ဝေဖန်သူတွေကို ရော်နယ်ဒို တယောက် တုံ့ပြန်ခဲ့တာပါ။

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ သူ့အပေါ် ဝေဖန်ပြစ်တင်မှုတွေ အများအပြားရှိနေပေမယ့် ဒီအပေါ်မှာ ပြတ်ပြတ်သားသား တုံ့ပြန်လိုက်ပြီး လက်ရှိခြေစွမ်းနဲ့ ပတ်သက်လို့ အရမ်းပျော်ရွှင်နေတယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက်မှာ (၆) ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့သေးပြီး သူ့ရဲ့အကောင်းဆုံးအချိန်တွေ ကျော်လွန်သွားပြီလို့ သုံးသပ်သူတွေရှိခဲ့ပါတယ်။



အသက် (၃၇) နှစ်အရွယ် ဒီကစားသမားဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ (၈) ပွဲမှာတော့ (၁) ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ယူနိုက်တက် ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့ရတဲ့အခါတိုင်း ရော်နယ်ဒိုက အဓိက ပြစ်တင်ဝေဖန်ခံခဲ့ရပြီး သူ့ရဲ့ခြေစွမ်းပိုင်းအပြင် အချက်အလက်ပိုင်းကပါ ဝေဖန်ချင်စရာဖြစ်နေပါတယ်။

ဒါပေမယ့် ရော်နယ်ဒိုကတော့ “အချက်အလက်တွေက အချက်အလက်တွေပါပဲ။ ကျန်တာ ဘာမှမဟုတ်ပါဘူး။ ဒါတွေက အကုန်လုံးအတွက် အရေးကြီးတဲ့အရာလည်း မဟုတ်ပါဘူး။ အဲ့ဒီတော့ ကျနော့်ရဲ့ ခြေစွမ်းနဲ့ ပတ်သက်လို့ ကျနော် အရမ်းကို ပျော်ရွှင်နေပါတယ်”

“ကျနော် ဂိုးတွေသွင်းနိုင်သေးတယ်၊ ယူနိုက်တက်မှာရော၊ ပေါ်တူဂီလက်ရွေးစင်အသင်းမှာရော အကူအညီတွေ ပေးနိုင်သေးတယ်၊ အဲ့ဒါကြောင့်လည်း ကျနော် ရှေ့ဆက်ကစားချင်သေးတာပေါ့။ အသက် (၁၈) နှစ်အရွယ်တည်းက ကျနော်က ထိပ်တန်းအဆင့်မှာ စကစားခဲ့တာပါ”

“ကျနော် ဒီလိုထိပ်တန်းအဆင့်မျိုးမှာ (၁၅) နှစ် (၁၆) နှစ်လောက် ရပ်တည်ကစားခဲ့ပြီးပါပြီ။ ဒါ ကျနော့်ရည်မှန်းချက်၊ စိတ်အားထက်သန်မှုတွေနဲ့ အချိန်တိုင်း အလုပ်ကြိုးစားနေဆဲဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ခြေစွမ်းအရ၊ ဆုဖလားအရ၊ သွင်းဂိုးနဲ့ စံချိန်မှတ်တမ်းတွေအရ ကျနော်က ထိပ်တန်းအဆင့်မှာ ဆက်လက်ရပ်တည်လိုပါတယ်” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။ 

Share

က္က