့ ဆေးဝါးပြတ်လပ်မှုတွေ ဆိုးရွားစွာ ကြုံတွေ့နေရပါတယ်။ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်ကြားမှာ ဗင်နီဇွဲလားရှိ ကလေးငယ် ၁၃ ရာခိုင်နှုန်းဟာ အာဟာရချို့တဲ့မှု ဖြစ်ခဲ့ကြကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က ပြောပါတယ်။

ဗင်နီဇွဲလားမှာ အစိုးရနဲ့ အတိုက်အခံကြား ခါးသီးတဲ့ အာဏာလွန်ဆွဲမှုလည်း ဖြစ်ပေါ်နေခဲ့ပါတယ်။ အတိုက်အခံခေါင်းဆောင် Juan Guaidó ကို ဗင်နီဇွဲလားနိုင်ငံရဲ့ ခေါင်းဆောင်အဖြစ် နိုင်ငံ ၅၀ ကျော်က အသိအမှတ်ပြုထားကြပါတယ်။ သို့သော် ဗင်နီဇွဲလားစစ်တပ်ရဲ့ ထောက်ခံမှုရရှိထားတဲ့ လက်ဝဲဝါဒီ သမ္မတမတ်ဒူရိုက အာဏာချုပ်ကိုင်ထားဆဲဖြစ်ကြောင်း သိရပါတယ်။

Source: BBC, The Guardian


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က