ရီးရဲလ်မက်ဒရစ်ဂိုးသမားကော်တွိုက်စ်ကတေ့ာ မဟာပြိုင်ဘက်ကြီး ဘာစီလိုနာကို ရည်ရွယ်ကာ ဥရောပပွဲတွေ မကန်ရဘူးလို့ လှောင်ပြောင်သရော်လိုက်ပါတယ်။ ကာဒစ်ဇ်ကို ၂-၀ နဲ့ ရီးရဲလ်က အနိုင်ရရှိခဲ့တဲ့ စပိန်လာလီဂါပွဲအပြိးမှာ ပြောဆိုခဲ့တာဖြစ်ပြီး သူ့ရဲ့ ပြောဆိုမှုက ဘာကာအတွက်တော့ ဒေါသူပုန်ထစရာကောင်းခဲ့ပါတယ်။
လာလီဂါမှာ ရီးရဲလ်က ဘာကာနဲ့ အမှတ်အများကြီးကွာဟနေပေမယ့် ကိုပါဒယ်ရေးဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့သလို ချန်ပီယံလိဂ်မှာလည်း ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ဖို့ အခြေအနေက ကောင်းနေတာပါ။ ဒါကြောင့် ရီးရဲလ်က ကြားရက်တွေမှာပါ ပွဲတွေကစားနေရပြီး ဒီအပေါ်မှာ ကော်တွိုက်စ်က ပြိုင်ဘက်ကို ထိုးနှက်ခဲ့တာလည်းဖြစ်ပါတယ်။
"ဘာစီလိုနာနဲ့ ရမှတ်တွေအများကြီးကွာဟနေတာမှန်ပါတယ်၊ ဒါပေမယ့် ကျနော်တို့ ကိုပါဒယ်ရေးဗိုလ်လုပွဲကစားရဖို့ ရှိနေသလို ဒီတပတ်မှာပဲ နောက်တပွဲထပ်ကစားရပါဦးမယ် (ချယ်လ်ဆီးနဲ့ ချန်ပီယံလိဂ်ကွာတားဒုတိယအကျော့)၊ တချို့တွေဆိုရင် စနေ၊ တနင်္ဂနွေနေ့တွေပဲ ဘောလုံးကန်နေရတာပါ" လို့ ရယ်မောကာ ကော်တွိုက်စ်က ပြောဆိုသွားခဲ့ပါတယ်။
ဘာစီလိုနာကတော့ ချန်ပီယံလိဂ်မှာ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရပြီး ယူရိုပါလိဂ်ကို ရောက်ခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်ရဲ့ ဖြုတ်ချခြင်းကို ခံခဲ့ရပါတယ်။ ဒါကြောင့် ပြည်တွင်းပွဲတွေသာ ကစားရဖို့ရှိနေပြီး ကိုပါဒယ်ရေးမှာလည်း ရီးရဲလ်ကို အရေးနိမ့်ခဲ့လို့ လက်ရှိမှာ လာလီဂါပွဲတွေပဲ ကစားရပြီး ရာသီအဆုံးသတ်ရဖို့ ရှိနေပါတယ်။