အလန်းစားသွင်းဂိုးတဂိုးကို ကော်တင်ဟိုက သွင်းယူခဲ့တာပါ။

ဒီကနေ့ မနက်အစောပိုင်းက ကစားခဲ့တဲ့ ဘရာဇီးနဲ့ပါရာဂွေးတို့ရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေရိကဇုန်ပွဲစဥ်မှာ ဘရာဇီးက လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဘရာဇီးဟာ ကာတာကမ္ဘာ့ဖလား သွားရောက်ခွင့် လက်မှတ်ကို ရရှိပြီးဖြစ်ပေမယ့် အသင်းမှာလိုအပ်တဲ့ အပြောင်းအလဲအချို့နဲ့အတူ အာရုံစိုက်ကစားနေဆဲဖြစ်ပါတယ်။



ဒီကနေ့မနက်အစောပိုင်း ပွဲစဥ်မှာလည်း အခုလို ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပြီး ကော်တင်ဟိုကလည်း တချိန်က သူ့ရဲ့ပုံစံအတိုင်း အဝေးကန်ချက်နဲ့ လှပတဲ့သွင်းဂိုးတဂိုးကို သွင်းယူသွားခဲ့ပါတယ်။ ဒီပွဲမှာ ဘရာဇီးအတွက် အဖွင့်ဂိုးကို လိဒ်စ် ကစားသမား ရာဖင်ဟာက သွင်းယူခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ကော်တင်ဟိုက ပွဲကစားချိန် (၆၁) မိနစ်မှာ နောက်ခံလူ မာကွင်ဟို့စ်ပေးတာကတဆင့် ဘရာဇီးအတွက် ဒုတိယမြောက်ဂိုးကို ဧရိယာအပြင်ဘက်ကနေ သူ့ရဲ့ အရင်သွင်းနေကျပုံစံအတိုင်း လှလှပပကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ဒီဂိုးမှာတော့ ပါရာဂွေးဂိုးသမား အန်တိုနီဆေးလ်ဗား ဘယ်လိုမှမကာကွယ်နိုင်ခဲ့ဘဲ ကန်ချက်ကလည်း တော်တော်လေးကို ကောင်းမွန်ခဲ့တာကို ပရိသတ်တွေ ပါးစပ်အဟောင်းသားမြင်တွေ့ခဲ့ရပါတယ်။

ကော်တင်ဟိုဟာ (၂၀၂၀) အောက်တိုဘာမှာ ပီရူးနဲ့ ကစားခဲ့တဲ့ပွဲနောက်ပိုင်း ကော်တင်ဟိုတယောက် ဒဏ်ရာပြဿနာတွေ ရုန်းကန်ခဲ့ရပြီး ကလပ်မှာလည်း ပုံမှန်ခြေစွမ်း ပျောက်ဆုံးခဲ့ရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာတော့ ကော်တင်ဟိုကို ဂျရတ်ကိုင်တွယ်နေတဲ့ အက်စတွန်ဗီလာက အငှားနဲ့ ခေါ်ယူခဲ့ပါတယ်။

ကော်တင်ဟိုဟာ အက်စတွန်ဗီလာအတွက် ပထမဆုံး ဝင်ကစားခွင့်ရခဲ့တဲ့ ယူနိုက်တက်နဲ့ပွဲမှာတင် တဂိုးဖန်တီး၊ တဂိုးသွင်းယူပေးကာ အကောင်းဆုံး ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့တပတ်က အီကွေဒေါနဲ့ ကစားခဲ့တဲ့ ပွဲမှာလည်း ကော်တင်ဟိုတယောက် ပါဝင်ကစားခွင့်ရခဲ့သေးပေမယ့် အီမာဆင်ရွိုင်ရယ် အနီကတ်ထိခဲ့တာကြောင့် ကော်တင်ဟိုကို ပွဲကစားချိန် (၃၃) မိနစ်မှာတင် နောက်ခံလူ ဒန်နီအဲလ်ဗက်စ်နဲ့ လူစားလဲခဲ့ရပါတယ်။ 

Share

က္က