စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဘန်ဇီမာရဲ့ ဟက်ထရစ်နဲ့ ရီးရဲလ်တို့ဂိုးပြတ်နိုင်ခဲ့တာပါ။

ဘန်ဇီမာမှော်ဝင်ခဲ့ပြီး ချဲလ်ဆီးအတွက်တော့ အိမ်ကွင်းမှာတင် မရှုမလှခံလိုက်ရတဲ့ပွဲလို့ဆိုရမှာပါ။ ချဲလ်ဆီးက မန်ဒီ၊ သီယာဂိုဆေးလ်ဗား၊ ရူဒီဂါ၊ ခရစ္စတန်ဆန်၊ ရီစီဂျိမ်းစ်၊ အက်ဇ်ပီလီကွီတာ၊ ကန်တေ၊ ဂျော်ဂျင်ဟို၊ မေဆင်မောင့်၊ ပူလီဆစ်၊ ဟာဗက်ဇ်တို့ ပွဲထွက်ခဲ့ပါတယ်။



ရီးရဲလ်မက်ဒရစ်က ကော်တိုအာ၊ ကာဗာဟယ်လ်၊ မီလီတာအို၊ အလာဘာ၊ ဖာလန်မန်ဒီ၊ ဗယ်လ်ဗာဒီ၊ ကက်စ်မဲရိုး၊ တိုနီကရူးစ်၊ မိုဒရစ်၊ ဘန်ဇီမာ၊ ဗီနီရှပ်စ်တို့ ပွဲထွက်ခဲ့ပါတယ်။ ချဲလ်ဆီးက တိုက်စစ်ဆင်လာချိန်တွေမှာ ဗယ်လ်ဗာဒီက ညာနောက်ခံလူနေရာအထိကို ဆင်းပြီး ဗယ်လ်ဗာဒီကို ကူခဲ့ပါတယ်။

ချဲလ်ဆီးနောက်တန်းက ရီစီဂျိမ်းစ်၊ ခရစ္စတန်ဆန်၊ သီယာဂိုဆေးလ်ဗားတို့ ဗီနီရှပ်စ်ကြောင့် ဒုက္ခရောက်ခဲ့သလို ဘန်ဇီမာရဲ့ တလုံးဆိုတလုံး အဆုံးသတ်သေချာမှုတွေကြောင့်လည်း ချဲလ်ဆီးတို့ အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးခဲ့ရတာပါ။ အဖွင့်ဂိုးကို ဗီနီရှပ်စ်ပြေးလမ်းကြောင်းထဲကို ဘောလုံးချပေးခဲ့တဲ့ ဘန်ဇီမာက ဗီနီရှပ်စ်ဆီက ဖြတ်တင်ဘောကိုပဲ လှလှပပခေါင်းတိုက် အဆုံးသတ်ခဲ့ပါတယ်။

နောက်တမိနစ်အကြာမှာပဲ မိုဒရစ်ရဲ့ ပေးပို့မှုကနေတဆင့် ဘန်ဇီမာက မန်ဒီရဲ့ အဝေးထောင့်ထဲကို ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ ဒီပွဲမှာ ရီးရဲလ်က ခံစစ်ကို ဂရုတစိုက်ကစားခဲ့ပြီး တန်ပြန်တိုက်စစ်ကနေပဲ ကောင်းကောင်းပြန်လည်ခြိမ်းခြောက်ခဲ့ပါတယ်။

ချဲလ်ဆီးအတွက် ချေပဂိုးကိုတော့ ဟာဗက်ဇ်က ဂျော်ဂျင်ဟိုရဲ့ပေးပို့မှုကတဆင့် ခေါင်းတိုက်သွင်းယူခဲ့တာကြောင့် ချဲလ်ဆီးတို့ မျှော်လင့်ချက် ပြန်လည်ရှင်သန်လာခဲ့ပါတယ်။ ဘန်ဇီမာ၊ ဗီနီရှပ်စ်တို့ရဲ့ အပိုင်အခွင့်အရေးတွေလည်း ဂိုးမဖြစ်ခဲ့တာကြောင့် ဒီရလဒ်နဲ့ပဲ ပထမပိုင်းပြီးခဲ့ပြီး ဒုတိယပိုင်းစစချင်းမှာတော့ ချဲလ်ဆီးတို့ ကံဆိုးမိုးမှောင်ထပ်ကျခဲ့ရပါတယ်။

မန်ဒီရဲ့ပေါ့ဆမှုကတဆင့် ဘန်ဇီမာက ဂိုးသမားမရှိတဲ့ ဂိုးပေါက်ထဲကို လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းပြီး သူ့အတွက် ဟက်ထရစ်လည်းဖြစ်၊ ရီးရဲလ်အတွက်လည်း တတိယမြောက်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ ချဲလ်ဆီးက ချေပဂိုးတွေရရှိဖို့ ဖိအားပေးကစားခဲ့ပေမယ့် ကော်တိုအာလက်စွမ်းပြခဲ့သလို ရီးရဲလ်နောက်တန်းကလည်း အမှားအယွင်းမရှိခဲ့ပါဘူး။

ရီးရဲလ်နောက်တန်းက မီလီတာအို ဒဏ်ရာပြဿနာနဲ့ရင်ဆိုင်ခဲ့ရတာက ရီးရဲလ်အတွက် နစ်နာခဲ့ရပြီး ချဲလ်ဆီးကလည်း ဇီယက်ချ်၊ ကိုဗာဆစ်၊ လူကာကူ၊ လော့ဖ်တပ်ချိခ်တို့ ဝင်ကစားခဲ့ပါတယ်။ ရီးရဲလ်ကလည်း ဂါရတ်ဘေးလ်နဲ့စီဘယ်လို့စ်တို့ ဝင်ကစားခဲ့ပေမယ့် သွင်းဂိုးတွေထပ်မံမမြင်တွေ့ခဲ့ရပါဘူး။ ရီးရဲလ်ကတော့ အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရရှိခဲ့တာကြောင့် ဆီမီးဖိုင်နယ်ကို ခြေတဖက်လှမ်းနိုင်ခဲ့ပြီး ချဲလ်ဆီးကတော့ ဘာနေဗျူးမှာ မထင်မှတ်ထားတာတွေ လုပ်ပြနိုင်ဖို့ပဲ မျှော်လင့်ရတော့မှာပါ။ 

Share

က္က