Brands တွေလည်း ထပ်တိုးသွားဖို့ ရှိပါတယ်

ကိုယ့်ရဲ့ ဒီဂျစ်တယ်ပုံတူ Avatar အတွက် အဝတ်အစားဝယ်နိုင်မယ့် ဒီဂျစ်တယ် အဝတ်အစားစတိုးတစ်ခုကို Meta က စတင်မိတ်ဆက်လိုက်ပါတယ်။ 

Facebook ရဲ့ မိခင်ကုမ္ပဏီ Meta CEO မတ်ခ်ဇူကာဘတ်က Meta Avatars Store နာမည်နဲ့ ဒီဂျစ်တယ် ဒီဇိုင်နာအဝတ်အစားဖက်ရှင်စတိုးတစ်ခု ဖွင့်လှစ်လိုက်ကြောင်း သောကြာနေ့က ကြေညာသွားတာပါ။ Meta Avatars Store ဟာ Metaverse ထဲမှာ သုံးကြတဲ့ ဒီဂျစ်တယ်လူပုံတူ avatar တွေအတွက် Designer အဝတ်အစားတွေ ဝယ်ယူနိုင်မယ့် ဒီဂျစ်တယ် ဖက်ရှင်စတိုးလည်း ဖြစ်ပါတယ်။ 





လက်ရှိမှာ Balenciaga ၊ Prada နဲ့ Thom Browne စတဲ့ ဖက်ရှင် Brands တွေက ဒီဇိုင်းထုတ်ထားတဲ့ ပုံရိပ်ယောင်အဝတ်အစား Virtual Outfits တွေကို ဝယ်ယူနိုင်ပြီလို့လည်း မတ်ခ်ဇူကာဘတ်က Instagram ရဲ့ ဖက်ရှင်ပါတနာရှစ်ဒုဥက္ကဌဖြစ်သူ အီဗာချန်နဲ့ Instagram Live မှာ ‌ပြောသွားပါတယ်။ အဝတ်အစားအနေနဲ့ ဆိုင်ကယ်စီးဖက်ရှင် ၊ လိုဂို Hoodie နဲ့ Suits ဖက်ရှင်တို့ ပါပြီး မကြာခင်မှာ နောက်ထပ် Brands တွေ ထပ်တိုးသွားဖို့ ရှိတယ်လို့လည်း မတ်ခ်ဇူကာဘတ်က ပြောပါတယ်။ 

Meta ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ Avatar ပုံတူအတွက် Virtual Outfits ဖက်ရှင်ဈေးဟာ ၂.၉၉ ဒေါ်လာ (မြန်မာငွေ ၆ ထောင်ခန့်) ကနေ ၈.၉၉ ဒေါ်လာ (မြန်မာငွေ ၁ သောင်း ၈ ထောင်ခန့်) အတွင်း ကျသင့်မှာ ဖြစ်ပြီး ပြင်ပက တကယ့် Designer အဝတ်အစားစစ်စစ်တွေထက် ဈေးအများကြီး သက်သာမယ်လို့ ဆိုပါတယ်။ နမူနာအနေနဲ့ Prada က ထုတ်ထားတဲ့ Matinee သစ်ကုလားအုတ်သားရေအိတ်ဆို ဒေါ်လာ ၁၀၇၀၀ နဲ့ ရောင်းချနေတာပါ။ 

ဒါပေမယ့်လည်း လူဝတ်ဆင်နိုင်တဲ့ အဝတ်အစားမဟုတ်တဲ့ ဒီဂျစ်တယ်ဖက်ရှင်တစ်ခုအတွက် လူတွေ ပိုက်ဆံသုံးချင်ပါ့မလားဆိုတာကလည်း စဉ်းစားစရာပါပဲ။ Meta CEO ဇူကာဘတ်ခ်ကတော့ Meta Avatars Store ဟာ ကိုယ့်ရဲ့ avatars ပုံတူကနေတစ်ဆင့် ကိုယ့်ရဲ့ သရုပ်သကန်ကို ထုတ်ပြချင်သူတွေအတွက် ရွေးချယ်စရာနည်းလမ်းတစ်ခုအဖြစ် ရှုမြင်ပါတယ်။ 



"ဒီဂျစ်တယ်ကုန်ပစ္စည်းတွေက Metaverse ထဲမှာ သင့်ကိုယ်သင် ဘယ်လိုလူလဲဆိုတာ ထုတ်ဖော်ပြသဖို့ အရေးကြီးတဲ့ နည်းလမ်းတစ်ခု ဖြစ်ပြီး ဖန်တီးမှုရှိတဲ့ စီးပွားရေးအတွက် ကြီးမားတဲ့ စီးပွားရေးမောင်းနှင်မှုတစ်ခု ဖြစ်လာမယ် " လို့ မတ်ခ်ဇူကာဘတ်က ပြောပါတယ်။ 

Virtual Store သစ်ကို Facebook ၊ Instagram နဲ့ Messenger တို့ပေါ်မှာ ဖြန့်ချိထားပြီး သုံးစွဲသူတွေအနေနဲ့ သူတို့ရဲ့ avatars တွေအတွက် ဒီဂျစ်တယ်အဝတ်အစားတွေကို ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Meta ဟာ ပြီးခဲ့တဲ့နှစ်ကပဲ သုံးဖက်မြင် 3D ကြည့်ရှုနိုင်မယ့် Virtual Reality Avatars တွေကို ပုံစံထုတ်ခဲ့ပြီး ဇန်နဝါရီလကစလို့ ဒီ Avatars ပုံတွေကို Facebook ၊ Instagram နဲ့ Messenger တွေပေါ်မှာ ရယူနိုင်အောင် ထုတ်ပေးခဲ့ပါတယ်။ 



အခုနောက်ပိုင်းမှာ တန်ဖိုးကြီး Luxury ဖက်ရှင်ကုမ္ပဏီတွေဟာ နည်းပညာကုမ္ပဏီတွေနဲ့ ပေါင်းပြီး Branded ဒီဂျစ်တယ်အဝတ်အစားတွေ ဖန်တီးလာနေတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်ကပဲ Fortnite ဟာ Balenciaga အမှတ်တံဆိပ် Hoodie တွေကို ဂိမ်းအတွင်းဇာတ်ကောင်အတွက် ဝတ်စုံအဖြစ် Balenciaga Skins ဆိုပြီး မိတ်ဆက်ခဲ့သလို Roblox ထဲမှာလည်း ဂိမ်းကစားသူတွေဟာ Gucci အမှတ်တံဆိပ်နဲ့ Virtual Store တစ်ခု ပါတဲ့ Gucci Town ကို သွားလည်နိုင်အောင် ဖန်တီးထားပါတယ်။ 

မတ်ခ်ဇူကာဘက် ပြောသလိုမျိုး ဒီဂျစ်တယ်ပစ္စည်းတွေဟာ ဖန်တီးမှုအခြေပြုစီးပွားရေးအတွက် အင်အားကြီးတစ်ခု ဖြစ်လာနိုင်မလား စောင့်ကြည့်ရမှာပါ။ 

Share

Loading Next Article...
က္က