နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က မေလ ၁၃ ရက်နေ့မှာ Mask ပြိုင်ပွဲတစ်ခု စတင်ခဲ့ပြီး ဆု (၄) မျိုးခွဲပြီး ရွေးချယ်ဖို့ စီစဉ်ခဲ့ရာမှာ မနေ့က ပြည်သူ အနှစ်သက်ဆုံးဆု ရရှိသူများကို ကြေညာခဲ့ပြီး ဒီကနေ့မှာတော့ တီထွင်ဖန်တီးမှုအကောင်းဆုံးဆုကို ရရှိသူများကို ကြေညာပေးခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးစီးကျင်းပတဲ့ Online Mask ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တဲ့သူများလွန်းတာကြောင့် အတိုင်ပင်ခံက ဆုအမျိုးအစား (၄) မျိုး သတ်မှတ်ဆုချီးမြှင့်ဖို့ စီစဉ်ထားခဲ့ပြီး ဒီကနေ့မှာတော့ တီထွင်ဖန်တီးမှုအကောင်းဆုံးဆုရရှိသူများကို ကြေညာခဲ့ပါတယ်။
ပထမဆုရရှိသူကတော့ Myo Gyi ဆိုတဲ့ Facebook Account ပိုင်ရှင်ဖြစ်ပြီး Mask သံမဏိလိပ်ပြာလို့ အမည်ပေးထားတဲ့ mask နဲ့ ယှဉ်ပြိုင်ခဲ့တာပါ။
ဒုတိယဆုရရှိတဲ့ Chan Myae Ko က ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့ ချိုးငှက်နဲ့ သံလွင်ခက်ပုံထိုးထားတဲ့ mask နဲ့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။
တတိယဆုရရှိသူ Chaw Su က နိုင်ငံတော်အလံ ဒီဇိုင်းဖော်ပြီး ချုပ်လုပ်ထားတာ ဖြစ်ပါတယ်။
အတိုင်ပင်ခံက Mask ချုပ်ပြိုင်ပွဲမှာ ဆုလေးမျိုးသတ်မှတ်ထားတာ ဖြစ်ပါတယ်။ (၁) ပြည်သူ အနှစ်သက်ဆုံး (Like အများဆုံး)၊ (၂) တီထွင်ဖန်တီးမှုအကောင်းဆုံး၊ (၃) လူထုအကျိုးပြုဆု (လှူဒါန်းဝေငှရန်လုပ်တဲ့maskတွေထဲက like အများဆုံး ) နဲ့ (၄) ပြိုင်ပွဲဝင်ရခြင်းရည်ရွယ်ချက် စိတ်ဝင်စားဖွယ်အကောင်းဆုံးဆိုတဲ့ ဆု ၄ ဆုမှာ ပြည်သူအနှစ်သက်ဆုံးဆုကို မနေ့ (မေလ ၂၀ ရက်)က ကြေညာခဲ့ပြီး ဖြစ်ပြီး ပထမဆုကို Eric Yang ၊ ဒုတိယဆုကို Myo Minn Soe နဲ့ တတိယဆုကို Wai Wai တို့က ရရှိခဲ့ပါတယ်။
ဆုရသူတွေကို ဂုဏ်ပြု မှတ်တမ်းလွှာချီးမြှင့်မှာ ဖြစ်ပြီး ဆု ၄ ဆုမှာ ပထမရသူ(၄)ဦးနဲ့ video conferencing လုပ်ပါမယ်လို့ အတိုင်ပင်ခံက Facebook ကနေ ကြေညာထားပါတယ်။